>Largest Alchohal Plant in Burma burnt down

>

မြန်မာနိုင်ငံတွင် အကြီးဆုံးအရက်ချက် စက်ရုံ မီးလောင်

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၅၊ ၂၀၀၉

(ဂရင်းရွိုင်ရယ် အရက်စက်ရုံကို မီးလောင်ပြီး၊ နောက်တရက် ၂၃ ရက် တွင် တွေ့မြင်ရစဉ်)

နေထိုင်သူ လူဦးရေ သုံးထောင်ကျော်၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်ခဲ့သည့် အရက်ချက်စက်ရုံ မီးလောင်ကျွမ်း ပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူများကို ရှာဖွေစိစစ်နေကြောင်း သိရှိရသည်။

သြဂုတ်လ ၂၂ရက်နေ့ည ၇နာရီ၅မိနစ်ခန့်တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ယင်းတိုက်ပင်ရွာ၊ စက်မှုရပ်ကွက်ရှိ မြန်မာနိုင်ငံတွင် အရောင်းရဆုံး နံပါတ်တစ် ဖြစ်သည့် ဂရင်းရွိုင်ရွယ် အရက်ချက်စက်ရုံတွင် အရက်ဆီ ပေါင်းခံအိုး ပေါက်ကွဲမှုဖြစ်ပွားပြီး မီးပြင်းထန်စွာလောင်ကျွမ်းခဲ့ရခြင်းဖြစ်သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။

ယင်းစက်ရုံသည် ယခင် ၁၃နှစ်ဝန်းကျင် အရက်ချက်စက်ရုံဝင်းအတွင်းတွင် လွန်ခဲ့သော ၃နှစ်မှ အသစ် တည်ဆောက်ထားသည့် စက်ရုံဖြစ်ပြီး အလုပ်ချိန် သုံးဆိုင်းဖြင့် လည်ပတ်နေသည့် စက်ရုံဖြစ်ပြီး မီးလောင်ကျွမ်းချိန်တွင် သေဆုံးခဲ့သော ၀န်ထမ်းများမှာ ညနေ ၄နာရီမှ ည ၁၂နာရီ အဆိုင်း တာဝန်ကျ ၀န်ထမ်းများ ဖြစ်သည်ဟုသိရသည်။

မီးလောင်ကျွမ်းပြီး ၈နာရီဝန်းကျင်မှစပြီး ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ် ၄၇စီး ဖြင့်ငြိမ်းသတ်ခဲ့သော်လည်း မီးညွှန့်များတက်ကာ အရက်သှိလှောင်သည့်ပီပါများ၊ သံထည် လှောင်အိုးများ ဘွိုင်လာကော်လံများ တစ်ခုပြီး တစ်ခု ဆင့်ကာပေါက်ကွဲမှုဖြစ်ပြီး မီးငြိမ်းသတ်နေသာ မြောက်ဥက္ကလာ မီးသတ်ယာဉ် တစင်းကိုပါ အရက်ဆီများ စီးကာ လောင်ကျွမ်းမှုဖြစ်ပွားပြီး မီးသတ်သမား တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ည၇နာရီလောက်ထဲက အရက်ဆီပေါင်းခံတဲ့အိုးက ပေါက်ကွဲပြီး စက်ရုံထဲက လောင်စာတွေမှန်သမျှ မီးကူးပြီးပေါက်ကွဲရာက ထိန်းချုပ်လို့မနိုင်အောင် လောင်ကျွမ်းနေတယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ မီးသတ်ယာဉ်တွေ အကုန်လုံးဝိုင်းပြီး ငြိမ်းတာတောင် မနက် ၁နာရီမှ မီးညွှန့်ကျိုးတယ်။ ဒါပေမယ့် တငွေ့ငွေ့နဲ့ လောင်နေသေး တယ်။ ညနေ ၅နာရီကျော်မှ စိတ်ချရတဲ့ အနေအထားကို ရောက်တယ်။ ပေါက်ကွဲမှုပြင်းထန်းတော့ မီးငြိမ်းသတ်နေတဲ့ မီးသတ်ကားအောက်ကို အရက်ဆီတွေ စီးပြီး မီးဟပ်တာ ကားပျက်စီးသွားပြီး မီးသတ်သမား ခြေထောက်ထိသွားတယ်။ စက်ရုံဘေးက ငမိုးရိပ်ချောင်းမှာ ရေဆိုးမြောင်းရှိတော့ အရက်ဆီတွေစီးပြီး မီးလောင်သေးတယ်။ မီးသတ်မရောက်ခင် စက်ရုံဘေးက အိမ်သုံးလုံးခွဲ အကုန်လောင်သွားတယ်။ တစ်ခါမှ ဒီလောက်ကြီးမားတဲ့ ပေါက်ကွဲမီးလောင်မှုမျိုး မကြုံဘူးပါဘူး” မီးသတ်ဌာနမှ သိရှိရသည်။

ယင်းမီးလောင်ပေါက်ကွဲမှုသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် စက်ရုံအနီးရှိ ရွာများမှ လူများသည် အိုးအိမ်များကို စွန့်ခွာ ပြီး ဘေးလွတ်ရာသို့ ကြောက်လန့် ထွက်ပြေးခဲ့ကြသည်ဟု ရွာသားများ ပြောပြချက်များအရသိရသည်။

စက်ရုံဘေးငမိုးရိပ်ချောင်းဘေးတွင်နေထိုင်သူက

“ည၇နာရီလောက်မှာ ဂျိမ်း ဆိုပြီး ပေါက်ကွဲသံနဲ့အတူ မြေကြီး ပါငလျင်လှုပ်သလိုတုန်ခါသွားတယ်။ မီးလုံးကြီးတွေ တက်လာလည်း တွေ့ရော ကြောက်ပြီး အိမ်က အဖေကို ကုန်းပိုးပြီး ကလေး၃ယောက်နဲ့ ဖိနပ်တောင် မပါတော့ဘူး ပစ္စည်းတွေလည်း မယူဘဲ ထွက်ပြေး ရတယ်။ ကိုယ်ကို မိုးကြိုးပစ်သလား ထင်ရတယ်။ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်။ မနက် ၁နာရီကျော်မှ မီးညွှန့်ကျိုးတယ်။ စက်ရုံအလုပ်သမား တွေအထဲမှာ ပိတ်မိပြီး သေကြတယ်။ စက်ရုံနောက် အုတ်တံတိုင်းကျော် ပြီး လွတ်လာတဲ့သူတွေရှိတယ်။ စက်ရုံဘေးမှာ ဓာတ်ခွဲခန်းလည်း ရှိတယ်။ စွန့်ပစ်ပစ္စည်းကနေ ဘိုင်အိုအီသနော ထုတ်တဲ့ စက်ရုံလည်း ရှိတော့ အဲဒါတွေပါ ပေါက်ကွဲခဲ့ရင် ပြာကျနိုင်တယ်ဆိုပြီး ရက်ကွက်က လူတွေလည်း ကြောက်ပြီးထွက်ပြေးကြတာ။ ကောင်းကင်တစ်ခုလုံး မီးလုံးကြီးတွေနဲ့ လင်းထိန်ပြီး အပူဟပ်တာ ဘယ်လိုမှ နေလို့မရဘူး။ အခုချိန်ထိ ထမင်းလည်းမစားနိုင်ဘဲ ရုတ်တရက်ဆိုတော့ ကြောက်တယ်။ မီး သတ်တွေ အချိန်မှီ မီးသတ်နိုင်လို့ အိမ်မီးထဲမပါသွားတာ” ဟုဆိုသည်။

မြန်မာနိုင်ငံရှိလူအများဆုံး သောက်သုံးနေပြီး အရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်သည့်အတွက် သောက်သုံးသူအများစုမှာ ပစ္စည်းပြတ်လတ်မည်၊ သို့မဟုတ် ဈေးတက်မည်ကို စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။ ဂရင်းရွိုင်ရယ် သောက်သုံးသူတစ်ဦးက “အရက်ချက်စက်ရုံကြီး မီးလောင်တယ်။ စက်ရုံတစ်ခုလုံးလည်း ကုန်ပြိဆိုတဲ့သတင်းလည်းကြားရော တချို့က အရက်ဈေးတွေ တက်တော့မယ်။ ၀ယ်ထားကြ။ အရက်တွေဝယ်စုကြတော့။ အဓိက သောက်နေတဲ့ အရက်ဖြစ် နေတော့ ဈေးတက်သွားရင် မသောက်နိုင် တော့မှာစိုးတယ်”ဟု ဆိုသည်။ သောက်သုံးသူအများစုမှာ ဈေးကွက်တွင် ပြတ်လပ်သွားနိုင်သည်ဟု ယူဆပြီး စိုးရိမ်ပူပန်နေကြကြောင်းသိရသည်။

မီးလောင်ပေါက်ကွဲမှုကြောင့် အရက်ဆီသှိလှောင်ထားသော ဂါလံ ၅၀ဆံ့ ပီပါပေါင်း ၅၀၀၀ ကျော် လောင်ကျွမ်းပျက်ဆီးခဲ့ပြီး စက်ရုံရှိ ဘွိုင်လာကော်လံနှင့် ပြောင်းဆံသိုလှောင်ရုံ၊ အရက်ဆီ သိုလှောင် ကန်များ၊ စက်ရုံရှိ ကားနှစ်စီးမီးလောင်ကျွမ်းပြီး မီးသတ်ယာဉ်တစ်စီးပျက်စီးပြီး အိမ်သုံးလုံးခွဲအပါအ၀င် ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းခြေ ယူအက်စ် ဒေါ်လာ ၇သန်းခန့် ဆုံးရှုံးခဲ့သည်ဟုသိရှိရသည်။ စက်ရုံကို MNL Myanmar National League ပရိုလိဂ် ဘောလုံး ကလပ်ပွဲများကို အဓိကထောက်ပံ့ပေးသော ဥသာ ယူနိုက်တက်အသင်းပိုင်ရှိင် ဦးအောင်မိုးကျော်မှ ပိုင်ဆိုင်ပြီး ယင်းစက်ရုံကို မီးအာမခံထားရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်က နအဖ အစိုးရက အရက်ထုတ်လုပ်သူ လုပ်ငန်းရှင်ကြီးအချို့ကို အခွန်ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် သိန်းသောင်းနှင့်ချီသည့် အခွန်ပေးဆောင်ရန် အမိန့်ချခဲ့ရာတွင် ယခု ဂရင်းရွိုင်ရယ် အရက်ထုတ်လုပ်သည့် အိုင်ဘီတီစီ ကုမ္ပဏီလည်း ပါဝင်ခဲ့ပြီး သိန်း သောင်းနှင့်ချီသည့် အခွန်ဒဏ်ကြေးများကို နှစ်ကာလ သတ်မှတ်ချက်တခုအတွင်း ပေးသွင်းရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရှိရသည်။ အိုင်ဘီတီစီ ကုမ္ပဏီ၏ ရှယ်ယာ အများစုကို ဦးအောင်မိုးကျော် ကပိုင်ဆိုင်ပြီး ၊ ၄င်းမှာ ပုပ္ပါး အကွာရေသန့်နှင့် စတားကိုလာ အချိုရည်ထုတ်လုပ်သူ ပက်ဆီ ဦးသိန်းထွန်း၏ သားမက်တော်စပ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts