>Regime frees nargis reporters

>

နာဂစ်ဒုက္ခသည်များကို ကူညီသူသတင်းသမားများအား အစိုးရက ပြန်လွှတ်ပေး
မိုးမခအထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၁၈၊ ၂၀၀၉
အင်းစိန်ထောင်ထဲမှ ထွက်လာသော သတင်းထောက် ကိုကျော်ကျော်သန့်


နာဂစ် မုန်တိုင်း ကြောင့် ဒုက္ခသည်များကို ကူညီသော သတင်းထောက် ၂ ဦးအား အစိုးရက ထောင်ထဲသို့ ပို့ပြီး အပြစ်ပေးခဲ့သော်လည်း သောကြာနေ့ နေ့လယ်ပိုင်းတွင် ထောင်မှ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်။

Weekly Eleven ဂျာနယ်တွင် အယ်ဒီတာတစ်ဦး အဖြစ် တာဝန်ယူခဲ့သူ ကိုကျော်ကျော်သန့်သည် သူ၏ စာနာမှု အတွက် ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသော်လည်း ထောင်သက် ၂နှစ် ခန့်တွင် ထောင်အပြင်ဘက် ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။

“နာဂစ်အပြီးမှာ ဒဂုံမြို့သစ် မြောက်ပိုင်းက ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီ ပိုရအောင် ဆိုပြီး UNDP ရုံးကို တင်ပြဖို့ ခေါ်သွားပေးတယ်။ အဲဒါကြောင့် အဖမ်းခံရတယ်” ဟု ကိုကျော်ကျော်သန့်က မိုးမခကို ပြောပြသည်။

UNDP သည် ကုလသမဂ္ဂ၏ အကူအညီပေးရေး အဖွဲ့ခွဲတခု ဖြစ်သည်။

“ကျွန်တော်တို့ ဘက်က ချွတ်ယွင်းချက်တွေကတော့ အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှု အားနည်းခဲ့တာပါ။ သတင်းထောက်ဖြစ်ပြီး ဒီလို ခေါ်သွားခဲ့တဲ့ အပေါ် ကျွန်တော်ပြောချင်တာကတော့ လူသား အချင်းချင်း အခက်အခဲရှိတဲ့ အချိန်မှာ ပရဟိတ စိတ်နဲ့ ကူညီခဲ့တာပါပဲ” ဟု ကိုကျော်ကျော်သန့်က ရှင်းပြသည်။

ထောင်ကျနေစဉ် မိသားစုနှင့် ဆက်သွယ်ခွင့် ရခဲ့သည်ဟု ဆိုသည်။

“ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် လွတ်လာတယ်လို့ထင်ပါတယ်။ ၁၅ရက် တစ်ကြိမ်မိသားစုနဲ့ ၁၅မိနစ်ပေးတွေ့တယ်။ ထောင်ကလွတ်လာပြီးတော့ မိသားစုကို ဂရုစိုက်ရမယ်။ မီဒီယာကို လည်း ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု သူက မိုးမခကို ရှင်းပြသည်။

သူ့နည်းတူ လွတ်မြောက်လာသူ မအိမ့်ခိုင်ဦးကလည်း မီဒီယာအလုပ်ကို ပြန်လည် လုပ်ကိုင်မည်ဟု ဆိုသည်။

“ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ သတင်းထောက် အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တာပဲ၊ တရားရုံးမှာလည်း အဲလိုပဲ ပြန်လျှောက်လဲခဲ့ပါတယ်။ နာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးခဲ့တဲ့အတွက် မှားတယ်လို့ မထင်မိပါဘူး” ဟု Eco Vision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးက မိုးမခကို ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts