>Moe Sel Nay – Summer Li Li Poem

>

သစ္စာပန်းတွေ ပွင့်မဲ့နွေ

မိုးစဲနေ

အောက်တိုဘာ ၂၂၊ ၂၀၀၉

လူကြမ်းက လူကြမ်းပီသဖို့
ဝံပုလွေမျက်လုံးတွေ တပ်
ဇာတ်ဝင်ခန်းမှာ
မင်းသမီး ကြောက်လေလေ …
ဇာတ်လိုက် အစွမ်း ထက်လေလေ …
လူဆိုး နာလေလေ …
ပုရိသတ် လက်ခုပ်တီးလေလေ …
တရားဥပဒေက ဇာတ်သိမ်းခန်း
ပွဲအပြီးမှာ ရောက်ရောက် လာတယ်။

ကျနော့်ကို ကိုယ်ရည်သွေးတီးလုံးတွေနဲ့
လာလာ မခြောက်နဲ့
လူကြီးလူကောင်းတွေ စကားက
အဘိဓမ္မာ ဆန်ပြီး
အပေါစားရေမွှေးနံ့ ထွက်တယ်။
ဒေါက်တာချေဂွေဗားရား ရုပ်ပုံကို
သူတို့ရင်ဘတ်မှာ တက်တူး ထိုးခဲ့ကြသေးတယ်။
လောကနီတိကို လူထူထူမှာ
အော်ကျယ်အော်ကျယ် ဖတ်ကြတယ်။

ရှင်သန်ခြင်းမှာ
“လူဟာ လူလောက်ပဲ မှန်ခဲ့ပြီး
လူဟာ လူလိုပဲ မှားခဲ့တယ်”*

သစ္စာပန်းတွေပွင့်မဲ့ နွေခေါင်ခေါင်မှာ
ချော်လဲရင်း ရောထိုင်ဖို့တော့
ရင်နဲ့ ပျိုးခဲ့ကြတာ မဟုတ်။

တချို့သူတွေကို ခင်းကျင်းပြသဖို့ရာ
ကျနော့်မှာ လွမ်းဆွတ်မှုတွေ ပါမလာခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ်
ကျနော့် ညနေခင်းလေးနဲ့
ခင်ဗျားရဲ့ နံနက်ခင်းလေးကို
ကြိုဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၉။ နံနက်ခင်း ၃း ၄၄ ၂၀၀၉ခုနှစ်
*ကဗျာဆရာ မိုးမြင့်ချို စကားလုံး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts