>Burmese in SF Bay marked Burma Day & 8888 – 21 Year Anniersary

>

ဘာကလေမြို့ဘားမားဒေးအခမ်းအနားနှင့် ဥက္ကလံမြို့ ၈ လေးလုံး ၂၁ နှစ်ပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပ

မိုးမခအထောက်အတော် ၀၀၂

သြဂုတ် ၈၊ ၂၀၀၉

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ စတင်ခဲ့သည့် သြဂုတ်လ ၈ ရက်နေ့အား ဂုဏ်ပြုသတ်မှတ်ထားသော ‘ဘားမားဒေး (Burma Day)’ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေမြို့၌ ယနေ့ ကျင်းပခဲ့သည်။

ဘာကလေမြို့ မြို့တော်ခန်းမ အနီးတွင်ပြုလုပ်သည့် ယင်းအခမ်းအနားကို နံနက် ၈ နာရီခန့်တွင် စတင်ကျင်းပပြီး မြို့တော်အုပ်ချုပ်ရေးနှင့် တရားရေးဌာနတို့မှ အရာရှိများ၊ သံဃာတော်များနှင့် အခြားဘာသာရေးခေါင်းဆောင်များ၊ ဘာကလေမြို့အပါအ၀င် ဆန်ဖရန်စစ္စကို ဘေးဧရိယာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ဒေသခံများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဘာကလေ မြို့တော်ခန်းမဟောင်း အရှေ့ဘက် မြက်ခင်းပြင်တွင်ပြုလုပ်သည့် အခမ်းအနားကို သံဃာတော်များက မေတ္တသုတ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ၈ နာရီ ၈ မိနစ်တွင် မြက်ခင်းပြင်ရှိ အလံတိုင်၌ ပါလီမန်ဒီမိုကရေစီခေတ် မြန်မာနိုင်ငံ အလံတော်အား မြန်မာနိုင်ငံတော်သီချင်း သံပြိုင်သီဆိုရင်း လွှင့်တင်လိုက်သည်။

ထို့နောက် မြို့တော်အုပ်ချုပ်ရေးနှင့် တရားရေးဌာနတို့မှ အရာရှိများ နှင့် အခြားဧည့်သည်တော်များ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူများက မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြသည်။

အခမ်းအနား ကျင်းပသူများသည် ထိုမှတဆင့် မြို့တော်ခန်းမရှေ့သို့ သွားရောက်ခဲ့ကြသည်။ ထို့နောက် ၈၈ အရေးတော်ပုံအတွင်း ထွက်ပေါ်ခဲ့သည့် တေးရေး နိုင်မြန်မာ ၏ ကမ္ဘာမကြေ’ သီချင်း ပြိုင်တူသီဆိုကာ ခွပ်ဒေါင်းပုံပါသည့် ကျောင်းသားသမဂ္ဂအလံတော်အား လွှင့်တင်ခဲ့ကြသည်။

ဘာကလေ မြို့တော်က မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးတို့အတွက် ထောက်ခံအားပေးသည့်အနေဖြင့် ယမန်နှစ်မှစတင်၍ နှစ်စဉ် သြဂုတ်လ ၈ ရက်နေ့ကို ‘ဘားမားဒေး’ ဟု သတ်မှတ်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများပေးအပ်သည့် အလံများကို မြို့တော်ခန်းမအနီးရှိ အလံတိုင် ၂ ခုတွင် အမေရိကန်အလံနှင့်အတူ တနေကုန်လွှင့်တင်ခွင့်ပြုခဲ့သည်။

နံနက် ၁၁ နာရီတွင် ဆန်ဖရန်စစ္စကို ဘေးဧရိယာ ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ် ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များအား နေ့ဆွမ်းကပ်လှူခဲ့ကြပြီး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ရှစ်လေးလုံးအရေးတော်ပုံ ၂၁ နှစ်ပြည့် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာအခြေစိုက် တိုင်းရင်းသားများ၊ လူငယ် ကျောင်းသားအဖွဲ့များ၊ ကင်ပိန်းအဖွဲ့များ၊ နယ်စပ်ဒေသမှ ပြောင်းရွေ့အခြေစိုက်လာကြသည့် မိသားစုနှင့် အဖွဲ့အစည်း စုစုပေါင်း ၁၃ ဖွဲ့တို့ စုပေါင်းကျင်းပကြခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေးကို ဦးတည်ပြီး အားလုံး ပူးပေါင်း၍ စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းဆောင်ရွက်ကြရေးကို သံဓိဋ္ဌာန်ပြုကြသည်။

သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး ဆန္ဒပြပွဲတရပ်ကို ဆန်ဖရန်စစ္စကိုမြို့ ကုလသမဂ္ဂ အဆောက်အဦဟောင်း ရင်ပြင်၌ ညနေ ၆ နာရီမှ ၈ နာရီအထိ ပြုလုပ်ကြမည်ဖြစ်သည်။

(ဓာတ်ပုံ – ဆန်ဖရန်ဘေးဧရိယာ၊ ဘာကလေနှင့် ဥက္ကလံမြို့က ဘားမားဒေးနှင့် ၈၈ – ၂၁ နှစ် ပွဲများ မြင်ကွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts