>Burmese Junta printed dead policemen photos in state run papers


>

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ဖေါ်ပြသည့် ဓါတ်ပုံများအပေါ်ဝေဘန်ပြောဆိုလျက်ရှိ

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၃၁၊ ၂၀၀၉

ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း သေဆုံးရသည့် ရဲတပ်ဖွဲ့ဝင်များ သတင်းဓါတ်ပုံများမှာ စာဖတ်သူများကို ထိတ်လန့်တုန်လှုပ်စေသည့် အပြင် သေဆုံသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက်လည်း စိတ်ထိခိုက်ဖွယ်ရာဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့ခံ များကပြောဆိုလျက်ရှိသည်။

ယနေ့နံနက်ထုတ် သတင်းစာများတွင် ကိုးကန့် တပ်ဖွဲ့များက ဓါးစာခံများအဖြစ် ဖမ်းဆီးခြင်းခံရသည့် မြန်မာရဲများအား အချုပ်ခန်းနှင့် ပြင်ပ မြက်ခင်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည့် ပုံများကိုဖေါ်ပြထားပြီး ထိုသို့ဖေါ်ပြရာတွင်လည်း အစိုးရသတင်းစာ သုံးစောင်တွင် တစောင်နှင့် တစောင်မတူကွဲပြားစွာ ဖေါ်ပြခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် နယူးလိုက်အော့ဖ် မြန်မာတွင် ဖေါ်ပြထားသည့် ဓါတ်ပုံတပုံတွင် ပါးစပ်ကို သေနတ်ထိမှန်ထားသည့် ရဲတပ်ဖွဲ့ဝင်တဦး၏ မျက်နှာကို အနီးကပ် ရိုက်ကူးပြီး ဖေါ်ပြထားသည်။ မြန်မာ့အလင်း သတင်းစာတွင်မူ နှစ်ယောက်ထိုင် ထိုင်ခုံပေါ်တွင် ထိုင်လျက်သေဆုံးနေသည့် ရဲနှစ်ဦး၊ အချုပ်ခန်းနံဘေးတွင် ထိုင်လျက်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပုံများဖြစ်သည်ကို တွေ့ရသည်။

ရန်ကုန်မြို့မှ သတင်းစာဖတ်သူ တဦးက` စစ်အစိုးရဟာ ခါတိုင်း ဒီလိုတခါမှ ဖေါ်ပြလေ့မရှိဘူး၊ နောက်တခုထူးတာက အခုဖေါ်ပြတာ သူတို့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သူပုန်တွေလည်း မဟုတ်ဘူး၊ သူတို့ရဲ့ နောက်လိုက်တွေ အခုလို ရုပ်ပျက်ဆင်းပျက် သေနေတာကို ဘာလို့ဖေါ်ပြလဲ၊ ဘာရည်ရွယ်ချက်လဲ ဆိုတာနားမလည်နိုင်ဘူး၊ နောက်တခုထူးတာက ရဲတွေသေတာတော့ ဖေါ်ပြပြီး စစ်တပ်က သေတာတော့ ဘာလို့မဖေါ်ပြလဲဆိုတာပါ။ စစ်တပ်အရာရှိတွေ သေတယ်ဆိုတာ သတင်းစာနာရေးကို ဖတ်ရင်သိနိုင်တာပဲ၊ တနေ့က ဗိုလ်အဆင့်တယောက်၊ ဒီနေ့ ဗိုလ်မှူးအဆင့် တယောက်ပါတယ်´ ဟုဆိုသည်။
ပုဂ္ဂလိက မီဒီယာမှ သတင်းထောက် တဦးကမူ `အခုလိုပုံတွေ ထည့်လို့ စာဖတ်သူအတွက် ဘာအကျိုးမှ မရှိတဲ့အပြင် သေဆုံးသူတွေရဲ့ မိသားစုနဲ့ဆွေမျိုးသားချင်း တွေအတွက် စိတ်ထိခိုက်စရာသာ ဖြစ်နိုင်ပါတယ်၊ စာနယ်ဇင်းကျင့်ဝတ်အရ ဖေါ်ပြသင့်တယ်လို့ ကျွန်တော်တော့ မထင်ဘူး၊ နအဖ အစိုးရက ကိုးကန့်အဖွဲ့ကို ရက်စက်တဲ့ အဖွဲ့တခုအဖြစ် ပုံဖေါ်ချင်တာကြောင့် ထည့်တာလို့ ကျွန်တော်တော့ ထင်တာပဲ´ ဟုဝေဘန်ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ရဲတပ်ဖွဲ့ဝင်တဦးကမူ ရဲများသေဆုံးရခြင်းနှင့် ပတ်သက်ပြီး `ရဲတွေက တိုက်ခိုက်ရေး တပ်ဖွဲ့မှမဟုတ်တာ၊ ရဲတွေကို အသုံးချတာ၊ အကျိုးအမြတ်နဲ့ယှဉ်လာရင် နအဖက ချကျွေးတာမျိုး လုပ်လေ့ရှိတယ်၊ အခုဟာလည်း ဒီလိုသဘောပါပဲ၊ ကျွန်တော်တို့ ၂၀၀၇ စက်တင်ဘာတုန်းကလည်း သံဃာတွေကို နှိပ်ကွပ်ဖို့ အတင်းအကြပ်စေခိုင်းခဲ့တာ၊ အခွင့်အရေးယူဖို့ဆို ရင်တော့ စစ်တပ်က ရှေ့ဆုံးကပါပဲ´ ဟုဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ခဲ့သည့် ကိုးကန့်ဒေသ စစ်ရေးပြင်ဆင်မှုနှင့် တိုက်ပွဲသတင်းများကို လူထုက စိတ်ဝင်စားလျက်ရှိပြီး ယနေ့ထုတ် သတင်းစာများမှာ နေ့လည်မွန်းမတည့်မီ ဆိုင်များပေါ်မှ ရောင်းကုန်သွားခဲ့သည်ဟု သတင်းစာဖတ်သူ တဦးက ပြောဆိုသည်။

အဆိုပါ သတင်း ဓါတ်ပုံများကို အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက ဂျာနယ်အချို့က အစိုးရသတင်းစဉ်မှ တောင်းယူကာ လာမည့်ရက်ပိုင်းတွင် ဖေါ်ပြဖို့ ပြင်ဆင်လျက်ရှိကြောင်း ဂျာနယ်သတင်းထောက် အချို့၏ ပြောဆိုချက်အရ သိရှိရသည်။


(ရန်ကုန်မြို့ခံတဦးယနေ့ထုတ်သတင်းစာမှ ကိုးကန့်ဒေသတိုက်ပွဲသတင်းကို ဖတ်ရှုနေပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts