>SPDC vs. US

>

အမေရိကန်ဆန့်ကျင်ရေးအရှိန်ကို စစ်အစိုးရ လျှော့ချနေပြီ
မိုးမခ အထောက်တော် အမှတ် ၀၀၁
သြဂုတ် ၃၀၊ ၂၀၀၉


အမေရိကန်အပေါ် မကောင်;မြင်မှုများကို အသားပေးသည့် ဖော်ပြချက်များကို
ပြီးခဲ့သည့် ကြာသပတေးနေ့အထိ သတင်းစာများတွင် တွေ့ရသည်


မြန်မာသတင်းစာများတွင် “အမေရိကန် နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ” ၏ လက်ချက်ကြောင့် အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံတို့တွင် အရပ်သားများ ဒဏ်ရာရ သေဆုံးကြသည့် အရေအတွက်များ ဖော်ပြနေခြင်းကို သောကြာနေ့က စတင်ပြီး ရပ်ဆိုင်းလိုက်သည်။

သတင်းစာများကို စစ်အစိုးရက စီစဉ် ထုတ်ဝေနေပြီး မြန်မာနိုင်ငံက အေးချမ်း သာယာနေပုံကို ဖော်ပြထားသည်၊ တခြားနိုင်ငံများတွင်မူ မတော်တဆဖြစ်မှု၊ သဘာဝဘေးအန္တရာယ် နှင့် တိုက်ပွဲများကြောင့် လူအများအပြား သေကြေကြပုံ အနိဋ္ဌာရုံများကို ဖော်ပြထားသည်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်သည့် အရေးအသားများ ပါဝင်ခဲ့သည်။

အမေရိကန် ဆန့်ကျင်ရေး တဖြည်းဖြည်း ငြိမ်သက်သွားခြင်းသည် ရန်ကုန်တွင် ရောက်နေသော အမေရိကန် အောက်လွှတ်တော် အရာရှိများ၏ ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

အောက်လွှတ်တော် အရာရှိများက မြန်မာပြည် အခြေအနေ၊ အမေရိကန်အစိုးရ မူဝါဒ၏ မြန်မာပြည်အပေါ် သက်ရောက်မှုများ အခြေအနေ တို့နှင့် ပတ်သက်ပြီး အချက်အလက်များ စုဆောင်းနေခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာပြည်ဆိုင်ရာ အမေရိကန်၏ မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာပြည် အပြောင်း အလဲ အတွက် စီးပွားရေး ပိတ်ဆို့မှု သာမက စေ့စပ် ညှိနှိုင်းမှုသည်လည်း အလုပ် မဖြစ်ဟု ဆိုသည်။

၁၉၈၈ ခုနှစ် ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကြောင့် အမေရိကန်က မြန်မာ စစ်အစိုးရက ခပ်ခွာခွာ ဆက်ဆံလာသည်မှာ နှစ်ပေါင်း ၂ဝ ကြာခဲ့ပြီ ဖြစ်သည်။

ထို ဆက်ဆံရေးကို ပြန်သုံးသပ်မည်ဟု ပြောကြားခဲ့ခြင်းမှာ ၆ လ ကြာခဲ့သော်လည်း အမေရိကန်၏ မူဝါဒအသစ် ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ဤ ၆ လအတွင်း အမေရိကန်မှ ကိုယ်စားလှယ် အဖွဲ့များ မြန်မာပြည်သို့ သွားရောက်ခဲ့ကြသည်။

ဧပြီလတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်မှူး စတီဖင် ဘလိတ် မြန်မာပြည်သို့ သွားခဲ့သည်။

ဇူလိုင်လတွင် ဟီလာရီ ကလင်တန်က ထူးခြားသည့် ကမ်းလှမ်းချက် တခု ထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု ဆိုသည်။

ယခုလအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာပြည်သို့ သွားခဲ့ရာ ထိပ်သီး စစ်ခေါင်းဆောင် အားလုံးက လက်ခံ တွေ့ဆုံခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေရန် အပြုသဘော ဆောင်သည့် ခရီးစဉ် ဖြစ်သည် ဟု စစ်အစိုးရ သတင်းစာများက ဆိုသည်။

ဒေါ်စု၏ အိမ်သို့ သွားရောက်မှုဖြင့် ထောင် နှစ်ရှည် ချထားသူ အမေရိကန် နိုင်ငံသားတဦးကိုလည်း စီရင်ချက်ပြီး တပတ်အတွင်း ပြန်လည် လွှတ်ပေးလိုက်သည်။

အမေရိကန်နှင့် ပိုမို ရင်းနှီးလိုဟန်များကို စစ်အစိုးရက ပြသနေသော်လည်း အမေရိကန်က တောင်းဆိုထားသည့် နိုင်ငံရေးသမားများအား ချုပ်နှောင်ထားခြင်းမှ လွှတ်ပေးရန်၊ ဒီမိုကရေစီ ဘက်တော်သားများနှင့် ဆွေးနွေးရန် ဟူသော ထင်သာ မြင်သာ ရှိသည့် အချက်များနှင့် ပတ်သက်ပြီး စစ်အစိုးရက စိတ်ဝင်စားမှု အရိပ်အယောင် မပြသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts