>a nice day for prisoners, generals and journalists

>

အကျဉ်းသား၊ ဗိုလ်ချုပ်ကြီး နှင့် သတင်းထောက် ၀မ်းသာသည့်နေ့
ဒီအောင်ခင်
စက်တင်ဘာ ၁၉၊ ၂၀၀၉

အင်းစိန်ထောင်ထဲမှ ထွက်လာသည့် အမည်မသိ နိုင်ငံရေးအကျဉ်းသား တဦး။ (ဓာတ်ပုံများ – မိုးမခ)


မစည်ကားအပ်သည့်ဒေသအဖြစ် ရှေးမြန်မာများ သတ်မှတ်ထားသော အကျဉ်းထောင်များသည် ယမန်နေ့က စည်ကားလျက်ရှိသည်။

အစိုးရက အကျဉ်းသား ၇၀၀၀ ကျော် လွှတ်မည်ဟု ကြာသပတေးညက ရုတ်တရက် ကြေညာလိုက်သဖြင့် နောက်တနေ့တွင် နိုင်ငံအနှံ့ရှိ ထောင်အများစုမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

ထောင်များအနက် ရန်ကုန်ရှိ နာမည်ကျော် အင်းစိန်ထောင်မှာ အစည်ကားဆုံး ဖြစ်သည်။ ထောင်အပြင်ဘက်တွင် အကျဉ်းသားမိသားစုဝင်များက မျှော်လင့်ချက်ရာခိုင်နှုန်း ၅၀ ခန့် ကိုယ်စီဖြင့် လာရောက် စုဝေးနေသည်ကို တွေ့ရသည်။

အာဏာပိုင်တို့က ဖိတ်ခေါ်သဖြင့် ရန်ကုန်အခြေစိုက် သတင်းထောက် ၇၀ ခန့်လည်း အင်းစိန်ထောင်သို့ သွားရောက်ပြီး သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည့် ကြုံတောင့်ကြုံခဲ ခွင့်ပြုချက်များ ရကြသည်။ ထို့ကြောင့်လည်း ထောင်က ပိုမို စည်ကားနေခြင်း ဖြစ်သည်။ အယ်ဒီတာ၊ မန်နေဂျာက စေလွှတ်ခြင်း မပြုသော်လည်း ထောင်ရှေ့သို့ ရောက်နေသူ သတင်းသမားများကိုလည်း တွေ့ရသည်။ လာရောက်သည့် ပရိသတ်ကို ထောက်လှမ်းစုံစမ်းသည့် အာဏာပိုင်တို့လည်း လူအုပ်ထဲတွင် အများနည်းတူ ဟိုဟိုဒီဒီ ကြည့်နေကြသည်။

အင်းစိန်ထောင်ရှိ ပရိသတ်မှာ တနေကုန် ရပ်စောင့်၊ ထိုင်စောင့် နေကြသော်လည်း တိကျရေရာသည့် သတင်းများ မရကြပေ။

သက်ဆိုင်ရာ ထောင်အရာရှိများက လွတ်မည့်သူမည်သူများဖြစ်ကြောင်း နာမည်စာရင်းဖြင့် လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့် အပြင် အရေအတွက် ခန့်မှန်းချေကိုပင် လျှို့ဝှက်ထားကြသည်။

လွတ်မြောက်လာသူများထဲတွင် ထုံးစံအတိုင်း နိုင်ငံရေးသမားများ အနည်းငယ်သာ ပါဝင်သည်။ ကျန် အကျဉ်းသားများမှာ နှစ်လုံး ထီ လောင်းကစားမှု၊ ငွေအလွဲသုံးမှု၊ ခိုးမှု စသည့် အမှုများဖြင့် ထောင်ကျနေသူများဖြစ်သည်ဟု သိရသည်။

သတင်းသမား ဆိုသည် နိုင်ငံရေးပါတီရုံးများ၊ နိုင်ငံရေး သမားများ၏ အိမ်သို့ ကိုယ်တိုင် သွားရောက်ပြီး သတင်းလိုက်လို၊ ဓာတ်ပုံရိုက်လိုသော်လည်း အာဏာပိုင်တို့၏ စောင့်ကြည့်နေမှုကြောင့် အခက်အခဲ တွေ့နေသူများ ဖြစ်သည်။ အင်းစိန်ထောင်မှ လွတ်လာမည့်သူများကို လွတ်လွတ် လပ်လပ် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး သတင်းယူရန် အခွင့်အရေးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေသည်။

ဘိုးတော်သန်းလှ

အကျဉ်းဦးစီးဌာန အရာရှိကြီး၏ သြ၀ါဒစကားများ နားဆင်ရန် စောင့်ဆိုင်းနေရသည့် အကျဉ်းသားများထဲတွင် ဦးသန်းလှ ခေါ် ဘိုးတော်သန်းလှလည်း ပါဝင်သည်။ ၎င်းသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အတွက် အောင်မြင် တိုးတက်ရေး အကြံဉာဏ်များ ပေးခဲ့သူ ဖြစ်သည်။ တန်ခိုးကြီးလှသော ဗိုလ်ချုပ်ခင်ညွန့် ဖြုတ်ချ ထိန်းသိမ်း ခံရသည့် ၂၀၀၄ ခုနှစ်တွင် ဦးသန်းလှလည်း ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူ့အား အစိုးရက ထောင်ဒဏ် မည်မျှ ပေးခဲ့သည်ကို မသိရပါ။

သတင်းထောက်များက သူ့အား မေးခွန်းထုတ်ရန် ချည်းကပ်သော်လည်း သူက စကားပြောလိုဟန် မပြပေ။ “ဥပုသ်စောင့်ထားတယ်” ဟုသာ ပြန်လည် တုံ့ပြန်ခဲ့သည်။ သတင်းထောက်များ၏ မေးခွန်းမှန်သမျှကို ဖြေဆိုခြင်း မပြုကြောင်း တွေ့ရသည်။

အကျဉ်းဦးစီးဌာန အရာရှိကြီး၏ သြ၀ါဒအတွက် ထိုင်နေရသည့် နိုင်ငံရေး အကျဉ်းသားများ ထိန်းသိမ်းခံခဲ့ရသည့် အကြောင်းရင်းများမှာ စိတ်ဝင်စားဖွယ် အချက်များဖြင့် ပြည့်နေသည်။

၎င်းတို့ထဲမှ ဒေါ်တင်တင်မြင့် ဆိုသူက ထိုင်းနိုင်ငံရောက် မိသားစုဝင်တဦးနှင့် တယ်လီဖုန်း အဆက်အသွယ်ပြုမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခဲ့သည်ဟု မိုးမခသို့ ပြောပြသည်။

“၁၀ နှစ် ထောင်ထဲမှာ နေရတယ်။ နိုင်ငံရေးမှုနဲ့ပါ။ ပြည်ပရောက်နေတဲ့ အကို ဖြစ်သူကို ဖုန်းခေါ်လို့ အဖမ်း ခံရတာပါ။ အကိုက ၁၉၉၆ ခုနှစ်ထဲက မြန်မာပြည်က ထွက်သွားတာပါ” ဟု သူက ပြောသည်။

အဖမ်းခံရစဉ်က သူ၏ မောင်ဖြစ်သူလည်း ပါဝင်သည်ဟု ဆိုသည်။

“မောင်လေးက ရှေ့ ၂လပိုင်းတုန်းက လွှတ်တဲ့ ထဲမှာပါပြီး လွတ်သွားတယ်။ အထဲမှာ အမှုတူတယ်” ဟု ဒေါ်တင်တင်မြင့်က ရှင်းပြသည်။

နိုင်ငံရေးအကျဉ်းသား ဖြစ်သော်လည်း နိုင်ငံရေးသမား မဟုတ်သဖြင့် ဒေါ်တင်တင်မြင့်၏ ဖြစ်ရပ်မှာ သတင်းထောက်များအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

“ဈေးရောင်းစားပါတယ်။ အမေနဲ့ဆို မိသားစု ငါးယောက် ရှိတယ်။ အခု ထောင်က ထွက်လာတော့ ဈေးပဲ ရောင်းစားမှာပါ” ဟု ဒေါ်တင်တင်မြင့်က ရှင်းပြသည်။

နိုင်ငံရေးအမှုဖြင့် ယမန်နေ့က အင်းစိန်မှ ပြန်လွတ်လာသူများထဲတွင် အမျိုးသမီး ၆ ဦး ပါဝင်သည်ဟု ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။

အကျဉ်းဦးစီး ညွှန်ချုပ်၏ အဆိုအရ ထောင်ပေါင်းစုံမှ နိုင်ငံရေးအကျဉ်းသား ၂၅၀ လွတ်လာမည်ဟု ဆိုသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသား ဟူသည့် ဝေါဟာရကို သူက အသုံးပြုခြင်း မရှိပေ။ သူ၏ စကား မှန်ကန်ပါက နိုင်ငံရေးအကျဉ်းသား ၁၀ ပုံ ၁ ပုံကို ဗိုလ်ချုပ်ကြီးများက လွတ်ပေးလိုက်ခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ၂၀၀၀ ကျော် ရှိသည်ဟု အသံလွှင့်ဌာနများမှ တဆင့် ကြားဖူးနေသည်။

သို့သော် ချွင်းချက်ဖြင့် လွတ်ခြင်း ဖြစ်နေသည်။ နိုင်ငံရေးနှင့် ဝေးဝေးမနေဘဲ ပြန်လည် ထိန်းသိမ်းခံရပါက အကြွေးဟောင်း ပြန်ဆပ်ရမည်ဟူသော တုပ်နှောင်မှု ပါဝင်နေသည်။ လွတ်ရက်စေ့ရန် လအနည်းငယ် ရက်အနည်းငယ်သာ ကျန်တော့သည့် အချိန်တွင် လွတ်မြောက်လာသူများ အဖို့လည်း ခံရခက်စွာဖြင့် ထောင်အပြင်ဘက် ရောက်လာခြင်း ဖြစ်မည်။

မည်သို့ပင် ဖြစ်စေ၊ စက်တင်ဘာ ၁၈ ရက်နေ့သည် အကျဉ်းသား အများအပြား ပြန်လွတ်လာသဖြင့် ကာယကံရှင်များ နှင့် မိသားစုများ ၀မ်းသာကြသည်။ (နံရံလေးဘက်တွင် ကျန်ခဲ့သူများရှိသဖြင့် အပြည့်အ၀ ၀မ်းမသာနိုင်ဟု သူတို့က ပြောသည်။)

ယခု ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန်၌ မြန်မာပြည်အကြောင်း ငြင်းခုံကြရာတွင် ဗိုလ်ချုပ်ကြီးများကလည်း လက်မထောင်နိုင်မည် ဖြစ်သောကြောင့် ၀မ်းသာနေပေမည်။ လွန်ခဲ့သည့် ၂ လ က ကုလသမဂ္ဂတွင် စစ်အစိုးရက ကတိပေးခဲ့ဖူးသည်။ “အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်” ဟူ၍ ဖြစ်သည်။ ထိုသို့ “ကတိတည်ခြင်း” အတွက်လည်း ၀မ်းသာနေပေမည်။

စာနယ်ဇင်းသမားများကလည်း ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရေးသားခွင့် ရသဖြင့်လည်း ၀မ်းသာကြသည်။ ထိုသို့ ၀မ်းသာမှုများ မည်မျှ ကြာရှည်ခံမည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ကိုယ်ရေးသည့် သတင်းက စာဖတ်သူထံ မရောက်မီ အယ်ဒီတာ့စားပွဲ၊ စာပေစိစစ်ရေးရုံးမှ တန်ခိုးကြီးပုဂ္ဂိုလ်တို့၏ စားပွဲ စသည့် စားပွဲပေါင်း များစွာကို ဖြတ်သန်းရဦးမည် မဟုတ်ပါလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts