>Mar Mar Aye – 291

> “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၉၁)


အဆိုတော်၊ သရုပ်ဆောင် ဇော်ဝမ်း

မာမာအေး
အောက်တိုဘာ၂၅၊ ၂ဝဝ၉


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ဟိုတလောက အမေလို နေခဲ့တဲ့ ဘဝတူ အဆိုတော်ကြီး မေလှမြိုင် အကြောင်းတွေ ပြောပြရင်း အဟောင်းက အသစ် ဖြစ်တယ် ဆိုတာမျိုး ခံစားရပါတယ်ရှင်၊ တကယ်တော့ ပျော်စရာလေးတွေကိုချည်းဘဲ သတိရချင်ပါတော့တယ်လေ။ ဘဝက ပမ်းလျတာတွေ များနေပြီ ချစ်ဆွေတို့ရဲ့။ ဘုရားရိပ် တရားရိပ် သံဃာတော်မြတ်တို့အရိပ် အောက်မှာ ခိုနားရင်း ပြည်သူ့ မေတ္တာ မပျောက်လို့သာ ခံနိုင်ရည်ရှိနေတာ အမှန်ပါရှင်။

ကိုယ့်လူဟောင်းတွေ အကြောင်း ပြောမိတာ ရင်မောစရာတွေ ဖြစ်နေလို့ ကြည်လင်သန့်ရှင်း ရေလွှာ သင်ဖြူး ခင်းတဲ့ တော်သလင်းလ အကြောင်း ပြောဦးမယ်လို့ ရည်ရွယ်ပါမှ၊ မောင်ငယ် မျောက်ကလေး – လူ့ဘဝက ထွက်တယ် အဝေး ဆိုတာကြောင့် ရင်ထဲနာလည်း ပြောရပါဦးမယ်။ ချစ်ဆွေတို့လဲ ကြားပြီးရောပေါ့၊ မောင်ဇော်ဝမ်း တယောက် – မရှိရှာတော့ဘူးတဲ့ ရှင့်။ မာအေး အင်တာနက်သတင်းမှာ တွေ့လိုက်ရတယ်။ နေမယ်ဆို နေနိုင်သေးတာဘဲ၊ ခြောက်ဆယ်ကျော်ပြီး လေးနှစ်ဝင်သေးတာ ဆိုတော့ မာအေးထက် သုံးနှစ်လောက် ငယ်တာပေါ့။

မာအေးကတော့ မောင်ဇော်ဝမ်းဟာ ဗမာသံ ပီပီသသ စိတ်ပါလက်ပါ ကိုယ့်အနားမှာ လာဆိုပြနေသလို သူ့ရဲ့ အသံမှာ ပေါ်နေအောင် ဆိုတတ်တဲ့ ရှားရှားပါးပါး အဆိုတော်မျိုးဖြစ်လို့ အလွန်ကို နှမျောတသ လွမ်းရပါတယ်ရှင်။

မောင်ဇော်ဝမ်းဟာ ရှုမဝ ဦးကျော် လက်ထွက် ရုပ်ရှင်မင်းသားတလက်ပါ။ စာပေနယ်မှာ စေ့စပ်သေချာ စာရေးဆရာပေါင်း များစွာကို စင်တင်ချီးမြှောက် နေရာပေးတတ်သလို ရုပ်ရှင်နယ်ကို ကူးရောက်လာတော့လည်း ရဲရဲကြီး မင်းသမီးအသစ်၊ မင်းသားအသစ်၊ ရုပ်ရှင်သရုပ်ဆောင် အသစ်တွေ မွေးထုတ်နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဇော်ဝမ်းကို ‘စေလိုရာစေ’ ဇာတ်ကားမှာ လူငယ် ရုပ်ကလေးနဲ့ လူငယ်ပညာပေး ဇာတ်လမ်းဆင် ရိုက်ပေးလိုက်တာပါ။ လူငယ် တယောက်ရဲ့ ရိုးရိုးသားသား သရုပ်ဆောင်ချက် သဘာဝမှာ ‘ကျောက်ခဲ’ သီချင်းလေး ကလဲ အထောက်အမ ဖြစ်ပါတယ်။ ဒီဇာတ်ကား ပြသနေချိန်မှာ ကျိုက္ကစံကွင်းပြည့် ပွဲခင်းချိန်နဲ့ ကြုံတာမို့ မင်းသားသစ်ကလေး ဇော်ဝမ်းဟာ မာအေးတို့ ဂီတကောင်စီရဲ့ ဂီတပဒေသာကပွဲမှာ ညတိုင်း ‘ကျောက်ခဲ’ သီချင်းတပုဒ် ဆိုခွင့် ရပြီး၊ ကြော်ငြာရသလို ကံကောင်းခဲ့တာပေါ့ရှင်။

xxxx မင်းရည်မှန်းသူက စိန်ခဲ မြခဲ ကိုယ့်မှာက လမ်းခင်းတဲ့ ကျောက်ခဲ၊ မြခဲ စိန်ခဲက တောက်ပတယ် ကြေးတိုက်တယ်၊ လမ်းခင်းတဲ့ ကျောက်ခဲကတော့ သွေးရောင်မပြောင်မွဲ၊ တန်ဖိုးမှာလဲနည်း xxxx (ကျောက်ခဲ)

‘ကျောက်ခဲ’ တို့ ‘စေလိုရာစေ’ တို့တွေနဲ့ သီချင်း အဆိုဖက်ကလဲ အဆင်ပြေ၊ သွက်သွက် လက်လက် ပြုံးပြုံးရွှင်ရွှင် ကလေးရုပ် မပျောက်တဲ့ မျက်နှာပေးနဲ့ ဇော်ဝမ်းလေးဟာ ရှေးရှေးက မင်းသားတွေ အဆက်ဆက်ကလိုဘဲ ကြုံရရှာတော့မှာပေါ့ရှင်။ မာအေးပြောခဲ့ပါပြီကော၊ ဒီနယ်က စီးပွားကြည့် အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ သူ့အကြိုက်ကို ဆောင်ပြီး အိတ်ထဲထည့်၊ ဆရာမွေး၊ တပည့်မွေး လုပ်တာတွေ ရှိတဲ့ အကြောင်းလေ။ ဒီလူဟာ မိန်းမကြိုက်တတ်သလား အဟား – ရမယ် – ၊ အရက်ကြိုက်သလား ဆိုလဲ အမြည်းပါ အဆင်သင့်ပေါ့၊ ဖဲရိုက်တဲ့ ဝါသနာရှိရင် လူရှာပြီး ဝိုင်းဆင်ပေးထားမှာ။ အားလုံး ဖန်ဆင်းထားသလို ဖြစ်စေရမယ်ချည်းဘဲကိုး။ ဇော်ဝမ်းတို့ တက်တဲ့ခေတ်က နံပါတ်ဖိုးခေတ်၊ ဘိန်းဖြူခေတ်၊ ငွေလဲ ပိုကုန်တဲ့အပြင်၊ ဥပဒေနဲ့ အရေးယူခံရဘို့ ကလဲ ရှိသေးတော့ ဇော်ဝမ်းလဲ ပုန်းလျှိုးကွယ်လျှိုး မသိမသာ ဖြူ့နောက်ကပါ ဖြစ်နေတဲ့ တချိန်မှာ သူသုံးတဲ့ ပစ္စည်း ကိရိယာလေးတွေကို တာဝန်ရှိသူတွေက သိမ်းဆည်း ထားတယ် ဆိုတဲ့ သတင်းလောက်နဲ့ ငြိမ်နေတာကို လျှာခလုပ်တိုက်ပြီး သတင်း ထုတ်ပါတယ်။ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုတာလိုပေါ့ရှင်။ ကိုယ်က မဟုတ်ပါဘူးလို့ ဆိုတော့ တဖက်ဟုတ်ပါတယ် ဆိုတာကို သက်သေနဲ့ တင်ပြရတော့ go to jail ဖြစ်တော့တာဘဲ။ ဒီနေ့ခေတ်မှာလဲ ဒီအဖြစ်မျိုး တွေရှိနေတုန်းလို့ ကြားနေရလို့ ရင်တမမ ပေါ့လေ။ မာအေးတို့က လူငယ် လူသစ်တွေကို သင်ခန်းစာ ယူရစ်စေချင်ပြီ။ ရှင်နည်းရာ အဂ္ဂလူထွက် အသက်နဲ့ရင်းပြီး မပျော်လိုက်ကြပါနဲ့ လို့ တောင်းပန်ချင်တော့တာပါဘဲ။

အခုဇော်ဝမ်းကို ကြည့်၊ မိဘဆွေမျိုးကလည်း မန္တလေးမှာ ဂုဏ်သရေရှိတွေပါ။ ဒီအပျော်ကြူးမှုလေးကြောင့် အထဲဝင်သွားတော့ အနုပညာခန်းပြတ်သွားတယ် လို့ပြောရပါမယ်ရှင်။ ပြန်ထွက်လာတော့ သူဘယ်လောက် ကြိုးစား ကြိုးစား သူ့နေရာ သူ ပြန်မရရှာတော့တာ အမှန်ပါ။ အောင်မြင်ဖူးတဲ့ဘဝ ပြန်မရတဲ့အခါ လူတယောက်ဟာ မအောင်မြင်ဖူးသေးတဲ့ လူတယောက်ထက် ပိုပြီး ကြိုးစားရစမြဲပါ။ ကြိုးစားပြီး ထပ်မအောင်မြင်လို့ရှိရင် စိတ်ဒဏ်ရာ ပိုရမှာပေါ့။ ဘယ်ဟာ ပျော်စရာလဲ ရှာတော့မှာဘဲ။ အဲဒါတွေ ကုန်ပြီလို့ ထင်ရင် သူအရင် နှုတ်ဆက်သွားဘို့ရာ သေချာတယ်။ သူမဆိုးပါဘူး။ ပျော်တတ်လွန်းတဲ့ လူတယောက်ပါ။ အစအနောက် သန်လွန်းလို့ ဒီမောင်ကလေး နောင် မစအောင် နရင်း တချက်တော့ အုပ်ထည့်လိုက်ဖူးလို့ အပိုးကျိုးသွားကာမှ ဒုက္ခတွေ သူတွေ့ရတော့ စိတ်မကောင်းခဲ့ရဘူး။ သူ့ကို မာအေးက မျောက်ကလေးလို့ဘဲ ချစ်စနိုး ခေါ်ခဲ့ပါတယ်။ အတူ အသံသွင်းတဲ့အခါ မိုက်ကရိုဖုန်းက တလုံးတည်း ဆိုရတာ။ သူ့ဆိုလှည့်မရောက် မချင်း တီးဝိုင်းသားတွေ လိုက်နောက်နေတတ်လို့ မျောက်ရှုံးလွန်းလို့ပါဘဲ။ ခုတော့ ငြိမ်သက်သွားခဲ့ပြီ။ မာအေးတော့ သူ့ အသံလေး နားထောင်ရင်း အတူ အသံသွင်းခဲ့တာတွေကို သတိရနေ မြင်နေတော့မှာပါဘဲလေ။ ကောင်းတဲ့ဘ၀ ရောက်ပါစေလို့ ဆုတောင်းပါတယ်။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts