>Khin Myo Chit – Free Press is not free

>

သတင်းစာလွတ်လပ်မှု နှင့် တာဝန်

ခင်မျိုးချစ်

သြဂုတ် ၉၊ ၂၀၀၉

(၁၉၈၈ သြဂုတ် ၈ – ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ၂၁ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က အဖြစ်အပျက်များနှင့် ပတ်သက်၍ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က အောက်ပါဆောင်းပါးတပုဒ်ကို ရေးသားခဲ့ဖူးသည်ကို ပြန်လည်တင်ပြအပ်ပါသည်။)

ခုတလော သတင်းစာတွေ ပလူပျံသလို ထွက်နေတယ်။ နှစ်ပေါင်း ၂၆ နှစ် ကြာ ချူပ်ကိုင်ခံခဲ့ရတဲ့ သတင်းစာလွတ်လပ်မှုကို လက်ဝယ် ရရှိခဲ့ကြတယ်။ လွတ်လပ်မှုအခွင့်အရေးကို တာဝန်မဲ့ မသုံးမိကြဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီလို အလေ့အကျင့် အပြုအမူတွေဟာ ဒီမိုကရေစီရဲ့ အားထားရာဖြစ်တဲ့ သတင်းစာလွတ်လပ်မှုကို ပျက်စီးစေတတ်ပါတယ်။ လွတ်လပ်မှုဆိုတာလဲ တာဝန်နှင့် ယှဉ်တွဲနေပါတယ်။ တာဝန်မဲ့ရင် လွတ်လပ်မှု ဆုံးရူံးတတ်ပါတယ်။

အခုဆိုရင် တချို့သတင်းစာတွေထဲမှာ ကောလာဟာလတွေ အနိဠါရုံသတင်းတွေကို “သတင်းကြီး” နေရာမှာ ပေးပြီး ဓါတ်ပုံတွေနှင့် ထည့်နေကြတာ တွေ့ရတယ်။ ဒီကိစ္စကို အလေးအနက်ထားပြီး ဆင်ခြင်ကြဘို့ ကောင်းပါတယ်။ သတင်းစာဆိုတာ သတင်းထူး သတင်းမှန်ကို ရေးကောင်းပါတယ်။ ထည့် ကောင်းပါတယ်။ သတင်းဆိုတာလဲ အနိဠါရုံသတင်းတွေပဲ များတတ်ပါတယ်။

“မကြားဝံ့ တရားသူကြီး၊ မမြင်ဝံ့ ဆေးသမား” ဆိုသလို မကြားဝံ့ မမြင်ဝံ့တဲ့သတင်းတွေ သတင်းစာမှာ ပါကြရပါတယ်။ ဒါပေမယ့် မကြားဝံ့တဲ့စကားကို ဥပဒေပညာရှင် တရားသူကြီး ပြောတာမျိုး မမြင်ဝံ့တဲ့ကိစ္စကို ဆရာဝန်များ ကိုင်တွယ်တာမျိုးနှင့် ပညာသားမပါ တာဝန်မဲ့ ကိုင်တွယ် ပြောဆိုပုံခြင်း နှင့် ခြားနားပါတယ်။

အထူးသဖြင့် ဓါတ်ပုံသတင်းများ ဆိုရင် “မရိုင်း”ဘို့ အရေးကြီးပါတယ်။ အနိဠါရုံတွေကို ကွင်းကွင်းကွက်ကွက်၊ ရိုင်းရိုင်းစိုင်းစိုင်း ဓါတ်ပုံရိုက်ပြမှ “သတင်းတန်ဖိုး” ရှိတာ မဟုတ်ပါဘူး။ ပညာသားပါပါ နှင့် သိမ်သိမ်မွေ့မွေ့ တင်ပြတာက ပိုပြီး ထိရောက်ပါတယ်။ လူထုကြီး အမျက်ဒေါသ မထိမ်းနိုင်လို့ မီးရှို့ဖို့ ကြံစည်တယ် ဆိုတဲ့သူတွေ၊ အဆိပ်ခပ်တယ်ဆိုတဲ့ သူတွေကို ခေါင်းဖြတ်၊ ခေါင်းတွေကို လူမြင်ကွင်းမှာ ချိတ်ပြတယ် ဆိုတဲ့ သတင်းမျိုးကို သတင်းစာမှာ ထည့်သွင်း တင်ပြတဲ့အခါမှာ စဉ်းစားစရာ အချက်တွေ ရှိပါတယ်။

(၁) တရားဥပဒေ စိုးမိုးမှုရှိမှ ရပ်ရွာ အေးချမ်းမယ်။ ခုလို ဒီမိုကရေစီတိုက်ပွဲဝင်တဲ့ အချိန်မျူိးမှာ အဲသလို သတင်းမျိုးကို တာဝန်မဲ့ ထည့်ရင် တရားမဲ့ မင်းမဲ့ဝါဒကို အားပေးသလို မဖြစ်စေဖို့က သတိပြုရပါလိမ့်မယ်။

(၂) ရာဇ၀တ်မှု ကျူးလွန်တဲ့လူပဲဖြစ်ဖြစ် သူ့မှာ လူရဲ့အခွင့်အရေး ရှိပါတယ်။ ရုံးတင် စစ်ဆေးပြီးမှသာ ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးရပါတယ်။ လူစုလူဝေးက အတင်းအဓမ္မ လုယက် ရက်ရက်စက်စက် လုပ်တယ်ဆိုတာ လူ့အခွင့်အရေး ဖောက်ဖျက်ရာ ကျပါတယ်။

(၃) ဒီလို လူ့အခွင့်အရေး ချိုးဖေါက်တယ်ဆိုတာ လူတိုင်းကို ထိခိုက်ပါတယ်။ ခေါင်းဖြတ်တာ ထုံးစံအစဉ်အလာဖြစ်သွားရင် အပြစ်မရှိတဲ့လူသူလေးပါးမှာလဲ ကိုယ့်ခေါင်းမှ ရှိသေးရဲ့လားလို့ စမ်းကြည့်နေရတဲ့အဖြစ်မျူိး ရောက်မှာ စိုးရိမ်ရပါတယ်။

(၄) ဗမာပြည် ဗုဒ္ဓဘာသာတိုင်းပြည် ဖြစ်တယ်။ သီးခံခွင့်လွှတ်တတ်တတ်။ စိတ်သဘော ယဉ်ကျေးသိမ်မွေ့တယ်လို့နိုင်ငံတကာက ချီးမွမ်းနေကြတဲ့အထဲမှာ ဒီလိုသတင်းမျူိးကို အသားပေး ကွင်းကွင်းကွက်ကွက်ပြတာ သင့်လျှော်ပါ့မလား။

သတင်းစာဆရာ ဆိုတာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးကို ထိန်းသိမ်းဘို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို သိက္ခာရှိရှိ ထမ်းရွက်ကြဘို့ အရေးကြီးပါတယ်။ ၀ါရင့်သတင်းစာဆရာကြီးတွေကလည်း ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုက်ပါတယ်။

(စက်တင်ဘာ ၁၆၊ ၁၉၈၈)

(စာကြွင်းများ – တပြည်လုံး တပြိုက်နက်တည်း အုံကြွကြတာက သြဂုတ် ၈ က အဓိကပါ။ စစ်တပ်က ပစ်ခတ် သတ်ဖြတ်တဲ့ကြားက အရှိန်အဟုန်တက်ကြီးမားလာခဲ့ပြီး သြဂုတ် ၂၀ – ၂၄ ကာလတွေက အမြင့်မားဆုံးနဲ့ မဆလ အာဏာရှင်ယန္တရားတခုလုံး ပြိုလဲသွားတဲ့ အချိန်တွေ ဖြစ်ပါတယ်။ သြဂုတ် လကုန်ကနေ စတင်ပြီး စစ်အုပ်စုက မင်းမဲ့စရိုက် လှုံဆော်မှုတွေကို လူထုအတွင်းမှာ ဖြစ်ပွားအောင် လုပ်ကြံခဲ့ပြီး စက်တင်ဘာ ၁၈မှာ တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ စက်တင်ဘာ ၁၈ မှာ အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူတွေကို စစ်တပ်ပစ်သတ်ခဲ့တာ အနည်းဆုံး လူ ၃ ထောင် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကစပြီး စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းစစ်မီးကြီး တိုင်းပြည်ကို ဆက်လက်တောက်လောင်နေတာ ခုဆိုရင် ၂၁ နှစ် ရှိခဲ့ပြီ။ ဆရာမကြီး စာပြီးရက်စွဲ (သို့မဟုတ်ရင်) ပုံနှိပ်ရက်စွဲက စစ်အာဏာမသိမ်းမီ ၂ ရက်အလိုမှာ ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts