>Maung Swan Yi – Remembering Aung Kyaw Sun

>

တေးဂီတကိုသာမွေ့လျော်ရင်း ကွယ်လွန်သွားခဲ့သူ – အောင်ကျော်ဆန်း

မောင်စွမ်းရည်

သြဂုတ် ၂၃၊ ၂၀၀၉

ကျနော်တို့ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာ လူကြီး လူငယ်စုံတဲ့အပြင် အတီးအမှုတ်သမား၊ သဘင်သည်၊ ရုပ်ရှင်အနုပညာသည်၊ ပန်းချီဆရာစသဖြင့် အစုံပါဝင်ပါတယ်။ တက္ကသိုလ်ဆရာ၊ အထက်တန်းပြဆရာ၊ အလွတ်ပညာသင်ဆရာတွေလဲပါတယ်။

ဒီလိုအပေါင်းအသင်းတွေထဲမှာ ကျနော်တို့ထက်အသက် ၂၀ မက ငယ်တဲ့ အဆိုတော်တယောက်လဲ ပါဝင်ပါတယ်။ သားအရွယ် တူအရွယ်ပေါ့။ သူ့အဖေကိုယ်က ကျနော်တို့နဲ့ ကျောင်းနေဖက်ပါပဲ ပန်းချီကျော် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ၀င်းဖေ ပါ။ ကိုဝင်းဖေက ကျနော်တို့နဲ့ ရွယ်တူတွေ သူသားနာမည်က အောင်ကျော်ဆန်း တဲ့။

အောင်ကျော်ဆန်းက အပျော်တမ်း မဟာဂီတ အဆိုတော်ပါ။ ပတ္တလား စန္ဒယားတို့ကိုလဲ ကောင်းကောင်း တီးတတ်ပါတယ်။ သူ အထူးကျွမ်းကျင် လိုက်စားတာက “နတ်ချင်း” တွေပါပဲ။ နတ်ချင်းတွေကို ၀ါသနာအလျောက် သီကြွေးရင်း နတ်တွေအကြောင်း သမိုင်းနောက်ခံတွေကိုလဲ ကောင်းကောင်း စမ်းဝါး မိထားသူဖြစ်ပါတယ်။

သူတို့နဲ့ အထူးဝါသနာတူသူက တက္ကသိုလ်စိတ်ပညာဌါနက ဆရာအောင်ကျော်တိုး (ယခုအခါ ပါမောက္ခ) နဲ့ ဇနီး စာရေးဆရာမ နုနုရည် (အင်းဝ) ပါ။ အားလုံး လူပျော်တွေချည်းပဲ။ ဆရာအောင်ကျော်တိုးတို့ရဲ့အဖွဲ့က ဇာဂနာတို့ အရိုင်းတို့စတဲ့ တက္ကသိုလ်အနုပညာအသင်းက လူပျော် လူကျော်တွေလည်း ပါဝင်ပါတယ်။ သူတို့အထဲမှာ ဆရာဖြစ်နေတဲ့ အောင်ကျော်တိုးတောင်မှ ငယ်ရွယ်စဉ်က အမျိုးသမီးဝတ်စုံတွေ ၀တ်ပြီး စင်ပေါ်တက် ကဖူးပါတယ်။ ဒါကြောင့် တက္ကသိုလ်မှာ ဆရာတွေ စင်ပေါ် တက် မကရဘူးလို့ အမိန့်ထုတ်ခဲ့ရဖူးပါတယ်။ သူတို့အားလုံးဟာ ဆိုကရေးတီး ဆိုတာတွေမှာ ထူးချွန်ကြပါတယ်။

ကျနော်တို့အထဲမှာ ကိုဘဂျမ်း (တင်မိုး) က အဆို အတီးကို ၀ါသနာပါ ပါတယ်။ ကိုယ်တိုင်လဲ တီးမှုတ်ကာ သီဆိုတာတွေ ကျွမ်းပါတယ်။ ကျနော်နဲ့ ကိုသာနိုးတို့ကတော့ သီချင်းလိုက်ဆိုမယ်၊ လက်ခုပ်တီးပြီး စည်းလိုက်မယ်ပေါ့။ (ကျနော်တို့ကတော့ စည်းကိုတောင် မှန်အောင် မလိုက်တတ်ပါ) ဒါပေမဲ့ အောင်ကျော်ဆန်းတို့ အောင်ကျော်တိုးတို့ရဲ့စိတ်ထဲမှာ ကျနော်တို့လဲ မန္တလေးထုံးစံအတိုင်း ဆိုတတ် တီးတတ်တယ်လို့ ထင်နေပုံရပါတယ်။ တီးကြ မှုတ်ကြ ဆိုကြပြီ ဆိုရင် ကျနော်တို့တတွေကိုလည်း အောင်ကျော်တိုးကားနဲ့ လာပြီး ပင့်တတ်ပါတယ်။ အထူးအဖြင့် နတ်ပွဲတွေမှာပါ။

အောင်ကျော်ဆန်းတို့ရဲ့ မိသားစုနောက်ခံ သမိုင်းလေးကိုတော့ ဒီနေရာမှာ မပြောမဖြစ် ပြောရပါဦးမယ်။ သူ့အဖိုးက မန္တလေးမှာ ဆရာကြီးတဆူဖြစ်ခဲ့တဲ့ မြန်မာ့သမိုင်းပညာရှင် မဟာဂီတပညာရှင် ရွှေပြည်ဦးဘတင် ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်နဲ့အတူ အမျိုးသားကျောင်းမှာ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလဲ ဖြစ်ပါတယ်။ အမ်အေဒေါ်အုန်းနဲ့ လူထုဒေါ်အမာတို့ရဲ့ ဆရာ တော်ခဲ့ဖူး တာပေါ့။

ကျနော်တို့က ဆရာကြီးရဲ့စာတွေ ဆရာကြီးရဲ့ ဟောပြောပွဲတွေ မလွတ်တမ်း ဖတ်ရှု ကြားနာရင်း ကြီးပြင်းခဲ့ပါတယ်။

ဆရာကြီးရွှေပြည်ဦးဘတင်က သူ့ရဲ့သားတွေ အချိန်တန်အရွယ်ရောက်ရင် ပန်းချီနဲ့ ဂီတကို သင်ယူစေပါတယ်။ ယောင်္ကျားဆိုတာ ပန်းချီနဲ့ ဂီတ လိုက်စားရမယ်လို့ “မူ” ချထားပါတယ်။ သူ့သားတွေဟာ အချိန်တန်ရင် ပန်းချီသင်ရပါတယ်။ ပတ္တလားအတီး သင်ရပါတယ်။ ဆရာကြီးရဲ့ သားဖြစ်သူ ကိုဝင်းဖေဟာ ဒီလိုနဲ့ မဟာဂီတသီချင်းတွေလဲ ဆိုတတ်ပြီး၊ ပတ္တလားလဲ ကောင်းကောင်း တီးတတ်ပါတယ်။ နာမည်ကျော် မန္တလေး မြို့မတီးဝိုင်းမှာလဲ စပ်စပ် စပ်စပ်နဲ့ ပါလိုက်ပါသေးတယ်။ ခုတော့ ပုလွေနဲ့ စန္ဒယားကို အားတိုင်း တီးမှုတ်ပါတယ်။ သူရဲ့ သမီးငယ် မီမီဝင်းဖေဆိုရင် အဆိုတော်နာမည်ကြီးမဟုတ်လား။

အောင်ကျော်ဆန်းက ကိုဝင်းဖေရဲ့ သားကြီးပါ။ အခုဆိုရင် အသက် (၅၁) နှစ် ရှိခဲ့ပါပြီ။ ကိုဝင်းဖေရဲ့ သားသမီးတွေထဲမှာ အဆိုအတီးက လွဲပြီး ဘာမှမလုပ်ချင်တဲ့ လူတမျိုးပါ။ တခါက တိုင်းအလိုက် မဟာဂီတ အဆိုပြိုင်ပွဲမှာ သူက မပြိုင်ချင်ပေမဲ့၊ လူကြီးတွေရဲ့ မေတ္တာရပ်ခံချက်နဲ့ ၀င်ပြိုင်ဖူးရာမှာ ပထမရဖူးပါတယ်။ ကျနော်တို့က သူကိုယ်တိုင် စန္ဒယားတီးပြီး သီချင်းဆိုတာကို နားထောင်ရဖူးပါတယ်။

ကဗျာဆရာတင်မိုး နိုင်ငံခြားမထွက်ခင်လောက်က ဆိုတော့ ၁၉၉၉ ခုနှစ်လောက်က ထင်ပါတယ်။ မန္တလေးပန်တျာကျောင်းက စန္ဒယားနည်းပြဆရာ ဦးအုန်းမောင် နဲ့ ဆရာဒဂုန်တာရာတို့ကို ပင့်ဖိတ်ထားပါတယ်။ တင်မိုးနဲ့ ကျနော့်ကို လာခေါ်ပါတယ်။ ရွှေပုပ္ပါး ဦးအုန်းခိုင် အိမ်မှာ ဆုံကြပါတယ်။ ဦးအုန်းခိုင်ရဲ့အိမ်မှာ ရုပ်ရှင်မင်းသားဝင်းဦး တီးခဲ့တဲ့စန္ဒယားကို ၀ယ်ယူထားပါတယ်။ အဲ့ဒီ စန္ဒယားမှာ ဦးအုန်းမောင်ရော ဆရာဒဂုန်တာရာရော တီးကြပါတယ်။

ဆရာတာရာက “ကျနော်က စန္ဒယားနဲ့ လက်နဲ့ ပြတ်နေတာ ကြာပြီ ဆိုတော့ မတီးနိုင်တော့ပါဘူးဗျာ …” လို့ ညည်းညူရှာပါတယ်။ ဦးအုန်းမောင်ကတော့ တကယ့်ကို ပါရဂူမြောက် ဆိုလောက်အောင် ဗြန်းဗြန်းကွဲ တီးပါတယ်။ အောင်ကျော်ဆန်းက ဆိုပါတယ်။ အောင်ကျော်ဆန်းက အားရပါးရဆိုခွင့်ရလို့ ဆရာ့ကို မျက်ရည်လက်ရွှဲနဲ့ ပီတိအပြည့်နဲ့ ကန်တော့ပါတယ်။ အဲ့ဒီပွဲကလေးကို မမေ့နိုင်ကြပါဘူး။

အောင်ကျော်ဆန်း၊ အောင်ကျော်တိုးနဲ့ ယဉ်မင်းပိုက်(ပန်းချီ) တို့ဟာ အဲ့သလို ဂီတ၀ိုင်းလေးကို မကြာမကြာ စီစဉ်လေ့ ရှိကြပါတယ် အောင်ကျော်ဆန်းဆိုရင် စန္ဒယားဦးအုန်းမောင်နဲ့ ဆိုတီးပြီး အားမရသေးလို့လဲ ဒေါ်မာမာအေးအိမ်ကို ဆက်သွားကြရပါသေးတယ်။ ဦးအုန်းမောင်ကလဲ သူ့တပည့်မနဲ့ တွေ့ချင်တာလဲပါတယ်။ ဒေါ်မာမာအေးအိမ်မှာ မရှိလို့ နောက်တ၀ိုင်း မဖြစ်ခဲ့ရတာပါ။ ပွဲကြီးပွဲကောင်း တခုနဲ့ လွဲခဲ့ရပါတယ်။

ကျနော်တို့တတွေက တောင်ပြုံး ရတနာဂူနတ်ပွဲတွေ နွှဲခဲ့ကြဖူးလို့ “နတ်သွေး”က ပါနေတော့ နတ်ဒိုးသံ ကြားရင်လဲ ရိုးတိုးရွတ ဖြစ်လေ့ရှိပါတယ်။ ကျနော်တို့ရှေ့က လူကြီးတွေက (ကန်တော့ပါရဲ့) ပို “ကဲ”တယ်လို့ တောင် ဆိုရပါမယ်။

ဆရာကြီးဦးခင်မောင်လတ်၊ ဆရာမကြီးဒေါ်ခင်မျိုးချစ်နဲ့ ဦးညိုမြတို့ဟာ နတ်ပွဲသံကြားရင် မနေနိုင်ကြပါဘူး။ ဒီအထဲမှာ မုံရွာဦးလေးခန့်နဲ့ ကျနော်တို့လည်း ပါပေသပေါ့။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့က ရန်ကုန်မှာ ကျနော်တို့နဲ့ တရပ်တည်းနေတာ ဆိုတော့ အရပ်ထဲက နတ်ပွဲတိုင်းမှာ အချိန်းအချက်မလုပ်ပဲ ဆုံလေ့ ရှိကြပါတယ်။

ကျနော်တို့ ဆရာတင် ရသူကတော့ နတ်ချင်းအဆိုတော်လို့တောင် တောင်းဆိုရတဲ့ အောင်ကျော်ဆန်း ပါပဲ။ အောင်ကျော်ဆန်း၊ အောင်ကျော်တိုးနဲ့ နုနုရည် (အင်းဝ)တို့ဟာ “နတ်ပိုး” ၀င် နေသူတွေပါ။ တောင်ပြုံးပွဲရာသီရောက်ရင် နတ်ကိုးကွယ်သူတွေထက် သူတို့က ပိုပြီး “ပိုးထ”တတ်ပါသေးတယ်။ ဒီကြားထဲမှာ နုနုရည် (အင်းဝ) စာရေးဆရာမက အမြတ် ထွက်ခဲ့ပါတယ်။ တကယ့်ဇာတ်ဆရာက အောင်ကျော်ဆန်းပါ။ ခုအခါ အင်္ဂလိပ်လို ဘာသာပြန်ဖို့ ရွေးချယ်ထားတဲ့ “ပြုံး၍လဲ ကန်တော့ ခံတော်မူပါ၊ ရယ်ရွှင်၍လဲ ကန်တော့ခံတော်မူပါ” ဆိုတဲ့ နတ်ကတော် လောကနောက်ခံ ၀ထ္ထုပါ။ အမေရိကန်စာအုပ်ဆိုင်တွေမှာ ၀ယ်လို့ရတယ် လို့ လမင်းတရာကိုအေးဝင်းက လှမ်းပြောပါတယ်။

အောင်ကျော်ဆန်းကို ကျနော်တို့က သူ မွေးစကတည်းက ခင်တာပါ။ သူတို့ လူလားမြောက်လာတာက ဈေးချိုရဲ့ တောင်ဘက်ဆိုင်တန်း မြေညီထပ်မှာပါ။ ကျနော်တို့ မြို့ထဲ ရောက်ရင် အမြဲ “ခလုတ်တိုက်”နေတဲ့အိမ်ပါ။ အောင်ကျော်ဆန်းက ကျနော်တို့ကို သူ့အဖေရဲ့ သူငယ်ချင်းတွေအဖြစ်နဲ့ တလေးတစား ခင်ပါတယ်။ နတ်ပွဲကောင်းရင် လာခေါ်ပါတယ်။ နတ်ကတော်တွေက သူ့ကို ဆရာကြီးတဆူအဖြစ် ကိုးကွယ်ထားပါတယ်။ သူကပဲ နတ်ဝါသနာကို ကြီးရှာပါတယ်။ နတ်ကိုးကွယ်သူတော့ မဟုတ်ပါဘူး။ နတ်တွေက သူ့ကို ကိုးကွယ်ကြတာပါ။

နတ်ချင်းဆရာ နတ်ကတော်တွေ့ရဲ့ ဆရာဆိုတော့ နတ်တွေကလည်း သူ့ကို “မစ”ဟန် ရှိပါတယ်။ နတ်ပွဲ တွေကို သူ့သြဇာနဲ့ စီစဉ် ခန့်ခွဲနိုင်ပါတယ်။ ဒီလိုနဲ့ တချို့ နတ်ကိုးကွယ်သူတွေဟာ သိန်းထီကြီးတွေ ပေါက်၊ စီးပွားတွေ တက် ဆိုသလို ကြုံရတာလဲရှိတော့ သူတို့ “ဆရာကြီး”ကို စီးပွားရေး လုပ်ချင်သလား၊ ငွေရင်း လိုချင်သလား၊ တိုက်တာ အိမ်ယာ လိုချင်သလား စသဖြင့် “ပူဇော်” ကြရှာပါတယ်။

အောင်ကျော်ဆန်းက ငွေလဲမမက်၊ တိုက်တာလဲ မမက်၊ ဘာမှ မမက်၊ ဘာမှလဲ လုပ်ချင်သူ မဟုတ်၊ ဆိုနေရ တီးနေရရင် ပြီးစတမ်းပါပဲ။ ကျနော်တို့ကလည်း သူ့ကျေးဇူးနဲ့ နတ်ပွဲတကာ ရောက်နေပါတယ်။ နတ်ဒိုး နတ်ချင်းတွေကိုက သွေးထဲ ရောက်နေလို့ပါ။

နတ်ပွဲတွေမှာ ဆိုရင် သူတို့ဆရာကြီး အောင်ကျော်ဆန်းရဲ့ “ဆရာ့ ဆရာ့ကြီး”တွေ အဖြစ်နဲ့ နတ်ပွဲကို ကြွရောက် “ခံစား” ကြတာ ဆိုတော့ ကိုကြီးကျော်ပွဲက ကြက်ကျော်တို့၊ ဘရန်ဒီ၊ ၀ီစကီတို့ ဆိုတာလည်း ကျနော်တို့ရှေ့ကို ရောက်လာလေ့ ရှိပါတယ်။ နတ်တွေကို “လေးစား”တဲ့ ကျနော်တို့ကို နတ်တွေကလည်း ပြန်ပြီး “လေးစား”ဟန် ရှိပါတယ်။ အမှန်က ဇာတ်ဆရာ အောင်ကျော်ဆန်းရဲ့ ကျေးဇူးပါ။

အမေရိကန်ပြည်ထောင်စုမှာ တင်မိုး မောင်သာနိုးနဲ့ မောင်စွမ်းရည်တို့ ခဏတဖြုတ် ဆုံကြတော့ ကိုဝင်းဖေနဲ့လဲ ဆုံလိုက်ကြရပါတယ်။ ၀ိုင်းဖွဲ့ “ဆိုတီးက” ကြတာလဲ လုပ်ဖြစ်ခဲ့ပါတယ်။ (မန္တလေးသား ဆရာဝန် ဒေါက်တာတဦး) လဲ ပါတယ်။ သူကလဲ ပွဲမှာ ဆိုင်းထည့်လို့ မရတဲ့ မန္တလေးသား ဖြစ်ပါတယ်။ မြို့မအဆိုတော်ကြီး ဦးအံကြီးကို အတူသွားပြီး ဦးခိုက်ခဲ့ကြပါတယ်။ ထားပါတော့။

ကျနော်တို့က လူသစ်တွေနဲ့ဆုံမိရင် “ကိုဝင်းဖေဟာ ကျနော်တို့ရဲ့ သူငယ်ချင်းပါ” လို့ ပြောပြ မိတ်ဆက် ပေးလေ့ရှိပါတယ်။ ဒီလိုပြောတိုင်း ကိုဝင်းဖေက ကျနော်တို့ကို မျက်စောင်းထိုးလေ့ ရှိပါတယ်။ နောက်တော့ နှုတ်ကပါ ထုတ်ပြီး “ကျူပ် သူငယ်ချင်း မဟုတ်ပါဘူးဗျာ၊ ကျူပ် သား အောင်ကျော်ဆန်းရဲ့ သူငယ်ချင်းတွေပါ အဖေ့နာမည် သုံးပြီး၊ သားနဲ့ပဲ တွဲနေကြတာပါ” လို့ အငေါ်တူးလေ့ ရှိပါတယ်။

ကိုဝင်းဖေပြောတာလည်း မှန်သလောက် မှန်တယ်။ သူက ရုပ်ရှင်လောက၊ ဂီတလောက၊ ပန်းချီလောက စသဖြင့် အပေါင်းအသင်းတွေစုံပြီး သူ ကျက်စားတဲ့နယ်က ကျယ်လှပါတယ်။ ကျနော်တို့က နယ်ကျဉ်းကျဉ်းလေးပဲ တည်ဆောက် ဖွဲ့စည်းပြီး၊ နေသာသလို နေကြတာ ဖြစ်ပါတယ်။ “ဆိုကတီး”နဲ့သာ မွေ့လျော်လေ့ရှိတဲ့ သူ့သားကြီးကသာ ကျနော်တို့ ၀ိုင်းတော်သား ဖြစ်လာခဲ့တာပါ။ ရန်ကုန်ရောက်မှ ပါ။

ခုတော့“ခင်ဗျားတို့ရဲ့ အောင်ကျော်ဆန်း ဆုံးရှာပြီ”လို့ သူ့အဖေကိုယ်တိုင် က ဖုန်းဆက် ပြောလိုက်တဲ့အခါ အံ့အားသင့်ခဲ့ရပါတယ်။ သူ့အသက်က (၅၀) ကျော်ရုံပဲ ရှိပါသေးတယ်။ သူအဖေကိုယ်တိုင် “ကျူပ်သားရဲ့ သူငယ်ချင်းတွေ”လို့ ပြောရတဲ့ ကျနော်တို့မှာ မကြေကွဲဘဲ ဘယ်မှာ နေနိုင်ပါ့မလဲ။ တင်မိုးကတော့ သူ့အရင် ကွယ်လွန်သွားခဲ့ရှာလို့ “ကြေကွဲခွင့်” မကြုံလိုက်ရတော့ပါဘူး။ တင်မိုးရှိရင် သူလည်ပင်းဖက် နေခဲ့တဲ့ အောင်ကျော်ဆန်းကို သူ ဘယ်လောက် နှမျောတသ ရှာမလဲ။ တင်မိုးကလဲ နတ်ချင်းနဲ့ နတ်ဒိုးကို အသည်းစွဲသူပါ။

အောင်ကျော်ဆန်းဟာ နှစ် ငါးဆယ် လုံးလုံး ဘာအလုပ် ဘာအကိုင်မှ မယ်မယ်ရရ မလုပ်ခ၊ဲ့ သူများ အလုပ်ပေးတာလဲ မလုပ်ခဲ့၊ အရင်းအနှီး ထုတ်ပေးလဲ မလုပ်ခဲ့၊ ဆွေမျိုးသားချင်းတွေက အလုပ်လုပ်ဖို့ခေါ်လဲ မသွားခဲ့၊ အမေရိကားကို နတ်ပညာရှင်အဖြစ် ဖိတ်ကြားတာတောင် ကြွလာတော်မမူဘဲ “ဆိုကရေးတီး” ရှိရာအရပ်မှာသာ မွေ့လျော်ခဲ့ပါတယ်။ သူဟာ ပုဂံခေတ်က သိင်္ဃသူဆိုတဲ့ အမတ်ကြီးများ ၀င်စား သလားလို့ ဆိုရလောက်ပါတယ်။ အမတ်ကြီးက ကောင်းမှု ကုသိုလ်ပြုတော့ ဘယ်ဗုဒ္ဓဘာသာဝင်မှ မတောင်းဖူးတဲ့ဆုကို ကျောက်ထက် အက္ခရာတင်ပြီး ဆုတောင်းခဲ့ပါတယ်။

“ပဉ္စင်္ဂတူရ်မြည်သော စည်းညင်းဖြင့် နိုးထသော စည်းစိမ်ကို ရလို”ကြောင်း ဆုတောင်းခဲ့တာပါ။

အောင်ကျော်ဆန်းဟာ တေးဂီတနဲ့သာ တသက်လုံး မွေ့လျော် နေထိုင်သွားခဲ့ပါတယ်။ ဘ၀မှာ သူစိတ်တိုင်းကျ အပြည့်အ၀ မွေ့လျော် နေပျော်သွားခဲ့ပါတယ်။

“ဘ၀ကို အပျော်နဲ့ပိုင်း” သွားခဲ့သူပါပဲ။ ဒီအတွက် ဆရာမောင်သာနိုး၊ ဆရာအောင်ကျော်တိုး၊ နုနုရည်(အင်းဝ)၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင်မိုးသူတို့က သူ့ရဲ့ နောက်ဆုံးခရီးကို နတ်ဒိုးနဲ့ ပို့ဖြစ်ပါစေ သတည်းလို့ ဆုဆန္ဒ ပြုမိပါကြောင်း။

အောင်ကျော်ဆန်းတယောက် နောက်ဘ၀မှာ “ပဉ္စင်္ဂတူရ်မြည်သော စည်းညင်းတို့ဖြင့် နိုးထသော စည်းစိမ်” ကို ရပါစေသတည်း။

၂၀၀၉ သြဂုတ် ၁၆

နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts