>Mar Mar Aye – 288

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၈၈)

လွတ်ငြိမ်း ချမ်းသာခွင့်
မာမာအေး
အောက်တိုဘာ ၄၊ ၂ဝဝ၉


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အစီအစဉ်တုန်းက အဆိုတော်ကြီး မေလှမြိုင် သီဆိုတတ်တဲ့ အထေ့ဆိုပုံ တနည်း နဲ့ ဗျည်းအက္ခရာ စာပီသစွာ ဆိုတတ်တဲ့ အကြောင်းကို ပြောပြရင်းက မြိုင့်ဆရာရင်းဖြစ်တဲ့ ဂီတစာဆို ရန်နိုင်ဆွေရဲ့ အသံလေးကိုပါ ကြားဖူးကြပါစေတော့လို့ ကြိုးစားရှာဖွေ နားဆင်စေခဲ့ပါတယ်နော်။

မှတ်မှတ်ရရ ဖြစ်အောင်လို့သာ ချစ်ဆွေတို့ ပြန်ပြီးကြားနိုင်အောင်၊ သိနိုင်အောင် ထည့်ခဲ့ရပါတယ်။ သီချင်းတချို့ရဲ့ အသက်က ရွှေရတု မက အသက်ရှည် ကြလေတော့၊ ခုခေတ်သီချင်းတွေလောက် အရည်အသွေး မတောက်နိုင်ဘူးပေါ့ရှင်။ အဲဒီလို မမီတာတွေများ ကြားခဲ့ရင် နားလည် ခွင့်လွှတ်ပေးကြပါလို့ ပန်ကြားပါရစေ။

ရှေ့က အစီအစဉ်တွေမှာ မေလှမြိုင်ဟာ ပြန်ကြားရေးဌာန၊ ရုပ်ရှင်နဲ့ ပြဇာတ်ဌာနခွဲက ဝန်ထမ်း အဖြစ်နဲ့ စည်းရုံးရေးပြဇာတ်တွေလဲ ကခဲ့ကြောင်း ပြောထားပါတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့ ခေတ်ထဲမှာ ကျော်ကြားလာခဲ့တဲ့ အဆိုတော် မေလှမြိုင် ထွန်းကားတဲ့အချိန်မှာ မာအေးတို့ တိုင်းပြည်ကြီးက မငြိမ်းချမ်းခဲ့ပါဘူးရှင်။ ဒီတော့လဲ အစဉ်အလာ လုပ်ရိုးလုပ်စဉ် တခုလို ဖြစ်နေတဲ့ ဂီတတေးတွေနဲ့  စည်းရုံးသိမ်းသွင်း ပညာပေးခြင်းတွေကို နိုင်ငံတော်ရဲ့ အာဏာ ပိုင်များက ပြုလုပ်စေခဲ့ မှာပေါ့ရှင်။

၁၉၅ဝ ပြည့်နှစ်က ကျင်းပခဲ့တဲ့ အာဇာနည်နေ့မှာ “ငြိမ်းချမ်းရေးမှ တည်တန့်ခိုင်မြဲရေးသို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေကို ဆက်လက်ဆောင်ရွက် သွားမယ် လို့ နိုင်ငံတော် ဝန်ကြီးချုပ်က မိန့်ခွန်း ပြောခဲ့ပြီး တောတွင်းကို ပါသွားတဲ့ ရဲဘော်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုလဲ ထုတ်ပြန်လိုက်တာမို့ ဆရာရန်နိုင်ဆွေက “ဘိတ်ခေါ်သံ” ခေါင်းစဉ်နဲ့ သီချင်းရေးပေးခဲ့ပြီး မေလှမြိုင်က သီဆိုအသံလွှင့်ပေးခဲ့ပါတယ်။ ဆရာဂျူဗလီစိန်ကလဲ အဆိုတော် တင်တင်မြ သီဆိုဖို့အတွက် “မေတ္တာ” ဆိုတဲ့ နာမည်နဲ့ သီချင်းတပုဒ်ရေးစပ် အသံလွှင့်ခဲ့ကြပါတယ်ရှင်။

၁၉၅၈ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ “ချိုတေးသံ (၇) နှစ်မြောက် ဂီတ အဘိဓာန်စာအုပ်ကြီး” ထဲမှာ အဲဒီ သီချင်းတွေကို ဖေါ်ပြထားပါတယ်။ “လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝင် ရေးသားရာတွင် မှတ်တမ်း တင်ရမည့် တေးဂီတများ အဖြစ်ဖြင့် မေ့ပျောက်ပျက်သွားခြင်း မရှိစေရန် ချိုတေးသံက မှတ်တမ်းတင် ဖော်ပြခဲ့သော သီချင်းများ” လို့ မှတ်ချက်ပြုထားတာကိုလည်း ဖတ်ရပါတယ်ရှင်။

အဲဒီလို တေးဂီတတွေနဲ့ ပြည်သူကို အသိပေး စည်းရုံးခဲ့တာ ရုပ်စုံစင်တော်တွေက ရုပ်သေးမင်းသားကိုင်၊ မင်းသမီးကိုင် ပညာရှင်ကြီးများက ကိုယ့်ရဲ့ ရင်တွင်းခံစားချက်များအရ ပြည်သူတို့ရဲ့ ခံစားနေရမှုများကိုပါ နားလည်ခဲ့ကြပြီး ဖော်ထုတ် တပ်လှန့်ပေးခဲ့ရာက စခဲ့တဲ့ အကြောင်းတွေလည်း မာအေး ပြောပြီးပြီပဲလေ။ နယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန်ကြတုန်းကလည်း ဂီတသမားတွေပါခဲ့တာဘဲ။ ဝိုင်အင်ဘီသခင်တင်၊ နန်းတော်ရှေ့ ဆရာတင်၊ သဟာယ ဆရာတင်၊ ဒဂုံဆရာတင်၊ ရွှေတိုင်ညွန့် စတဲ့ ဂီတစာဆိုတွေ၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်မောင်၊ ဂီတာဗစောကြည်၊ သခင်မစိန်ပါတီ၊ ဒေါ်ကြည်အောင်၊ ဒေါ်အေးမိ၊ လေဘာတီ မမြရင် တို့နဲ့ တိုင်းပြည်နဲ့ လူမျိုး ချစ်တတ်တဲ့ ဂီတသမားတိုင်း အများကြီး ဝင်ပါခဲ့ကြပါတယ်။ တိုင်းတပါးကို အံတုကြတာ အားရစရာ ညီခဲ့ကြတာပေါ့ရှင်။

လွတ်လပ်ရေးရပြီ ဆိုကာမှ ပြည်တွင်း စစ်ကြီး လောင်မီးကျပြန်တော့ ဂီတသမားတွေဟာ ကိုယ်သန်ရာဖက်က ဝင်ပါကြတုန်းပါပဲ။ တာဝန်အရ ပါဝင်ခဲ့ရတဲ့သူတွေလဲ ရှိတယ်ရှင့်။ အမေမြိုင်တို့ ပြဇာတ်ဌာနခွဲက ပညာရှင်တွေနဲ့ အသံလွှင့်ရုံနဲ့ ဆက်စပ်နီးကပ်တဲ့ အဆိုတော် တင်တင်မြတို့ဟာ တာဝန်အရ ပါဝင်ခဲ့ကြတဲ့သူတွေလို့ ပြောရမှာဖြစ်ပါတယ်။

မာအေးက ဘာဖြစ်လို့ ခွဲခြား ပြောချင်ရတာလဲဆိုတော့ ဝန်ထမ်းဘဝထဲက ဂီတသမားတွေ အပေါ် ပရိသတ်က နားလည်ပေးစေချင်တဲ့ စေတနာ ဆန္ဒကြောင့်ပေါ့ရှင်။ ကိုယ့် အတွေ့အကြုံအရ ပြောရရင် ဝန်ထမ်း ဂီတသမားဘဝ မရောက်ခင်ကဆို တချို့ ပရိသတ်တွေလိုပဲ အမေမြိုင်တို့ ဆိုပေး၊ ကပေးတာဟာ အုပ်ချုပ်သူတွေ ဖက်ကို မျက်နှာ လိုက်တာလို့ ထင်ခဲ့တာကိုးရှင့်။ လက်ဝဲဟဲ့ လက်ျာာဟဲ့ နဲ့ အတွေးအခေါ် အယူအဆတွေ မတူခဲ့ကြလို့လဲ ဆူကြပူကြ သူပုန်ကိစ္စ ပေါ်လာခဲ့တာ မဟုတ်လားရှင်။ ပြည်သူတွေ ကြားမှာလဲ အမြင်မတူတာတွေ ရှိပြီပေါ့။

အဲဒီအချိန်မှာ မာအေးက မြီးကောင်ပေါက် အရွယ်လေးပါ။ ကိုယ့်ဘေးဝန်းကျင်မှာ လက်ဝဲသမား အများစုရှိတယ်ရှင်။ စာဖတ်တော့လဲ လက်ဝဲစာပေဖြစ်တော့ တဖက်က ဘာလုပ်လုပ် ကိုယ်က ဆန့်ကျင်ဖက်ချည်း စပြီးတွေးချင်မိတယ်။ အဲဒီ စည်းရုံးရေး ပညာပေး သီချင်းမျိုး ဆိုကြသူတွေကို အချင်းချင်း ဖြစ်ပေမယ့် မရင်းနှီး ချင်သလိုလို ဘာလိုလို ဖြစ်နေခဲ့ပါတယ်။ တောထဲရောက်သွားတဲ့ သူတွေကို ပြန်ခေါ်တဲ့ သီချင်းမျိုးတွေထဲမှာ မေလှမြိုင်ဆိုလိုက်တဲ့ ‘ပြန်လှည့်ပါတော့ မောင်လေးရယ်’ ဆိုတဲ့ သီချင်းဟာ အကောင်းဆုံးလို့ ပြောကြပါစို့။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် အသံလွှင့်ပြီးတာနဲ့ နောက်က ပို့ပေးတဲ့ သီချင်းလို အသုံးချ အသံလွှင့်ခဲ့ပါတယ်။ ဆရာရန်နိုင်ဆွေ ရေးတာမို့ သီချင်းကလဲ ကောင်းလေတော့ လိုက်ဆိုဖြစ်ကြသေးတာပေါ့ရှင်။ ခုတောင်မှ နည်းနည်းတော့ ရသေးတယ် ထင်ပါရဲ့။ ဆိုကြည့် လိုက်စမ်းဦးမယ်နော်။

“အို မောင်လေး မောင်လေး ရှောင်မပြေးပါနဲ့ မောင်လေးငယ် ရောယောင်နောက်လိုက် အမြှောက်ကြိုက်ကလေးရယ်၊ မိုက်သွေးဆူလွယ်၊ လူမမယ် မောင်လေးရဲ့ နောင်ရေးဝယ်၊ အစစမြင်သေးလို့ မမ ရင်လေးလှပါတယ်”

တကယ်တော့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ဇာတ်လမ်းမှာ မေလှမြိုင် ဆိုဖို့ ရေးတာလို့ ဆရာနန်းညွန့်ဆွေက ညွှန်းထားပါတယ်ရှင်။ ကဲ – နောက်တပတ်မှ ဆက်ပြောကြသေးတာပေါ့နော် ။


[မူရင်း – ဘီဘီစီ အသံလွှင့်ဌာန၊ မြန်မာပိုင်း ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts