>Rangoon Journalist on the road – View from Rangoon

>

ရန်ကုန်ရှုခင်း
ရဲများနဲ့ ရန်ကုန်၊ ၅ထောင်တန်ဂယက်၊ စာပေစိစစ်ရေး
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
အောက်တိုဘာ ၃၊ ၂၀၀၉

ရန်ကုန်တွင် လှည့်လည်နေသော ရဲကားတစီး (ဓာတ်ပုံ-မိုးမခ)

ရဲများနဲ့ ရန်ကုန်
ရန်ကုန်မြို့ရဲ့ လုပ်ငန်းရှင်များ အကြား၊ ဌာနဆိုင်ရာ အရာရှိများအကြား၊ သတင်းမီဒီယာ သမားများအကြားနဲ့ လောင်းကစားဒိုင်များ အကြားမှာ ယခုတလော ရေပန်းစား အပြောများနေတဲ့ သတင်းကတော့ ရဲမှူးတွေ၊ စခန်းမှူးတွေ၊ ရဲအရာရှိတွေ အဖမ်းခံထားရ၊ တိမ်းရှောင်နေကြရတဲ့ သတင်းပါ။

၂၀၀၄ ခုနှစ်က အမ်အိုင် လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေးတွေကို နှိပ်ကွပ်လိုက်ပြီးနောက်မှာ မြို့ပြလုံခြုံရေးနဲ့ သတင်းထောက်လှမ်းရေးမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ကောင်းစားစဉ် ခေတ်တုန်းက နယ်မြေတခုကို အပိုင်စားရတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး အဆင့်ရှိသူက အဆိုပါနယ်မြေမှာ တွဲဘက်တာဝန်ယူတဲ့ ရဲအုပ်အဆင့်ရှိသူကို ဆေးလိပ်၊ အရက် ၀ယ်ခိုင်းသလိုမျိုး လက်တိုလက်တောင်း ခိုင်းတာမျိုးတွေတောင် လုပ်ခဲ့တာပါ။

၂၀၀၄ အကုန်မှာ စစ်ထောက်လှမ်းရေးတွေကို ဖြုတ်ချပြီးနောက်မှာ ရဲထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့ဝင်တွေဟာ အရင်ကထက် များစွာ အရေးပါ အရာရောက်လာခဲ့ပါတယ်။ မြို့တွင်းလုံခြုံရေး ကိစ္စရပ်တွေမှ အစ၊ အတိုက်အခံတွေရဲ့ သတင်း ထောက်လှမ်းရေးကိစ္စရပ်တွေ၊ တရားမ၀င်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်၊ အကောက်အစား ယူတာတွေအထိ ရဲတွေက အဓိက လုပ်ဆောင်ရသူတွေ ဖြစ်လာပါတယ်။

ယခင် စစ်ထောက်လှမ်းရေး နေရာမှာ အစားဝင်ယူရတဲ့ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ ) အနေနဲ့ ရဲတွေကို ယခင်တုန်းကလို အပေါ်စီးကနေ ကွပ်ကဲခိုင်းစေတာမျိုး မဟုတ်တော့ဘဲ သီးခြားစီ သတင်းထောက်လှမ်းပြီး သူနဲ့ သက်ဆိုင်ရာ အထက်လူကြီးကို သတင်းပို့ရတဲ့ သဘော ဖြစ်လာပါတယ်။ အဲဒီအတွက်ကြောင့် အောက်ခြေမှာ တရားမ၀င် လုပ်ကိုင်နေကြတဲ့ ကာရာအိုကေ၊ လောင်းကစားဒိုင်၊ အနှိပ်ခန်း တို့လို စီးပွားရေးလုပ်ငန်းတွေနဲ့ အများဆုံး ထိတွေ့ဆက်ဆံနေရတာ ရဲတွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံ ရဲချုပ်ဟာလည်း နအဖ အစိုးရက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏ မြင်တွေ့လာရပါတယ်။ ထောက်လှမ်းရေးခေတ်မှာတုန်းက ထောက်လှမ်းရေးအရာရှိတွေ၊ ဗိုလ်ချုပ်တွေက သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့ကြသလို ၂၀၀၄ နောက်ပိုင်းမှာ ပြန်ကြားရေး ၀န်ကြီးနဲ့ ရဲချုပ် တို့ကပဲ သတင်းစာရှင်းလင်းပွဲတွေကို ဦးဆောင်ခဲ့ပါတယ်။

မြို့ပြလူထု အုံကြွမှုတွေကို နှိမ်နှင်းရာမှာ ယခင်ကလို စစ်တပ်ကို တိုက်ရိုက် တာဝန်ပေးပြီး နှိမ်နင်းခိုင်းတာမျိုး မလုပ်တော့ပါဘူး။ လုံထိန်းတပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းကာ ပထမအဆင့်မှာ ရဲနဲ့နှိမ်နှင်းတဲ့ အနေအထားကို ပြောင်းခဲ့ပါတယ်။ ရဲနဲ့ မနိုင်တဲ့အခါမျိုးမှ စစ်တပ်ကို ခေါ်ယူပြီး တွဲဘက်နှိမ်နှင်းတာကို ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်းမှာ မြင်တွေ့ခဲ့ကြရပါတယ်။

ဒီနောက်ခံ အကြောင်းအချက်တွေဟာ မြန်မာနိုင်ငံမှာ ရဲအခန်းကဏ္ဍ ကြီးမားလာတာကို ပြသတဲ့ အချက်တွေပါ။ အထက်က ဖော်ပြခဲ့သလို အရေးပါလာသည်နဲ့ အမျှ ရဲအရာရှိတွေ လက်ဝယ်မှာ အကျိုးခံစားခွင့်တွေကလည်း ယခင်ကထက် သိသာစွာ များပြားလာခဲ့ပါတယ်။

ကာရာအိုကေဆိုင်၊ လောင်းကစားဒိုင်၊ အနှိပ်ခန်း စတဲ့နေရာတွေဟာ ရဲတွေအတွက် ၀င်ငွေပုံမှန် ရရှိရာနေရာ တခု အဖြစ်သာမက လုပ်ငန်းသဘောအရ သတင်းစုဆောင်းရာ နေရာတွေလည်း ဖြစ်လာပါတယ်။ အဲဒီလို အကြောင်းခံတွေက ရဲအရာရှိကြီးတွေအကြား ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်တဲ့ ပြဿနာတွေ ပိုများလာခဲ့တာ လည်းဖြစ်ပါတယ်။

လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ရန်ကုန်တိုင်း ရဲမှူးကြီးဟောင်း ၀င်းနိုင်ကိစ္စဟာ ရဲတွေရဲ့ အရေးပါပုံနဲ့ လာဘ်စား၊ ကိုယ်ကျိုးစီးပွားရှာတဲ့ ဇာတ်လမ်းတပုဒ်ကို နမူနာ ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အထက်က အရာရှိအဆင့်ဆင့်ကို အချိုးကျ ဆက်ကြေးပေးထားခဲ့တာကြောင့်လည်း ရဲချုပ်ပါအခု ကိစ္စမှာ ယှက်နွယ် ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

၅ထောင်တန်ဂယက်
ပြီးခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ကောလဟလ တပိုင်းလိုလို ပြောဆိုနေခဲ့ကြတဲ့ ၅ထောင်တန် ထွက်မယ် ဆိုတဲ့ သတင်းကို မကြာမီ ရက်ပိုင်းမှာတော့ နအဖ အစိုးရက မှန်ကန်စေခဲ့ပါတယ်။ အနှုတ်လက္ခဏာ ပြနေတဲ့ နိုင်ငံတော် အသုံးစရိတ်တွေကို ဖြည့်ဆည်းရာမှာ ငွေစက္ကူရိုက်တဲ့နည်းကို မသုံးမဖြစ် သုံးလိမ့်မယ် ဆိုတာကို မျှော်လင့်ထားကြခဲ့တာဖြစ်လို့လည်း ဒီထွက်ပေါက်ကပဲ စစ်အစိုးရ ထွက်မယ်ဆိုတာကို စီးပွားရေး ကျွမ်းကျင်သူတွေ တွက်ဆထားကြတာပါ။

အများထင်မြင်ထား တွက်ဆထားတဲ့ အတိုင်းပဲ နအဖ စစ်အစိုးရက နောက်ဆုံးမှာ ၅ထောင်တန်ကို ထုတ်ရပါတော့တယ်။ ငွေကြေး ဖောင်းပွလာနေပြီ ဆိုတာကို သက်သေခံလိုက်တာရယ်၊ လိုငွေပြနေတဲ့ နိုင်ငံတော် ဘတ်ဂျက်ကို ၁ထောင်တန် ငွေစက္ကူရိုက်ရုံနဲ့ ပြေလည်မှု မရတော့ဘူး ဆိုတဲ့ အချက် ၂ချက်လုံးကို ၀န်ခံလိုက်တာပါ။ ၁ထောင်တန် တရွက် ရိုက်ထုတ်ရာမှာ ကုန်ကျစရိတ်က ကျပ်ငွေ တထောင်နီးပါး၊ ကျသင့်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ဟာ ၁ထောင်တန် တရွက်ရဲ့ တန်ဖိုး နှစ်အနည်းငယ်အတွင်းမှာ သိသာစွာ ကျဆင်းသွားတယ်လို့ နားလည်နိုင်ပါတယ်။

ကားတွေ အိမ်တွေ အရောင်းအ၀ယ် လုပ်ရာမှာ ငွေစက္ကူ တထောင်တန်တွေကို ဆန်အိတ်တွေနဲ့ထည့်၊ လူက ထမ်းပိုးပြီး ကားပေါ်တင်ရလောက်အောင် မြန်မာငွေက ဖောင်းပွနေပြီ မို့လို့ ယခုလို ၅ထောင်တန် ရိုက်ထုတ်ခြင်းဟာ ငွေပေးငွေယူ လွယ်ကူစေတယ်လို့ ၅ထောင်တန်ရဲ့ ကောင်းတဲ့ မျက်နှာစာကို ရှာကြည့်မယ်ဆို ကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၁နှစ် ၁ထောင်တန် ထွက်စဉ်က ၁ထောင်တန် ဆိုတာ အတော်များတဲ့ ပမာဏ ဖြစ်ခဲ့ပြီး သာမန်လူတွေ လက်ထဲမှာ ၁ထောင်တန် ဆိုတာကို တွေ့ရခဲပါတယ်။

ယနေ့ကာလမှာတော့ ၁ထောင်တန် ဆိုတာဟာ ကလေးမုန့်ဖိုးပေးရာမှာ၊ တိုတိုထွာထွာ ၀ယ်ယူရာမှာ သုံးနေကြရတဲ့ ပမာဏဖြစ်နေပါပြီ။ ထို့နည်းတူစွာပဲ မကြာမီနှစ်ကာလများမှာ ၅ထောင်တန်လည်း အဲဒီလို ဖြစ်လာမှာလား ဆိုတာကို လူထုအနေနဲ့ စိုးရိမ်မှာ မလွဲပါဘူး။ အဲဒီအချိန်ကြရင် ၁သောင်းတန် ထပ်ထုတ် ဦးမှာလား၊ ၅သောင်းတန် ထုတ်ဦးမှာလား လို့မေးရမယ့် သဘောလို့ မှန်းဆကြည့်မိပါတယ်။

၅ထောင်တန် ထွက်တော့မယ် လို့ ကြေညာချက်ထွက်လာတာနဲ့ နောက်တနေ့ နံနက်မှာ ငွေလဲလှယ်ရာမှာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသွားပါတယ်။ ညနေဖက်မှာ အနည်းငယ် ပြန်တက်လာသော်လည်း ၅ ထောင်တန် ထုတ်တဲ့ ကိစ္စဟာ မြန်မာငွေ တန်ဖိုးကျစေဖို့ ခိုင်လုံတဲ့ အကြောင်းတခု ဖြစ်နေပါတယ်။

အောက်တိုဘာ လ ၂ရက်နေ့မှာ ငါးထောင်တန် ထွက်ရှိလာတဲ့အခါ ဘဏ်မှာ သွားလဲဖို့ သွားတဲ့သူက သွားကြပါတယ်။ ဗဟိုဘဏ်က အစိုးရဘဏ် တဘဏ်ကို ၅ထောင်တန် သိန်းတထောင်စီ လဲပေးတယ် လို့ဆိုပါတယ်။ သို့ပေမယ့်လည်း ငွေထုတ်တဲ့သူ မဟုတ်ရင် ၅ထောင်တန်ကို သီးခြားလဲလှယ် ပေးရလောက်အောင် မရှိရှာဘူးလို့ ဆိုပါတယ်။

ထိပ်တန်း အစိုးရအရာရှိကြီးများနှင့် နီးစပ်တဲ့ အသိုင်းအ၀ိုင်းကလာတဲ့ သတင်းတခုအရ ဆိုရင်တော့ ယခင်နှစ်တွေကတည်းက ငါးထောင်တန်ကို ထုတ်ဝေဖို့ ရိုက်နှိပ်ပြင်ဆင်ထားပြီးသား ဖြစ်နေခဲ့ပြီး၊ နောက်တက်လာမယ့် ပုံစံပြောင်း အစိုးရ လက်ထဲကို ရိုက်ပြီးသား ငါးထောင်တန်ကို ဘယ်လိုပုံစံနဲ့ လွှဲပြောင်းပေးရမလဲ ဆိုတာကို ဝေခွဲမရဖြစ်လို့ ရွေးကောက်ပွဲမတိုင်မီမှာ ထုတ်ဝေလိုက်ရတာလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် နအဖ အစိုးရရဲ့ ၂၁နှစ် အုပ်ချုပ်မှု ကာလမှာ ၁၀၀ တန် ငွေစက္ကူကနေ ၅၀၀၀ ကျပ်တန် ငွေစက္ကူအထိ ထုတ်ဝေခဲ့ရလောက်အောင် ငွေကြေး ဖောင်းပွခဲ့ပြီ ဆိုတဲ့အချက် တချက်ကတော့ ငြင်းလို့ မရလောက်အောင် ခိုင်မာတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။

စာပေစိစစ်ရေးနဲ့ အငြင်းပွားစရာ ပြန်လည်ဖော်ပြမှုများ
ယခုတလော ဂျာနယ်တွေမှာ မြင်တွေ့ ဖတ်ရှုနေရတာတွေထဲမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ကာတွန်းတွေ၊ ဆောင်းပါးတွေပါ။ အဲဒီခေတ် အဲဒီအချိန်အခါက ပါတီစုံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသား သရော်တဲ့ဟာတွေကို ပြန်ဖော်ပြခွင့် ပြုနေပေမယ့်လည်း ယခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝေဘန်တဲ့ စာမျိုးတွေကို လုံးဝ ဖော်ပြခွင့် မပြုခြင်းပါပဲ။ လာမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးအရ အခြား ရွေးစရာလမ်းမရှိ၊ အခြေခံဥပဒေ မရှိသေးတာထက်စာရင် ရှိတာက ပိုကောင်းတယ် ဆိုတာမျိုး၊ ဒီအခြေခံဥပဒေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အခြေခံဥပဒေနဲ့တောင် နှိုင်းယှဉ်လောက်တယ် ဆိုတာမျိုး ရေးသားတာတွေကိုတော့ ခွင့်ပြုပါတယ်။ ဒီအခြေခံဥပဒေကို ဝေဘန် ဆန်းစစ်ရေးသားတာမျိုးတွေကိုတော့ ခွင့်ပြုလေ့ မရှိပါဘူး။

နောက်ပြန်လည်ဖော်ပြတာ တမျိုးကတော့ လျှပ်တပြက်ဂျာနယ်မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ ကဗျာဆရာကြီး တင်မိုး၊ ရုပ်ရှင်မင်းသား ဦးထွန်းဝေ၊ သတင်းစာဆရာကြီးကြေးမုံဦးသောင်း တို့ရဲ့ စာနဲ့ရုပ်ပုံတို့ကို ပြန်လည်ဖော်ပြတာပါ။ အဲဒီလို ဖော်ပြပြီးတော့ စာပေစိစစ်ရေး မူဝါဒ ပြောင်းလဲလာပြီ ယခင်က တားမြစ်ထားတဲ့ နာမည်တွေ ရုပ်ပုံတွေကို ပြန်ဖော်ပြခွင့်ပြုနေပြီ ဆိုပြီး အရောင်းမြှင့်တင်ရေး (ပရိုမိုးရှင်း) လုပ်ပေးတာပါ။

အဲဒီလို ဖော်ပြပြီးနောက် ပြည်ပ၀က်ဆိုက်တွေက ကွယ်လွန်ပြီးတဲ့သူတွေရဲ့ စာတွေကိုပဲ ဖော်ပြတာလား အသက်ရှင်လျက်နဲ့ တားမြစ်ပိတ်ပင်ထားတဲ့သူတွေ အများကြီး ရှိသေးတယ်။ တချို့ စာရေးဆရာတွေဆို ကွယ်လွန်ပြီးတဲ့ နောက်မှာတောင် လုံးဝ ပြန်ဖော်ပြခွင့် မရှိဘူး စသဖြင့် ရေးသားလိုက်တဲ့အခါ နောက်တပတ် လျှပ်တပြက်မှာ မောင်သော်ကရဲ့ ကဗျာဘာသာပြန်နဲ့ နောက်တပတ်မှာ တိုက်ရေယာဉ် ၁၀၃ ကို ပြန်ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း အသက်ရှင်လျက်ရှိနေသေးတဲ့ မောင်စွမ်းရည်တို့လို၊ ကိုအောင်ဝေးတို့လို၊ မောင်သာရ စတဲ့သူတွေရဲ့ နာမည်၊ စာတွေကို ဖော်ပြခွင့်ရှိမလား၊ ပြည်တွင်းမှာ ကလောင်နာမည် ပိတ်ခြင်းခံနေရတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေလည်း ရှိနေတာကိုရော ဘယ်လိုပြောမလဲဆို တာမျိုးကိုတော့ ပြန်မဖြေနိုင်ခဲ့ပါဘူး။

လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်လုပ်သူ မြတ်ခိုင်ဟာ ပြန်ကြားရေးဝန်ကြီးရဲ့ “မီဒီယာကိုမီဒီယာနဲ့တိုက်´´ဆိုတဲ့ လမ်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ကြိုးစားတာ သက်သက်မျှသာ ဖြစ်ပါတယ်။ လက်ရှိပြည်တွင်းမှာ ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တွေမှာ သတင်းတွေ ဖြုတ်ခံနေရဆဲ၊ ဓာတ်ပုံတွေ ဖြုတ်ခံနေရဆဲပါ။ အာဏာပိုင်တို့က ဂျာနယ်တွေကို မတူတဲ့မူဝါဒတွေနဲ့ ဘက်လိုက် မျက်နှာသာပေးမှုတွေ ရှိနေဆဲပါပဲ။

စိစစ်ရေးမူဝါဒ ပြောင်းတယ်လို့ ဘယ်ဂျာနယ်ကမှ မယုံကြည်ကြတာတော့ အမှန်ပဲဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts