>3 Burmese Ethnics come to DC for 2010 Burmese Regime 2010 Election Campaign

>

၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် တိုင်းရင်းသားခေါင်းဆောင်ဟု ဆိုသူ ၃ ဦး ၀ါရှင်တန်သို့ ရောက်ရှိ

မိုးမခအထောက်တော် ၀၀၁

အောက်တိုဘာ ၈၊ ၂၀၀၉

အမည်မဖော်နိုင်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ မြန်မာပြည်စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေး ထောက်ခံရန် အမေရိကန်အစိုးရကို တိုက်တွန်းမည့် တိုင်းရင်းသားခေါင်းဆောင်ဟု အမည်ခံထားသူ ၃ ဦး ၀ါရှင်တန်ဒီစီသို့ ရောက်ရှိနေသည်ဟု ကြားသိရသည်။

(Saboi Jum)

၎င်းတို့မှာ ကချင်တိုင်းရင်းသား၊ ပြည်တွင်း Shalom ဖောင်ဒေးရှင်း ဒါရိုက်တာ၊ စစ်အုပ်စုနှင့် ကချင်လက်နက်ကိုင်တို့အကြား စေ့စပ်ဆွေးနွေးနိုင်ခဲ့သူဟု ဆိုသည့် ဒေါက်တာ ဆဘွယ်ဂျမ် (Saboi Jum)၊ ရှမ်းတိုင်းရင်းသား၊ ပြည်ပ ယူရိုဘားမားအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ၊ မြန်မာပြည် – တိုင်းရင်းသားလူမျိုးများ ကောင်စီ အကြံပေး ဟန်ညောင်ဝေ နှင့် ကချင်တိုင်းရင်းသူ၊ Shalom ဖောင်ဒေးရှင်း အဖွဲ့ဝင် နန်းရော်တို့ ဖြစ်သည်ဟု ကြားသိရသည်။

ဟန်ညောင်ဝေ

၎င်းတို့သည် အမေရိကန်အောက်လွှတ်တော် (House) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာအဖွဲ့၏ ဥက္ကဋ္ဌ၊ မြန်မာပြည်ပြန် ဂျင်ဝက်ဗ်နှင့် တွေ့ဆုံပြီးလည်း မြန်မာပြည်အရေး ၎င်းတို့သဘောထားများကို တင်ပြမည်ဟု ဆိုသည်။ ၎င်းတို့အဓိက သဘောထားမှာ ယခု တိုင်းရင်းသားလူမျိုးများကောင်စီ၏ အတွင်းရေးမှူး စောဒေးဗစ်ထော ထုတ်ပြန်ခဲ့ပြီး အဖွဲ့၏ ဥက္ကဋ္ဌအပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များ၏ ကန့်ကွက်မှု၊ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေးထောက်ခံရေး၊ ၀န်းယံရေး မူဝါဒကို အမေရိကန်အစိုးရထံသို့ အစွံလာထုတ်ခြင်း ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က မိုးမခသို့ ပြောကြားသည်။

ယခင်လ စက်တင်ဘာ နောက်ဆုံးရက်သတ္တပတ်ကလည်း မြန်မာစစ်အုပ်စုနှင့် သဘောချင်းမျှသူများအဖြစ် အတိုက်အခံဒီမိုကရေစီအင်အားစု၏ သတ်မှတ်ခြင်းခံထားရသူများ အမေရိကန် အထက်လွှတ်တော်၏ မြန်မာ့အရေးကြားနာပွဲသို့ တက်ရောက်ပြီး စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ မြန်မာစစ်အုပ်စုအား ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးကြရန် လျှောက်လဲခဲ့ကြသည်ဟု သိရကြောင်း၊ ထိုအထဲတွင် မြန်မာပြည်၏ ဦးသန့်၏ သား သန့်မြင့်ဦးလည်း တဦး အပါအ၀င် ဖြစ်ကြောင်း ၎င်းက ပြောကြားသွားသည်။

ယခုကဲ့သို့ စစ်အုပ်စု ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ အားပေးကြရန် တိုက်တွန်းသူများက စစ်အုပ်စု လက်အောက်က မြန်မာပြည်၏ ဆုတ်ယုတ်နိမ့်ကျနေသော နိုင်ငံရေးအခြေအနေများ၊ အကြပ်အတည်းများ၊ နိုင်ငံရေး အကျဉ်းသားများ၊ စစ်အုပ်စု၏ လူအခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှု၊ ရာဇ၀တ်မှုများ၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအပေါ် ငြင်းပယ်နေမှုများကို ထည့်သွင်း တင်ပြခြင်း ရှိ မရှိကိုမူ မသိရကြောင်း ၎င်းက မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts