>Yangon Street Journalist – OCT 3rnd Weekly News

>

ရန်ကုန်ရှုခင်း – အောက်တိုဘာ တတိယပတ်

လမ်းလျှောက်ဂျာနယ်လစ် ရန်ကုန်

အောက်တိုဘာ ၂၁၊ ၂၀၀၉

ကလပ်တွေက သောင်းပြောင်းထွေလာ၊ ဘောလုံးကလပ်ပြီးတော့ နိုက်ကလပ်၊ ဒေးကလပ် ပြီးတော့ အစွဲကြီးသူတွေရဲ့ ယူနိုက်တက်မဖြစ်တဲ့ ဘောလုံးများ

နိုက်ကလပ်၊ ဒေးကလပ် နှင့်မြန်မာပြည်

မြန်မာပြည်မှာ ဘယ်တုန်းက နိုက်ကလပ်တွေ၊ ဒေးကလပ်တွေ ရှိတယ်လို့ ကြားဖူးပါသလဲ။ ပိတ်တဲ့သတင်းကြားမှပဲ ရှိတယ်ဆိုတာကို သိရပါတော့တယ်။ မြန်မာပြည်ရဲ့ စာပေစိစစ်ရေးမူ ဆိုတာ ဖြစ်တည်ရှိခြင်းကို အသိအမှတ်မပြုပဲ ပျက်တဲ့အခါမှ အသိအမှတ်ပြုတဲ့ သဘောလားမသိပါ။

မကြာမီ ရက်ပိုင်းအတွင်းမှာ ပြည်ပ သတင်းဝက်ဆိုက်တွေမှာ ရန်ကုန်မြို့မှာ နိုက်ကလပ်တွေ ပိတ်တယ်၊ ဒေးကလပ်တွေ ပိတ်တယ်၊ ဆိုတဲ့ သတင်းတွေ ပါရှိပြီးနောက် ပြည်တွင်းဂျာနယ် နှစ်စောင်မှာလည်း နိုက်ကလပ်တွေ၊ ဒေးကလပ်တွေ အကြောင်းဖေါ်ပြခဲ့ကြပါတယ်။

ဝီကလီး အလဲဗင်း ဂျာနယ်က ဒေးကလပ်တွေ အကြောင်း ပထမဆုံး ဖေါ်ပြခွင့်ရပြီးနောက် ဆဲဗင်းဒေးဂျာနယ်မှာ မန္တလေး မှာ နိုက်ကလပ် ပိတ်ခံရတဲ့ အကြောင်းဖေါ်ပြခွင့်ရတာ တွေ့ရပါတယ်။ နိုက်ကလပ်တွေကို နိုင်ငံခြားသား ဧည့်သည်များအတွက်ရည်ရွယ် ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူရဲမှူးတွေက ပြောဆိုတယ်လို့ ဖေါ်ပြပါရှိပါတယ်။

နိုက်ကလပ်တွေဟာ မြန်မာနိုင်ငံမှာ လူအများစုကြီးရဲ့ ပြဿနာမဟုတ်ပါဘူး၊ လူလတ်တန်းစားထဲမှာတောင်မှ အထက်လွှာလောက်သာ နိုက်ကလပ်တို့ ဒေးကလပ်တို့ကို သွားနိုင်ကြတာပါ။ နိုင်ငံခြားသား ဧည့်သည်တွေ၊ စီးပွားရေး ၊ အလုပ်အကိုင်အကြောင်းတွေကြောင့် ရန်ကုန်မှာ ခေတ္တနေထိုင်လျက်ရှိတဲ့ နိုင်ငံခြားသားတွေလို အရေအတွက် အနည်းငယ်မျှသော သူတွေသာ ရန်ကုန်မြို့၊ မန္တလေးမြို့ရဲ့ နိုက်ကလပ်တွေကို သွားရောက်နိုင်ကြတာပါ။ ရန်ကုန်မြို့မှာ ကိုယ့်ဝမ်းစာကိုယ်ရှာစား နေရတဲ့သူတွေ၊ အထက်တန်း ပညာနဲ့ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေ အတွက် နိုက်ကလပ် ဒေးကလပ်ဆိုတဲ့ နေရာတွေကို သွားရောက်နိုင် လောက်အောင် ၀င်ငွေမရှိကြပါဘူး။

နိုက်ကလပ် သော်လည်းကောင်း ဒေးကလပ်သော်လည်းကောင်း တယောက်ကို အနည်းဆုံးဝင်ကြေး ၅ထောင်မှ ၈ထောင်၊ အထိပေးရတာပါတယ်။ နောက်ထပ် စားမယ့်သောက်မယ့် အဖိုးအခတွေနဲ့ဆိုရင် တယောက်ကို အနည်းဆုံး ၁သောင်းလောက် မသုံးနိုင်ရင် သွားဖို့ မလွယ်ပါဘူး။ အဲဒီလိုနေရာမျိုးကို လခ တလကို ၅သောင်းမှ အများဆုံး ၁သိန်းရတဲ့သူတွေ အနေနဲ့ မကပ်နိုင်ကြပါဘူး။ နိုက်ကလပ်အရေးဟာ လူအများစုရဲ့ အရေးပြဿနာမဟုတ်သလို လူငယ်ထု တရပ်လုံးအတွက် စိုးရိမ်စရာ ပြဿနာမဟုတ်ပါဘူး။

ယခုတလောမှာ အဆိုပါ နိုက်ကလပ်တွေ ပိတ်ခိုင်းတာဟာလည်း နအဖ အစိုးရက လူငယ်တွေ လမ်းမှားရောက်မှာ စိုးလို့၊ ဥပဒေနဲ့ မညီပဲ ဖွင့်ထားတာကြောင့် ပိတ်သိမ်းခိုင်းတဲ့ သဘောမဟုတ်ပါဘူး။ မကြာမီက ဖြစ်ပျက်ခဲ့တဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ၀င်းနိုင်ကိစ္စကနေ ဆက်နွယ်လာပြီး ညောင်မြစ်တူး ရာမှ ပုတ်သင်ဥပေါ်တဲ့ အဖြစ်အပျက်ကြောင့် ယာသီပိတ်သိမ်းရမယ့် သဘောပါ။ ရန်ကုန်နဲ့ မန္တလေးမှာ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ရဲတွေရော၊ စရဖတွေရော စသုံးလုံးတွေပါ မသိရှိပဲမနေပါဘူး။ အနှိပ်ခန်းတွေ၊ ကာရာအိုကေ ခန်းတွေ၊ နိုက်ကလပ်တွေဟာ ရဲတွေထောက်လှမ်းရေး တွေအတွက် ရိက္ခာရရှိရာ နေရာတခုပါ။

လူငယ်ထုအတွက် အမှန်တကယ် ပြဿနာက ပညာရေး အဆင့်အတန်းနိမ့်ကျနေတာ၊ အမည်ခံသက်သက်သာ ဖြစ်ပြီး ဘာမှ တတ်ကျွမ်းအောင် သင်ကြားမပေးတဲ့ အဝေးသင် ပညာရေး၊ ဒိပြင် နေ့ကျောင်းတွေမှာလည်း ပညာရေး အဆင့်အတန်း နိမ့်ကျနေတဲ့ အဖြစ်က စောစောက နိုက်ကလပ်တွေထက် ပိုပြီး အရေးကြီးပါတယ်။ အဆိုပါ ပညာရေးအဆင့်အတန်း နိမ့်ကျနေမှုတွေက လူငယ်တွေရဲ့ အနာဂတ်ဘ၀နဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို စိုးရိမ်ဘွယ်ရာ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေမှာပါ။

ယနေ့မြန်မာပြည်မှာ ငွေကြေးတတ်နိုင်သူတွေရဲ့ သားသမီးတွေပဲ ပြည်ပနိုင်ငံတွေမှာ ပညာဆက်လက်သင်ကြား နိုင်ကြတာပါ။ ကျန်တဲ့ ၉၈၊ ၉၉ ရာခိုင်နှုန်းမျှသော လူငယ်ထုဟာ နအဖ အစိုးရက တီထွင်ဖန်တီးထားတဲ့ အခွံသာရှိတဲ့ ပညာရေးနဲ့ ဘွဲ့ရ၊ ပြင်ပသင်တန်းတွေ အထိုက်အလျောက်တက်ပြီး လက်တွေ့အလုပ်ခွင်ထဲကို ၀င်လုပ်နေကြရတာပါ။ အဲလိုမှမဟုတ်တဲ့ အခြေခံပညာ အဆင့်လောက်မှာပဲ သင်ယူပြီးစီးသူတွေကတော့ ပြည်ပနိုင်ငံတွေမှာ အောက်ခြေသိမ်းအလုပ်လုပ်ဖို့ အလုပ်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဆက်သွယ်ပြိး ထွက်ခွါလုပ်ကိုင်ကြရပါတယ်။

အဲဒီလို တိုင်းပြည်အတွက် အရေးကြီးတဲ့ အချက်တွေကို ရေးသားဖေါ်ပြနိုင်ခွင့်မရပဲ ရန်ကုန်နဲ့ မန္တလေးမှာ နိုက်ကလပ် တဒါဇင်လောက် ယာယီပိတ်လိုက်တဲ့ အဖြစ်ကို မြန်မာလူငယ်တွေ နောင်ရေးအတွက်၊ အကျင့်စာရိတ္တအတွက် ကောင်းမွန်သွားမယ့် အလားအလာလို့ ဖေါ်ပြမယ် ဆိုရင်တော့ မီဒီယာအနေနဲ့ တာဝန် မကျေရာကျပါလိမ့်မယ်။

မန္တလေး နဲ့ ဒေသစွဲ ရောဂါ

စစ်အစိုးရက လူထုအနေနဲ့ နိုင်ငံရေးစိတ်ဝင်စားမှု အာရုံကို အခြားတဖက်သို့ လွဲဖို့ရာ မြန်မာနေရှင်နယ်လိဂ်ဆိုပြီး ၂၀၀၉ ခုနှစ်အစမှာ ဖွဲ့စေကာ နိုင်ငံတော် သူဌေးကြီးများကို အသင်းတွေ ထူထောင် ခိုင်းခဲ့ပါတယ်။ နိုင်ငံတော် ကန်ထရိုက်တွေရယူထားသူ၊ နိုင်ငံတော် (ဒီနေရာမှာ ဆိုလိုတဲ့ နိုင်ငံတော် ဆိုတဲ့ စကားရပ်ဟာ စစ်အစိုးရခေါင်းဆောင် ၄၊ ၅ဦးရဲ့ မိသားစု အရေးကိုရည်ညွှန်းပါတယ် ) စီးပွားရေးကို လုပ်ကိုင်ပေးနေတဲ့ လိုင်စင်စီ လုပ်ငန်းရှင်ကြီး တွေရော ရေသန့်ဗူး ထုတ်လုပ်တဲ့ လုပ်ငန်းရှင်ကြီးတွေပါ သိန်း ၅ထောင် ၁သောင်းသုံးပြီး ဘောလုံး အသင်းတွေ မထောင်မဖြစ် ထောင်ကြရပါတယ်။

ဘောလုံး အသင်းထောင်ရာမှာ မြန်မာနိုင်ငံသားများ ချည်းပဲ မဟုတ်တော့ပဲ အာဖရိကနွယ်ဖွား၊ လက်တင်အမေရိက နွယ်ဖွား ဘောလုံးသမားတွေနဲ့ ဥရောပသား နည်းပြဆရာတွေ အထိငှားရမ်းပြီး မြန်မာ့ ဘောလုံး သမိုင်းမှာ ယခင်ကမရှိခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်လာပါတယ်။

အဲဒီလို အာဖရိကနွယ်ဖွားတွေ ပါဝင်ကစားတဲ့ အတွက်မန်မာနေရှင်နယ်လိဂ် အစား မြန်မာ အာဖရိကန်လိဂ် ဖလားပြိုင်ပွဲ လို့တောင် အချို့က နောက်ပြောင် ခေါ်ဆိုကြပါတယ်။ ဘောလုံးကို စိတ်ဝင်စားတဲ့ မြန်မာလူထုရဲ့ စိတ်နေသဘောထားကိုသိတဲ့ ဗိုလ်ချုပ်ကြီးတွေက အကြံဥာဏ်ထုတ်ပြီး တချက်ခုတ်နှစ်ချက်ပြတ် အနေနဲ့ ဘောလုံး နိုင်ငံရေးကျားကွက်ကို ရွှေ့ကြည့်တာပါ။

ရန်ကုန်မှ ရေသန့်ထုတ်လုပ်တဲ့ အယ်ပိုင်း လွယ်ဟိန်း ကုမ္ပဏီက ရတနာပုံ အမည်နဲ့ မန္တလေးတိုင်း ကိုယ်စားပြု အသင်းကို တည်ထောင်ပြီး စစ်အစိုးရရဲ့ အားအထားရဆုံး လက်ရုံးစီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇကတော့ ရန်ကုန်တိုင်းကိုယ်စားပြုတဲ့ ရန်ကုန်ယူနိုက်တက် အသင်းကိုတည်ထောင်ခဲ့ပါတယ်။ အခြားသော လုပ်ငန်းရှင်ကြီး အသီးသီးကလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ၊ ဧရာဝတီတိုင်း ပဲခူးတိုင်း၊ ရှမ်းပြည်နယ် ဆိုပြီး အသီးသီးတည်ထောင်စေခဲ့ပါတယ်။

အစပိုင်းမှာ ဘောလုံးပွဲ တွေမှာ ဒေသစွဲနဲ့ အားပေးတာများများစားစား မတွေ့ရသော်လည်းပဲ ပြီးခဲ့တဲ့ လကုန်မှာ မန္တလေး ဗထူးကွင်းမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံ အသင်းတို့ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ မန္တလေး မြို့ခံအချို့က ရန်ကုန်ယူနိုက်တက်ကို အားပေးသူတွေကို ရန်မူခဲ့ကြပါတယ်။ ပြိုင်ပွဲ အပြီးကွင်းထဲမှ မပေးထွက်ပဲ ပိတ်ဆို့ထားတာကြောင့် ည ၈နာရီဝန်းကျင်မှ ထွက်နိုင်ခဲ့တယ် လို့ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဆက်စပ်တဲ့ ကားတန်း၊ ရထားစသည်တို့ကို ခဲတွေနဲ့ ပစ်ပေါက်တဲ့ အဖြစ်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို ကြားသိရတဲ့ အခါ ရန်ကုန်မြို့ခံတွေက မန္တလေးသား အချို့ရဲ့ အသင်းစွဲ ကြီးပုံ၊ ဒေသစွဲ ကြီးမားလွန်းပုံ ကို ရှုတ်ချကြပါတယ်။ ရန်ကုန်သားတွေ အနေနဲ့ စစ်အစိုးရရဲ့ လက်ရုံး ထူးကုမ္ပဏီက တည်ထောင်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို လှိုက်လှိုက်လှဲလှဲ အားပေးတာမျိုး မရှိသော်လည်းပဲ မန္တလေးသားတွေကတော့ ရန်ကုန်က အယ်ပိုင်း ရေသန့်ပိုင်ရှင် က မန္တလေး နာမည်နဲ့ မွေးပေးလိုက်တဲ့ မွေးစားသား ရတနာပုံကို သားအရင်းလို ထင်မှတ်မှားပြီး အဖြစ်သဲနေလိုက်တာလို့ ဝေဘန်ကြပါတယ်။

ရန်ကုန်မြို့က သတင်းသွားယူတဲ့ သတင်းထောက်တွေက ပြောဆိုရာမှာ ခဲတွေ၊ တုတ်တွေ ပျံနေတဲ့ကြားကနေ လွတ်အောင်မနည်းရှောင်ခဲ့ရတဲ့ အကြောင်း၊ ရတနာပုံ အသင်းကိုအားပေးသူ အချို့ဟာ အလွန်ရိုင်းတာကို မြင်တွေ့ခဲ့ရတဲ့ အကြောင်း၊ ရတနာပုံက ၁ဂိုး နဲ့ နိုင်ပေမယ့် ဒိုင်လူကြီးဆုံးဖြတ်တာ မတရားဘူး ဆိုပြီး ရန်မူကြတာလို့ ဆိုပါတယ်။

အဲဒီ ရတနာပုံ အသင်းမှာ မန္တလေးမြို့သား ဘောလုံးသမား ဘယ်နှယောက်ပါဝင်ပြီး မန္တလေးမြို့သားတွေ ဘယ်လောက်ထိ စီမံခန့်ခွဲခွင့်ရှိပါသလဲ။ မန္တလေး တိုင်းကို ဘယ်လောက်ထိ ကိုယ်စားပြုပါသလဲဆိုတဲ့ မေးခွန်းတွေ မေးစရာရှိလာပါတယ်။ မန္တလေးနဲ့ ရန်ကုန်အကြား ဒေသစွဲ ပြင်းထန်ပြီး အားပေးတဲ့ အဖြစ်အပျက်ကို နအဖ အစိုးရကြားသိရရင် သူတို့ရည်ရွယ်ချက် အောင်မြင်တယ်လို့ ကောက်ချက်ချပါလိမ့်မယ်။

၂၀၀၉ ခုနှစ်ထဲမှာ မြန်မာနေရှင်နယ်လိဂ် ဒုတိယ အကျော့ ပွဲစဉ်တွေကို ကျင်းပရာမှာ ၂၀၀၇ ခုနှစ်က သံဃာ့အရေးအင်းတွေ ဖြစ်ပျက်ခဲ့တဲ့ စက်တင်ဘာလကိုမှ တမင်ရွေးချယ်ကျင်းပခဲ့တယ် ဆိုတာကိုလည်း သတိမပြုလို့ မဖြစ်ပါ။ စက်တင်ဘာလစကတည်းက ရန်ကုန်နဲ့ မန္တလေးမြို့နှစ်မြို့လုံးမှာ ပွဲစဉ်တွေကို ဆက်တိုက်ကျင်းပဖို့ရာ နအဖအစိုးရက ရည်ရွယ်ချက်ရှိစွာနဲ့ စီစဉ်ခဲ့တာပါ။

ရတနာပုံ အသင်းကို အားပေးတဲ့သူတွေဟာ ရန်ကုန်ကိုပြန်မယ့် ရန်ကုန်ယူနိုက်တက် အားပေးသူတွေစီးတဲ့ ကားတွေ ရထားတွေကို ခဲနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ ဒါကြောင့် ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေရဲ့ ကားတန်းကို လုံခြုံရေး အစောင့်အကြပ်နဲ့ နေပြည်တော် အထိပို့ဆောင်ပေးရတဲ့ အထိဖြစ်ခဲ့ပါတယ်။

ဘောလုံး အဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေဟာ နကိုကစီစဉ်ထားတဲ့ လာမယ့် ပွဲစဉ်တွေကို မန္တလေးမှာ မကျင်းပတော့ပဲ ရန်ကုန်ကို ပြောင်းရွှေ့ကျင်းပဖို့ စဉ်းစားခဲ့ကြတယ်လို့ ဘောလုံး အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့သူ တဦးကပြောပါတယ်။ သို့ပေမယ့် အဲဒီလို လုပ်ဆောင်လိုက်ရင် မန္တလေးမြို့မှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးအနေနဲ့ လုံခြုံရေး အားနည်းလို့၊ မပေးနိုင်လို့ ဖြစ်ရတာဆိုပြီး မျက်နှာမလှ ဖြစ်မှာမို့ အောက်တိုဘာလဆန်းမှာ ပွဲစဉ်တွေကို ဆက်လက်ကျင်းပခဲ့ပါတယ်။

ဘောလုံးနဲ့ နိုင်ငံရေးကို သုံးသပ်ကြည့်မယ် ဆိုလျင် နအဖ အစိုးရဟာ ပြည်သူလူထုတွေရဲ့ နိုင်ငံရေး မကြေနပ်မှု၊ စီးပွားရေး မကြေနပ်မှု ၊ပညာရေး မကျေနပ်မှု အစရှိတဲ့ လောင်စာတွေကို လမ်းမပေါ် ထွက်ပြီး တောင်းဆိုမှာ စိုးတာကြောင့် လောင်စာကို ဘောလုံးကွင်းထဲရွှေ့ပြောင်း လိုက်တာ ဖြစ်ပါတယ်။ လူထုကလည်း လမ်းပေါ်မှာ မကျေနပ်မှုကို ထုတ်ဖေါ်ခွင့် မရှိရင် အခြားထုတ်ဖေါ်ခွင့် ရှိတဲ့နေရာမှာ ပုံစံတမျိုးမျိုးနဲ့ ထုတ်ဖေါ်ကြမယ့် သဘောရှိပါတယ်။ ဒါကြောင့် လောင်စာရှိနေသရွှေ့ ဘောလုံးကွင်းတွေဟာ မကြာခဏ လောင်ကျွမ်းနိုင်၊ ပေါက်ကွဲနိုင်တဲ့နေရာ ဖြစ်နေဦးမှာပါ။

(ဓာတ်ပုံ မိုးမခ – သုဝဏ္ဏကွင်းက ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၊ ရန်ကုန်ယူနိုက်တက်ကို အားပေးသူ ပရိသတ်များ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts