>Rangoon media goes online


>

ရန်ကုန်မှ ဂျာနယ်နှင့် မဂ္ဂဇင်း အများအပြား အွန်လိုင်းပေါ် ရောက်ပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂၀၀၉

ရန်ကုန်အခြေစိုက် စာနယ်ဇင်း အများအပြားကို အင်တာနက်မှ အခမဲ့ကြည့်ရှုနိုင်ပြီဖြစ်သည်။

ယခုလတွင် ပုံစံသစ်ဖြင့် ပြန်လည်ထွက်ရှိလာသည့် ပေဖူးလွှာ မဂ္ဂဇင်းကလည်း ထွက်သည့်လမှာပင် PaePhuhLwarMagazine.asia တွင် စိုစိုပြေပြေဖြင့် ရောက်ရှိနေကြောင်း တွေ့ရသည်။

ထူးခြားချက်မှာ အများသုံး ဒေါ့ကွန်(.com) လိပ်စာကို မသုံးဘဲ ဒေါ့အေးရှား (.asia) ကို သုံးထားခြင်း ဖြစ်သည်။

ဒေါ့အေးရှားကို အသုံးပြုသည့် စာစောင်နောက်တခုမှာ မုခ မဂ္ဂဇင်း ဖြစ်သည်။ မုခ မဂ္ဂဇင်း facesmagazine.asia မှာ တည်ဆောက်ဆဲ အခြေအနေတွင် ရှိနေသည်။

ရွှေအမြုတေ မဂ္ဂဇင်းသည်လည်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ရက်အတန်ကြာ ပျောက်ကွယ်နေခဲ့ရာမှ ယမန်နေ့ကစပြီး ပြန်လည် အဆင်ပြေသွားသည်။ လိပ်စာမှာ shweamyutay.com ဖြစ်သည်။ ၎င်းစာမျက်နှာတွင် ရွှေအမြုတေ အပြင် နာမည်ကျော် အလင်းတန်းဂျာနယ်၊ ဆယ်ကျော်သက်ပရိသတ်ကို ပစ်မှတ်ထားသော Teen မဂ္ဂဇင်း တို့ကိုလည်း တွေ့နိုင်သည်။

“ရွှေအမြုတေကိုတော့ ကြိုက်တယ်၊ ကျန်တဲ့ဂျာနယ်တွေကိုတော့ မဖတ်ဖြစ်ဘူး၊ ရွှေအမြုတေကတော့ မြန်မာပြည်မှာကတည်းက အကြိုက်ဆုံးပဲ” ဟု ဘန်ကောက်ရှိ တက္ကသိုလ်ကျောင်းသူ၊ ဘလော်ဂါ မဆုမွန်က ပြောသည်။

ထို့ပြင် သူက မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများကိုလည်း အင်တာနက်မှတဆင့် ပုံမှန် ဖတ်ရှုကြောင်း မိုးမခကို ပြောပြသည်။

issuu.com/idealwebmaster တွင် အလင်းတန်းဂျာနယ် အဟောင်းများ ရှိနေသည်။ ပို၍ဟောင်းသော အလင်းတန်းများကို alinntan.blogspot.com တွင် တင်ထားသော်လည်း စာမျက်နှာအများစုမှာ ဖွင့်၍ မရပေ။

ဈေးကွက်ဂျာနယ်၏ ၀က်ဆိုက် zaygwet.com တွင် ဖတ်ရှုဖွယ် အများအပြားပါဝင်သော်လည်း အသစ် မတင်သည်မှာ ၄ လ၀န်းကျင် ရှိပြီ ဖြစ်သည်။

ပုံမှန် မွမ်းမံခြင်း မရှိသည့် လစဉ်ထုတ် နာမည်ကျော် ဂီတဂျာနယ်တစောင်၏ လိပ်စာမှာ alinkarmusicjournal.com ဖြစ်သည်။

စက္ကူထူမဂ္ဂဇင်းများအကြားတွင် ထင်ရှားသည့် မြန်မာပြည်သူ ခေါ် people မဂ္ဂဇင်းသည်လည်း အွန်လိုင်းတွင် ရှိနေသည်မှာ နှစ်ပေါင်းအတန်ကြာပြီဖြစ်သည်။ ဆွဲဆောင်မှုရှိသော ထိုမဂ္ဂဇင်းကို အွန်လိုင်းသို့ တင်ရာတွင် တအုပ်လုံးကို ဂရပ်ဖစ်ဖြင့် စီမံထားသောကြောင့် အင်တာနက် အလွန်တရာ မြန်ဆန်သော ကွန်ပျူတာများဖြင့် ဖတ်ရှုမှသာ အဆင်ပြေမည် ဖြစ်သည်။ လိပ်စာမှာ people.com.mm ဖြစ်သည်။

သတင်းဂျာနယ်တစောင်ဖြစ်သည့် မြန်မာပို့စ်ကလည်း www.themyanmarpost.com ဟူသော ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ရှိနေသည်။ ပုံမှန် မွမ်းမံသည်ကိုလည်း တွေ့ရသည်။ တခြားဂျာနယ်များ၏ ဖော်ပြခဲ့သမျှကို သက်ဆိုင်ရာ အင်တာနက်ဗားရှင်းတွင် ၁၀၀ ရာခိုင်နှုန်း တွေ့ရသော်လည်း မြန်မာပို့စ်ကမူ ရာခိုင်နှုန်း အနည်းငယ်သာ အင်တာနက်တွင် တင်ကြောင်းတွေ့ရသည်။ ထိုအချက်က မြန်မာပို့စ်၏ အားနည်းချက် ဖြစ်နေသည်။

first-11.com တွင် မြန်မာပြည်၏ အရောင်းအသွက်ဆုံး အားကစားဂျာနယ်များ၊ သတင်းဂျာနယ်များကို အခမဲ့ ဖတ်နိုင်သည်။ စာနယ်ဇင်းအဖွဲ့ကြီးဖြစ်သော အလဲဗင်းမီဒီယာအုပ်စု၏ လက်ရာ ဖြစ်သည်။

snapshot-news.com ရှိ လျှပ်တစ်ပြက်ဂျာနယ်သည်လည်း ပုံမှန် မွမ်းမံသော ဂျာနယ်တစောင် ဖြစ်သည်။ စာမျက်နှာမူရင်းပုံစံအတိုင်း အချပ်လိုက်ဖတ်လိုသူများအတွက် ဂရပ်ဖစ်ဖွဲ့ထားပေးသည်။ အင်တာနက် မြန်နှုန်းနိမ့်ဒေသများအတွက် အဆင်ပြေစေရန်လည်း သတင်းများ၊ ဆောင်းပါးများကို ဇော်ဂျီဝမ်းဖြင့် စီစဉ်ထားသည်။

ဇော်ဂျီဝမ်း ခေတ်စားလာချိန်တွင် တင်ဆက်မှုပုံစံ ပြောင်းလိုက်သော နာမည်ကျော်ဂျာနယ်တစောင်မှာ မြန်မာတိုင်မ်းစ် ဖြစ်သည်။ ဂျာနယ်ဝက်ဆိုက် myanmar.mmtimes.com တွင် ယခုအခါ ဇော်ဂျီကိုသာ သုံးထားသဖြင့် စာဖတ်သူအားလုံးအတွက် အဆင်ပြေနေသည်။

yangonmedia.com တွင်လည်း နာမည်ကြီး ဂျာနယ် ၂စောင်ဖြစ်သည့် ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ် တို့တွင် ဖော်ပြဖူးခဲ့သမျှထဲမှ သတင်းနှင့် ဆောင်းပါးတချို့ကို တွေ့နိုင်သည်။

အမေရိကန် ပြည်ထောင်စုရောက် ကဗျာဆရာအောင်ဝေးကလည်း မြန်မာပြည်မှ စာနယ်ဇင်းတချို့ကို စာတိုက်မှ မှာယူ ဖတ်ရှုရုံသာမက အွန်လိုင်းမှလည်း ရှာဖွေဖတ်ရှုသည်ဟု ဆိုသည်။

“ကျနော်တို့က ပြည်ပမှာလည်း ရေဒီယို၊ ၀က်ဘ်ဆိုက်တွေမှာ မြန်မာစာနဲ့ပဲ သွားနေရတာ ဆိုတော့ ပြည်တွင်း စာနယ်ဇင်းတွေနဲ့ မျက်ခြည်ပြတ်လို့ မရဘူး။ ကျနော်တော့ ရန်ကုန်က မှာလည်း ဖတ်တယ်၊ အွန်လိုင်းမှာလည်း ရှာဖတ်ပါတယ်။ Voice ဂျာနယ်ဆိုရင် လန်ဒန်က pdf နဲ့ ပို့ပေးတာကို အပတ်စဉ် ဖတ်ရတယ်။ ခုထိတော့ မြန်မာစာပေလောကနဲ့ မဝေးသေးဘူးလို့ ဆိုရမလားပဲ” ဟု မိုးမခကို ပြောသည်။

ကိုအောင်ဝေး ရရှိသည် ဆိုသော Voice ဂျာနယ်မှာ အင်တာနက်စာမျက်နှာ မရှိသေးပေ။ အပတ်စဉ် ထုတ်ဝေသည့် ၎င်းတို့၏ဂျာနယ်ကို pdf ဖိုင်အဖြစ် ပြောင်းလဲပြီးနောက် နီးစပ်ရာ မိတ်ဆွေတချို့ထံသို့ အီးမေးလ်ဖြင့် ဖြန့်ရာမှ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ၊ စာချစ်သူများကြားတွင် ပျံ့နှံ့လျက်ရှိသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts