>Kama Pale – 70 Years

>

နှစ်ပေါင်း … ခုနှစ်ဆယ်

ကမာပုလဲ

စက်တင်ဘာ ၃၊ ၂၀၀၉

ရုပ်ရှင်မင်းသားကြီး

ကိုဇော်ဝမ်း သေတယ် ကြားတော့

သူဆိုခဲ့တဲ့ ကျောက်ခဲ သီချင်းကို သတိရလာတယ်…

တဆက်တည်းမှာ

ဒါရိုက်တာ ရှုမ၀ဦးကျော်ကို သတိရလာတယ်

ရှုမ၀ဦးကျော်ကနေ ရှုမ၀မဂ္ဂဇင်း

ရှုမ၀မဂ္ဂဇင်းကနေ ဦးလေးဗန်းမော်တင်အောင်

ဗန်းမော်တင်အောင်ကနေ ဒဂုန်တာရာ

ဒဂုန်တာရာကနေ ရေကျော်လမ်း

ရေကျော်လမ်းကနေ ကိုဗဟိန်း

ကိုဗဟိန်းကနေ ကိုအောင်ဆန်း

ကိုအောင်ဆန်းကနေ …

လွန်ခဲ့သော နှစ်ပေါင်းခုနှစ်ဆယ် …..။

ကြာခဲ့ပြီ …

လွန်ခဲ့သော …

လူများ

သက္ကရာဇ်များ

အဖြစ်အပျက်များ …။

ကြာခဲ့ပြီ ….

ဘ၀များ ….

မျက်ရည်များ …

သွေးစက်များ …

သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့တဲ့

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ ….။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့

အဲဒီအချိန်တုန်းက …

ငါမမွေးသေးပေမဲ့

သမိုင်းက မွေးခဲ့တယ်။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့

မနေ့ တနေ့က လိုပါပဲ ….။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့

အဲဒီ တိုက်ပွဲဝင် နှင်းဆီခင်းဟာ

ယနေ့အထိ

ကြီးမြတ်သော ဂုဏ်သိက္ခာတရားတွေနဲ့

မွှေးရီ သင်းပျံ့ နေဆဲကို …။

(၁၅၊ ၀၈၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts