>some 20 activists free from Insein prison today

>

အစိုးရ လွှတ်သည့် ၇၀၀၀ တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ ၀န်းကျင် ပါဝင်
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၈၊ ၂၀၀၉
နာဂစ် ဒုက္ခသည်များကို ကူညီစဉ် အဖမ်းခံရသည့် အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (ဓာတ်ပုံများ-မိုးမခ)


မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၇၀၀၀ ကျော် လွှတ်ပေးမည်ဟု စစ်အစိုးရက ကြာသပတေးညက ကြေညာခဲ့သော်လည်း သောကြာညနေပိုင်းအထိ ရန်ကုန်မြို့ အင်းစိန်ထောင်မှ လွတ်လာသူများထဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သူ ဦးရေ ၂၀ ခန့်သာ ပါရှိသည်ကို တွေ့ရသည်။

ယနေ့ နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်လာသူများထဲတွင် NLD ပါတီဝင်များထဲမှ ဦးနိုင်းနိုင်း၊ ကဗျာဆရာ မုံရွာအောင်ရှင်၊ မသန်းသန်းဌေး တို့ ပါဝင်သည်ကို တွေ့ရှိရသော်လည်း တခြား ထင်ရှားသည့် နိုင်ငံရေးသမားများကို မတွေ့ရှိရပေ။

ယမန်နှစ်က နာဂစ် ဒုက္ခသည်များကို ယူအင်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံး) သို့ လိုက်ပို့ပေးစဉ် အဖမ်းခံခဲ့ရသည့် အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့် ၀ီးကလီအလဲဗင်း ဂျာနယ်မှ သတင်းထောက်ဟောင်း ကိုကျော်ကျော်သန့်တို့သည်လည်း ယနေ့ လွတ်မြောက်သည့် အထဲတွင် ပါဝင်သည်ကို တွေ့ရသည်။

မအိမ့်ခိုင်ဦးက လွတ်ချိန်တန်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်သောကြောင့် အထူး ၀မ်းသာခြင်း မဖြစ်မိကြောင်း၊ သတင်းထောက် အလုပ်ကိုသာ ဆက်လုပ်ရန် ရည်ရွယ်ထားကြောင်း မိုးမခကို ပြောပြသည်။

“ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ သတင်းထောက် အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တာပဲ၊ တရားရုံးမှာလည်း အဲလိုပဲ ပြန်လျှောက်လဲခဲ့ပါတယ်။ နာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးခဲ့တဲ့အတွက် မှားတယ်လို့ မထင်မိပါဘူး” ဟု မအိမ့်ခိုင်ဦးက ဆိုသည်။

NLD ပါတီဝင် ကဗျာဆရာ မုံရွာအောင်ရှင်အား ယခုလို လွတ်မြောက်ခြင်းနှင့် ပတ်သက်ပြီး သူ့အမြင်ကို မေးမြန်းရာတွင် “ယခုလိုလွတ်လာတာကို အပြုသဘောမြင်ပါတယ်။ ကျန်နေသေးတဲ့ သူတွေကိုလည်း လွတ်စေချင်ပါတယ်။ ကဗျာတွေဆက်ရေးမှာပါ” ဟုပြောဆိုသည်။

အာဏာပိုင်တို့က ပြည်တွင်း ပြည်ပ သတင်းထောက် အများအပြားကိုလည်း အင်းစိန်ထောင်အတွင်း နေ့လည် တနာရီက ပြုလုပ်သည့် အကျဉ်းသား လွှတ်ပေးခြင်း အခမ်းအနားသို့ ဖိတ်ခေါ်ခဲ့သည်။ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက စစ်အစိုးရ၏ ၂၁နှစ်တာ ကာလအတွင်း စုစုပေါင်း လူ ၁သိန်း ၂သောင်းကျော်ကို အကျဉ်းကျနေရာမှ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်ဟု သတင်းထောက်များကို ပြောသည်။

နယ်မြို့ အကျဉ်းထောင်များမှ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံကျော် လူရွင်တော် ဇာဂနာစသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်သည် ဆိုသည့် သတင်းများ မကြားသိရသေးပေ။

သို့ရာတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးသည့် အရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် အလွန် နည်းပါးသည်ကို တွေ့ရှိရသည်။ ၁၉၈၈ ခုနှစ် အများပြည်သူ တရပ်လုံး ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ အရေးတော်ပုံအား ဖြိုခွင်း အာဏာသိမ်းခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ဖြစ်သည့် ၂၁နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ယခုလို အကျဉ်းသား ၇ထောင်ကျော်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား မရှိ ဟု အစဉ် ငြင်းဆိုလျက် ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts