>Mar Mar Aye – 289

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ်(၂၈၉)
အနုပညာသည် မေလှမြိုင်
မာမာအေး
အောက်တိုဘာ ၁၁၊ ၂ဝဝ၉


“ – – မေလှမြိုင် မိုးကောင်းနေစဉ်မှာ ‘အနုပညာသည် တယောက်၏ အမြင်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ပိုင်ဇာတ်လမ်းသဖွယ် ပြောရင် ကိုယ့်သီချင်းလေးတွေ လိုရာမှာ ထည့်ဆိုပြရတဲ့ အစီအစဉ်မျိုး ပြုလုပ် လွှင့်ပေးခဲ့ပါတယ် – – ”


သောတရှင်တို့ရေ ရှေ့တပါတ်က အဆိုတော်ကြီး မေလှမြိုင် သီဆို စည်းရုံးပေးခဲ့ရတဲ့ ‘အိုမောင်လေး၊ မောင်လေး’ သီချင်းလို့ ပရိသတ်က သိထားတဲ့ သီချင်းတပိုဒ် ဆိုပြလိုက်တုန်းမှာ နားခဲ့တယ်နော်။ ဒါလေးပြီး သွားအောင် ဆက်ပြီး ဆိုပြစမ်းပါလို့ တယောက်ယောက်က တောင်းဆိုလာရင် ဒုက္ခ။ အဆုံး အထိမရလို့ပေါ့ရှင်။

မာအေးတို့ ဂီတလောကမှာ နိုင်ငံ အစိုးရမင်းများ၊ ဌာနဆိုင်ရာ အာဏာပိုင်များ အလိုကျဖြစ်စေ၊ ဥပဒေများ ညွန်ကြားချက်များအရ ဖြစ်စေ၊ ဆက်သွယ် ရေးစပ် သီဆိုတဲ့ သီချင်းမျိုး ဆိုရင် ‘ပေါ်လစီသီချင်း’ လို့ ပြောစမှတ်ဆိုစမှတ် ရှိပါတယ်ရှင်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အထောက်အပံ့ပြုဘို့ ရေးလာ ဆိုလာတဲ့ ‘ပြန်လှည့်ပါတော့ မောင်လေးရယ်’ ဆိုတဲ့ သီချင်းဟာ ပေါ်လစီသီချင်း ထဲရောက်နေ တယ်လေ။ အမေမြိုင်ရဲ့ တခြားသီချင်းတွေ အားလုံး အလွတ်ရတဲ့ မာအေး၊ ပြန်ဆိုခဲ့တဲ့ မာအေးဟာ ‘မောင်လေး’ သီချင်းကျတော့ ရင်ထဲ မကျန်ဘူး ဖြစ်နေတာ အဲဒါကြောင့် ပါဘဲ။

နိုင်ငံလွတ်လပ်ရေး ရပြီးခါစ ပြန်လည် ထူထောင်နေရတဲ့ သမယ ဖြစ်တော့ ရေဒီယိုတောင် အိမ်တိုင်း ရှိတာ မဟုတ်ဖူးလေ၊ သတင်းတွေကိုတောင် ရုပ်ရှင်ရိုက်ပြီး ရွာတွေနယ်တွေ ဆင်းပြီး ပြခဲ့ရတာပါ။ အမေမြိုင်တို့ ပြဇာတ်ဌာနခွဲ ဆိုတာဟာလဲ နယ်လှည့် ကပြကြရတာပါရှင်။

အဲဒီလို ခရီးသွားရင်း မအေးချမ်းလို့ မန္တလေးမှာ နားရတုန်းမှာ ဆရာရန်နိုင်ဆွေ ရေးလိုက်တဲ့ ‘ရွဲ့လိုက်တာလား စန္ဒာရယ်’ ကလဲ အမေမြိုင် ဆိုခဲ့တော့ ကျော်ကြားတာပါဘဲ။

xxx ကြွားကြွား ဝင့်ဝင့် တင့်တင့် တယ်တယ် နေနိုင်ပေ့ကွယ်၊ စန္ဒာရယ် xxx သိဒ္ဓွိပေါက်လို့ စိတ်ရှိသလောက် ပျော်နေတာလား၊ အားမဲ့ရာ သနားငဲ့ညှာဖွယ်၊ သောကကင်းဝေး နေနိုင်ရေးကို သိရင် ညွှန်ပါ့ကွယ် xxx (ရွဲ့လိုက်တာလား စန္ဒာရယ်မှ)

‘မောင်လေးသီချင်း’ ရဲ့ ပယောဂနဲ့ အလင်းဝင်လာတဲ့ ရဲဘော်တွေ အဖွဲ့တွေလဲ၊ အမှန်တကယ် ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် မိုင်းဆတ်ဘက်မှာ အလင်းဝင်ပွဲတွေ ရှိခဲ့သလို ရခိုင်ပြည်နယ် အမ်းမြို့မှာလဲ အလင်းဝင်ပွဲတွေ ရှိခဲ့ပါတယ်။ အဲဒီအလင်းဝင်ပွဲတွေကို ဆရာရန်နိုင်ဆွေ အမှူးရှိတဲ့ အမေမြိုင်တို့ သွားရောက် ဖျော်ဖြေဘို့ စီစဉ်တာကတော့ တပ်မတော် စိတ်ဓာတ်ရေးရာ ဌာန ဖြစ်ပါတယ်။

အလင်းဝင် ရဲဘော်တဦးကလဲ ‘မောင်လေး’ သီချင်းကို ပြန်ဖြေတဲ့ သီချင်းတပုဒ်ကို မယ်ဒိုလင် တီးပြီး ပြန်ဆိုပြခဲ့ပါသတဲ့။ ‘သူတို့တွေဟာ ရောယောင် နောက်လိုက် အမြှောက်ကြိုက်တွေ မဟုတ်ပါဘူး။ အဲဒီလိုမျိုး သုံးတာကိုလဲ မခံချင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တန်းတူညီမျှ မရကြလို့ လက်နက်ကိုင်ခဲ့တာပါ။ ခုတော့ အဲဒီကတိတွေ အာမခံချက်တွေ ရလို့ ပြန်လာပါပြီ’ ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ ‘ပြန်လာပါပြီ အမကြီးရယ်’ သီချင်း ရေးခဲ့တာဖြစ်ပါတယ်။

ဒီအခါမှာ ဆရာရန်နိုင်ဆွေနဲ့ အမေမြိုင်တို့လဲ အလင်းဝင်ပွဲမှာ တက်ရောက်နေကြတာမို့ ‘ချော့ခဲ့သူပါ မောင်လေးရယ်’ ဆိုတဲ့သီချင်း တပုဒ်ကို ချက်ချင်း ကောက်စပ် ချက်ချင်း ပြန်ဆိုပေးခဲ့ကြပါသတဲ့ရှင်။ အမကြီးတော့ အမိအရာမို့ ကိုယ့်မောင်လေးကို ကရုဏာဒေါသော ပြောမိတဲ့စကားကို ဗွေမယူပါနဲ့လို့ ပြန်ချော့တဲ့သီချင်း အဲဒီလိုမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် မကြားဖူးခဲ့ပါဘူးရှင်။

အဲဒီလို နိုင်ငံက လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြတာမို့လို့ ပေါ့ရှင်။ လွတ်လပ်ရေးနေ့ မြတ်အခါမှာ နိုင်ငံတော် သမ္မတကြီးက ဂီတစာဆို ရန်နိုင်ဆွေ (ခေါ် ) ဦးထွန်းငြိမ်း နဲ့ အဆိုတော် မေလှမြိုင် တို့ကို ငြိမ်းချမ်းရေး ရွှေတံဆိပ်နဲ့ ရွှေနာရီတလုံးစီ ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

တဖက်သော ဆန့်ကျင်မှုကို ပြုကြတဲ့ အသိုင်းအဝိုင်းကလို့ ထင်ရတဲ့သူ တဦးရဲ့ လက်ရာ ‘အိုမောင်လေး – – မောင်လေး၊ မအေပေး နှမပေး’ တဲ့ အရက်ပုလင်း ခါးကြားထိုး မူးပြီး ဆဲရေးနေတဲ့ မိန်းမပုံမျိုး ကာတွန်းတကွက်၊ စာစောင်တခုမှာ ထွက်လာလို့ မာအေးတို့တွေ တဟားဟား ဖြစ်ကြသေးတာပေါ့ရှင်။

အခုလို အရွယ်သင့် အတွေးသင့်တဲ့ အချိန်ကျတော့ မရယ်ရက်တော့ပါဘူးလေ။ မေလှမြိုင်ဟာ ဆူးကြားထဲက ဗူးဘဝပါလားလို့ ကိုယ်တိုင်ခံစား သိသွားခဲ့ပါပြီ။ မာအေးတို့ ငယ်စဉ်က ‘အမေမြိုင်ဟာ အရက်သူမ’ လို့ ကြားဖူးခဲ့တာဟာလဲ မဟုတ်ဖူးရှင့်။ ကောလာဟလကြီး။ ရဲဘော်တွေ မေလှမြိုင်ကို လူကိုယ်တိုင် တွေ့ချင်ကြတယ် ဆိုလို့ ပြည်တွင်းစစ်ပွဲတွေဆီအထိ ရောက်အောင် ခေါ်သွားပေးခဲ့တာကိုး။ သေနတ်သံဗုံးသံတွေကြားမှာ မေ့မျောလုမတတ် တဆတ်ဆတ် တုန်နေအောင် ကြောက်ရှာလေတော့ သီချင်း ဘယ်ဆိုနိုင်ပါတော့မလဲ။ ဒါကြောင့် သီချင်း ဆိုလို့ရအောင် ‘အာမီရမ် တပတ်’ ကို နှာခေါင်းပိတ်ပြီး မြိုချခိုင်းခဲ့ကြတာပါတဲ့ရှင်။

မာအေးတို့ ဒုတိယ မြန်မာပိုင်း အစီအစဉ်က စိတ်ဓာတ်စစ်ဆင်ရေးတပ်ရဲ့ လက်အောက်ခံ အရပ်သားဝန်ထမ်းတွေပါ။ သဘင်နဲ့ ဂီတလောကသား ကိုးဆယ်ရာနှုန်း ပေါင်းမိတော့ တပြုံးပြုံး၊ တဝုန်းဝုန်း မိသားစုကြီးတခုလို နေကြ ချစ်ကြ ရင်နှီးကြပါတယ်။ အမေ အရက် မသောက်တာ သေချာတယ်။ အမေမြိုင်က ဟင်းချက် သိပ်ကောင်းတော့ အမေမြိုင့်ကို စုပေးပြီး စုချက် စုစားလုပ်နေကြတာ မာအေးတို့ အားလုံး ရုံးတက်တာနဲ့ မတူဘူး ပစ်ကနစ် ထွက်သလို ပျော်နေကြတာ တော်လှန်ရေး ကောင်စီ မပေါ်မီအထိပါဘဲ။

ဖ ဆ ပ လ အစိုးရဟာ ဂီတသဘင် ပညာရှင်တွေကို အသုံးလည်း ချပါတယ်။ အသိအမှတ်လည်း ပြုခဲ့ပါတယ်။ အလင်္ကာကျော်စွာ၊ ဝဏ္ဏကျော်ထင် စတဲ့ဘွဲ့ ထူးဂုဏ်ထူးတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ မေလှမြိုင် မိုးကောင်းနေစဉ်မှာ ‘အနုပညာသည် တယောက်၏ အမြင်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ပိုင်ဇာတ်လမ်းသဖွယ် ပြောရင် ကိုယ့်သီချင်းလေးတွေ လိုရာမှာ ထည့်ဆိုပြရတဲ့ အစီအစဉ်မျိုး ပြုလုပ် လွှင့်ပေးခဲ့ပါတယ်။ အဲဒီဇာတ်လမ်းရဲ့ နိဒါန်းကဗျာကို ဂန္တဝင် စာပေပညာရှင် ဆရာဇော်ဂျီက ရေးပေးခဲ့တာတဲ့ရှင့်၊ နားထောင်ကြည့်စမ်းပါဦး။

(ဆရာဇော်ဂျီ၏ ကဗျာ)

မျှော်ရက်ကယ်ကြာ
ရော်ရွက်ဝါ မြေမှာခပါတဲ့
သာလှတပေါင်း၊
နွေစလို့ဆိုင်
မေလှမြိုင် ဘဝင်လင်းအောင်လို့
အမြင်ကို နားတော်သွင်းလိုက်တယ်
ရှင်းသိစေကြောင်း။ ။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts