>conditon of farmers in Irrawaddy delta

>

မြစ်ဝကျွန်းပေါ်မှာ ကိုယ့်လယ်ကွက်ထဲက ငါးကိုတောင် ဖမ်းခွင့်မရှိ
ဝင်းမြတ်
စက်တင်ဘာ ၂၂ ၊ ၂၀၀၉ ဒေးဒရဲမြို့နယ်အတွင်း ကျေးလက်ဒေသ လယ်ကွက်အတွင်း ငါးဖမ်းနေသူ တစ်ဦး နှင့် လယ်ကန်သင်းရိုးပေါ် ဖြတ်လျှောက်သွားသော ကျောင်းသားငယ်တစ်ဦး


အင်းလေလံ ဆွဲသူတွေကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက လယ်သမားတွေရဲ့ စပါး စိုက်ပျိုးမှုနဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ကိုယ်ပိုင်တဲ့ လယ်ကွက်ထဲက ပေါက်ပွားလာတဲ့ ငါး၊ ပုစွန်တွေကိုတောင် ဖမ်းဆီးခွင့် မပြုတာကြောင့် ဖြစ်ပါတယ်။

“လယ်ထဲမှာ ရေတွေ များနေလို့ ရေဖောက်ထုတ်တယ်။ လယ်ထဲမှာရှိတဲ့ ငါးလေး ပုစွန်လေး ရအောင် ရေထွက်ပေါက်မှာ ဇကာ (ဆန်ခါ) ခံထားတာကို အင်းလေလံ ဆွဲထားတဲ့သူက သူတို့လေလံကွက်မှာ ရေချိုငါးဖမ်းတယ် ဆိုပြီး ရဲနဲ့ လာဖမ်းလို့ အခု မြို့မှာ လိုက်ရှင်းနေရတယ်” လို့ ဒေးဒရဲမြို့နယ်က လယ်လုပ်သူ တစ်ဦးက ပြောပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မြစ်ချောင်းအင်းအိုင် မှန်သမျှကို ငွေကြေးတတ်နိုင်တဲ့သူတွေက ငါးလုပ်ငန်း ဦးစီးဌာနကနေ ဈေးအပြိုင် ပေးပြီး လေလံဆွဲကြပါတယ်။

တကယ် ငါးဖမ်းစားသောက်တဲ့ သူတွေက ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာပေါ် မူတည်ပြီး အင်းလေလံ အောင်သူတွေကို ငွေပေးသွင်းပြီးမှ မြစ်ချောင်းထဲမှာ ငါးဖမ်းရပါတယ်။ သူတို့ကို ဒေသအခေါ် ရေရိုးဆွဲတဲ့သူတွေ လို့ ခေါ်ကြတယ်။

၎င်းတို့ သတ်မှတ်ထားတဲ့ မြစ်ချောင်းထဲမှာ တခြားဘယ်သူ့ကိုမှ ငါးဖမ်းခွင့်မပြုပါဘူး။

“ဒေသခံကတော့ တစ်ပိုင်တစ်နိုင် စားဖို့ ဖမ်းကြတာပဲ။ စီးပွားဖြစ် မဟုတ်ရင် ပြီးတာပဲ။ ငါးဖမ်းတဲ့သူ နည်းရင်တော့ လေလံသမားက ကိုယ်တိုင် လာဖမ်းတယ်။ လူများရင်တော့ ရဲခေါ်ဖမ်းတယ်။ ကိုယ့်လယ်ထဲက ငါးကိုတောင် မဖမ်းရဘူးဆိုတာတော့ တော်တော် လွန်ပါတယ်။ သူတို့က ရေချိုငါး ဥပဒေနဲ့ဖမ်းတယ် လို့ ပြောတယ်။ ဘယ်လိုဥပဒေ ဆိုတာလည်း ကျွန်တော်တို့ မသိဘူး” လို့ ဒေးဒရဲမြို့နယ် အတွင်းက ကျေးရွာ အတွင်းရေးမှူး တစ်ဦးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ စပါး စိုက်ပျိုးပြီးချိန် ဖြစ်တာကြောင့် ဘောက်သမား(ကျပန်း)တွေဟာ မိသားစု စားဝတ်နေရေး အတွက် အနီးအနားက မြစ်ချောင်တွေမှာ ငါးဖမ်း၊ ကဏန်းထောင် လုပ်ငန်းတွေနဲ့ အသက်မွေးရပါတယ်။

အခုလို အင်းလေလံသမားတွေက ဖမ်းဆီးခွင့်မပြုတာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ပြီး ရာဇ၀တ်မှုတွေ ကျူးလွန်လာမှာ ကြောက်ရတယ်လို့လည်း ကျေးရွာအတွင်းရေးမှူးကရှင်းပြပါတယ်။

အင်းလေလံသမားတွေဆီက ငါးဖမ်းကွက် တစ်ဆင့်ပြန်တောင်းပြီး ဖမ်းတဲ့သူတွေကလည်း ရရှိလာတဲ့ငါးတွေကို အင်းလေလံသမားတွေ ဆီမှာပြန်သွင်းရတယ်လို့ ဘိုကလေးမြို့နယ်က ငါးဖမ်းသူတစ်ဦးကပြောတယ်။

“ရလာတဲ့ငါးတွေကို သူတို့ဆီမှာအကုန်ပြန်သွင်းရတယ်။ ဈေးနှုန်းလည်းနှိမ်သလို အလေးချိန်လည်းခိုးတယ်။ တစ်ပိဿာ ၃၀၀၀ လောက်ရှိ့ရင် ၁၀၀၀ ၊ ၁၂၀၀ လောက်ပဲပေးတယ်” လို့ ၄င်းက ပြောတယ်။

အင်းလေလံသမားတွေက လှေနဲ့ ငါးဖမ်းကိရိယာတွေ မရှိရင် အကြွေးပေးတာကြောင့် အင်းလေလံသမားတွေနဲ့ အဆင်ပြေအောင် ပေါင်းရတယ်လို့ ဆက်ပြီး ရှင်းပြတယ်။

နာဂစ်မုန်တိုင်း အပြီးမှာ အင်းလေလံဈေးနှုန်းတွေ မြင့်တက်လာသလို သားငါး ဖမ်းဆီးရရှိမှုလည်း နည်းပါးလာတယ်လို့ ရေလုပ်ငန်းလုပ်သူတွေက ပြောကြတယ်။ ဒါကြောင့်လေလံ ဈေးနှုန်း ပြည့်မီအောင်လို့ သဲကြီးမဲကြီး ရှာဖွေလာကြရတယ် လို့ ဆိုပါတယ်။

ဘိုကလေးမြို့မှာလည်း လယ်သမားတွေကို အင်းလေလံသမားတွေက အလားတူ ခြိမ်းခြောက်တာတွေ ရှိပါတယ်။

ဘိုကလေးမြို့က လယ်သမားတစ်ဦးက “သူတို့ပြောပုံအရ ဆိုရင် ရိုးရောက်ရေပေါက် သူတို့ပိုင်တယ်လို့ ပြောတယ်။ နောက်ဆုံး ရေချိုမှန်ရင် ရာဝင်အိုးထဲက ရေတောင် သူတို့ပိုင်တယ်လို့ ပြောတယ်။ ဥပဒေတွေဘာတွေ ဆိုတာလည်း ကျွန်တော်တို့က သိပ်နားမလည်တော့ ပြဿနာ မဖြစ်အောင် ရှောင်နေလိုက်တယ်။ ကိုယ့်လယ်ထဲကငါးတောင် ကိုယ်မဖမ်းရဲဘူး” လို့ သူတို့ရဲ့အခက်အခဲကို ပြောပြတယ်။

စပါးစိုက်ပင်ပေါက်တွေ ရှင်သန်ဖို့ လယ်ကွက်ထဲမှာ ရေကို ချိန်ဆရပါတယ်။ လိုအပ်ရင် လိုအပ်သလို ရေ အသွင်း အထုတ် လုပ်ရပါတယ်။ ဒါပေမယ့် အင်းလေလံသမားတွေကြောင့် မိမိပိုင် လယ်ကွက်ထဲက ရေကို အသွင်းအထုတ် လုပ်ဖို့တောင် အခက်အခဲရှိတယ် လို့ ဒေးဒရဲမြို့နယ်က လယ်လုပ်သူက ပြောပါတယ်။

သည်လို အခက်အခဲတွေကို မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကသူတွေကလည်း ၀င်ရောက် ဖြေရှင်းခြင်း မရှိဘူးလို့ ဆိုပါတယ်။

“ငါးဦးစီးဘက်က ဥပဒေအရ ဆိုပြီး တရားစွဲမယ့်သူ ရှိတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဘက်က လိုက်ရှင်းပေးမယ့်သူ မရှိဘူး။ အမှုဖြစ်ရင် မြို့တက်ရှင်းရတာ စရိတ်စကကလည်း မသေးဘူး။ ခုချိန်မှာ လယ်ထဲကရေတောင် ဖောက်မထုတ်ရဲဘူး ဖြစ်နေတယ်” လို့ ဒေးဒရဲမြို့နယ်က လယ်သမားက ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts