>Burmese Refugees in Buffalo, a new home

>

မြန်မာဒုက္ခသည်များ နားခိုစရာ အမေရိကန်ကျွဲဆည်ကန်ရပ်

ဂျင်းန် ၀ါနား (ဘတ်ဖဲလိုးနယူးစ်၊ ဇူလိုင် ၂၆)

သြဂုတ် ၅၊ ၂၀၀၉

လွန်ခဲ့တဲ့ ၂ နှစ် သံဃာတော်များရဲ့ ဒီမိုကရေစီရေး အုံကြွမှုကို ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခဲ့သူ ဓာတ်ပုံဆရာ ၂ ဦး အနက် တဦးဖြစ်သူက လောအယ်စိုး ဖြစ်ပါတယ်။ အစိုးရစစ်သားများက ဂျပန်သတင်းထောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီးနောက် သူလည်း ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်။

လျှပ်စစ်မီးမရှိတဲ့ ၀ါးတဲတွေနဲ့ လူပေါင်း ၄ သောင်းကျော်ရှိတဲ့ မြို့ကြီးသဖွယ် ဒုက္ခသည်စခန်းမှာ ၂၃ နှစ် ကျော် နေထိုင်ခဲ့သူ မြန်မာအမျိုးသားတဦးကတော့ စမီလာဂရင်းလီ ဖြစ်ပါတယ်။ သူကတော့ သူ့ကလေး ၃ ဦးကို ပညာသင်ပေးနိုင်ဖို့နဲ့ အိမ်လို့ခေါ်ရမယ့် နိုင်ငံတခုအတွက် ထွက်ပြေးလာသူ တဦးပါ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်ရဲ့ အတွင်းလူဖြစ်လို့ အကျယ်ချုပ် ၁၇လ ကျခံခဲ့ရသူ ဒီမိုကရေစီရေး လိုလားသူ လူငယ်ခေါင်းဆောင်တဦးကတော့ မျိုးသန့် ဖြစ်ပါတယ်။ သူရဲ့ ယုံကြည်မှုကို မစွန့်လွှတ်နိုင်တဲ့အတွက် အကျဉ်းထောင်တွေ၊ အကျယ်ချုပ်တွေမှာ အချုပ်နှောင်ခံရမည့်အစား သူကလည်း နေရပ်ကို စွန့်ခွာလာခဲ့ရသူ တဦး ဖြစ်ပါတယ်။

အဲသည် ပညာတတ်တဲ့ ထက်မြက်တဲ့ အမျိုးသား ၃ ယောက်ဟာ သူတို့အမိမြေကို ဖိနှိပ်မှုတွေကြောင့် စွန့်ခဲ့ရပြီး အခု ဘတ်ဖဲလိုးမြို့ အနောက်ဖက်ခြမ်းမှာ အခြေချနေထိုင်ကြပြီ ဖြစ်ပါတယ်။

သူတို့တွေချည်းသာမဟုတ်ပါ၊ သည်ဘတ်ဖဲလိုးမြို့ဟာ လူဦးရေ ၂ ထောင် ပတ်ဝန်းကျင်ရှိတဲ့ မြန်မာဒုက္ခသည်တွေရဲ့ အိမ် ဖြစ်လို့နေပါပြီ။ မြို့ရဲ့ လူဦးရေ ၁ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာနေပြီလို့လဲ သိရပါတယ်။

မြန်မာပြည်သာမက အခြားနိုင်ငံများက ရွှေ့ပြောင်းနေထိုင်လာကြသူ ဒုက္ခသည်မိသားစုတွေ အရေအတွက် နေ့ချင်းညချင်း တိုးပွားလာနေတဲ့အတွက် ဘတ်ဖဲလိုးမြို့ကို ဒုက္ခသည်တွေရဲ့ တရားမ၀င်မြို့တော်တခုလို့ ဆိုရမလို ဖြစ်နေပါပြီ။ ယခုနှစ်ထဲမှာတင် နယူးယောက်ပြည်နယ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည် ၃၀ ရာခိုင်နှုန်းဟာ နယူးယောက်ရဲ့ အနောက်ခြမ်းမှာ လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။

ဂိတ်ဆုံး (Journey’s End) လို့ အမည်တွင်တဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မော်လီရှော့တ်ရဲ့ အဆိုကတော့ သည်လို ဒုက္ခသည်တွေသာ ရောက်မလာကြရင် ဘတ်ဖဲလိုးမြို့ဟာ တဖြေးဖြေး ကျုံ့ဝင်လို့လာနေပြီ ဖြစ်တယ်၊ သူတို့ဟာ အသစ်ရောက်ရှိလာတဲ့ လူဦးရေတွေပဲလို့ ပြောပါတယ်။

နှစ်စဉ် ဘတ်ဖဲလိုးကို အခြေချရန် ပြောင်းရွှေ့လာသူ ဒုက္ခသည် ၁၀၀၀ ကျော်အထဲမှာ တ၀က်လောက်ဟာ မြန်မာတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ရွာပေါင်း ၃ ထောင်ကျော် အဖျက်ဆီးခံလိုက်ရလို့ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးတိမ်းရှောင်လာကြပြီး နှစ်ပေါင်းများစွာ ဂူအောင်းသတ္တ၀ါတွေလို နေထိုင်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။

အခုသူတို့နေထိုင် အခြေချရာ နေရာတွေကတော့ မြို့အနောက်ခြမ်း၊ ရစ်ခ်ျမွန်းရိပ်သာအနောက်ပိုင်းနဲ့ လာဖရက်ရိပ်သာတောင်ပိုင်း ကြားထဲမှာ ဖြစ်ပါတယ်။ အများစုကတော့ သူတို့ရဲ့ အချိန်တွေကို နေ့ခင်းပိုင်း အင်္ဂလိပ်စာအတတ်သင်တန်းများ ပြီးတော့ နိုင်ဂါရာမြစ်ကမ်းတလျောက် ငါးမျှားခြင်းနဲ့ အရပ်ထဲ လှည့်လည်သွားလာနေခြင်းတို့ဖြင့် ကုန်လွန်စေတယ်လို့ ဆိုပါတယ်။

ဖြတ်သန်း ဖြတ်လာများက သူတို့ကို ဗီယက်နမ်တွေ၊ တရုတ်တွေလို့ ထင်ကြပါတယ်။ သူတို့ကတော့ ခေါင်းမာမာနဲ့ သူတို့အမိမြေဟာ “ဘားမား” ဖြစ်တယ်။ စစ်အစိုးရ ပြောနေတဲ့ “မြန်မာ” မဟုတ်ဘူးလို့ ခံယူထားကြပါတယ်။

သူတို့တတွေဟာ ဘတ်ဖဲလိုးမြို့သူ မြို့သားအသစ်တွေ ဖြစ်ပါတယ်။ သူတို့နည်း သူတို့ဟန်နဲ့ အမေရိကန်အိပ်မက်ကို မက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့အိပ်မက်တွေက သူတို့တကိုယ်ရေစာ သက်သက်ချည်း အတွက်တော့ မဟုတ်ပါဘူး။

လောအယ်စိုး ပြောတာက –

“ဒါဟာ ပထမမျိုးဆက်တွေ ဖြစ်တယ်။” သူက အင်္ဂလိပ်စာသင်တန်းလာတက်နေတဲ့ အရွယ်ရောက်ပြီးသူ မြန်မာများထံ ညွှန်ပြလိုက်ပါတယ်။

“ဒုတိယမျိုးဆက်တွေကတော့ သူတို့လိုမျိုး မဟုတ်တော့ဘူး။ အင်္ဂလိပ်လို ပိုပြီး သွက်လက်မယ်။ ပညာတွေလည်း ပိုတတ်လာမယ်။”

ပြီးတော့ သူက နောင်မျိုးဆက်တွေကို သတိပေးတဲ့သဘောမျိုးနဲ့

“ မျိုးဆက်သစ်တွေဟာ သူတို့မိဘတွေရဲ့ အမိမြေကို မမေ့ပစ်သင့်ဘူး။ ဘာကြောင့် ဒီအမေရိကန်ကို ရောက်လာရသလဲဆိုတာကို အမြဲ အမှတ်ရနေရမယ်။ မြန်မာပြည်မှာ လူ ထောင်ပေါင်းများစွာဟာ ဆင်းရဲဒုက္ခ ရောက်နေကြတယ်၊ အဲဒါကိုလည်း အမြဲ သိရနေမယ်။” လို့ ပြောလိုက်ပါတယ်။

မြို့ပေါ်ရောက်တဲ့ လူသစ်

အနောက်ပိုင်းအရပ်မှာ မိသားစုအသိုင်းအ၀ိုင်းလေး ထူထောင်နေကြတဲ့ မြန်မာဒုက္ခသည်တွေအပြင် ဘလက်ရော့ခ်နဲ့ ရစ်ဗားဆိုက်ဒ်အရပ်ရောက် လူနည်းစုတွေမှာပါ အဓိကအခက်အခဲ ၂ မျိုးကို ရင်ဆိုင်နေကြရပါတယ်။

ပထမကတော့ လူအများစုက အင်္ဂလိပ်ဘာသာစကား မပြောတတ်ကြဘူး။ အာဏာပိုင်များရဲ့ ခန့်မှန်းချက်အရ မြန်မာဒုက္ခသည် ၁၀၀ မှာ ၁၀ ကနေ ၁၅ ယောက်လောက်သာ အင်္ဂလိပ်စကားကို အဆင်ပြေပြေ ပြောတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူတို့တတွေဟာ တပတ်မှာ ၈ နာရီလောက် အချိန်ယူပြီးတော့ အင်္ဂလိပ်စာရဲ့ ဗျည်းအက္ခရာတွေကို မှတ်မိသိရှိအောင် အားထုတ်ကြရပါတယ်။

နောက်ပြီးတော့ သူတို့တတွေကိုယ်တိုင်ကလည်း အချင်းချင်းကြားထဲက အသွင်ကွဲပြားမှုတွေကို သည်းခံကျော်လွှားကြရပါသေးတယ်။ မြန်မာတွေမှာက တိုင်းရင်းသားလူမျိုးစုကြီးက ၈ မျိုး၊ လူမျိုးခွဲတွေက ၁၂ မျိုးနဲ့ ဘာသာစကားပေါင်း ၁၀၀ ကျော်တယ် ဆိုတော့ သူတို့အချင်းချင်း စကားပြောဆို ဆက်သွယ်ဖို့အတွက်ကို ဘာသာပြန်ပေးမယ့်လူ လိုနေပါတော့တယ်။

လွန်ခဲ့တဲ့ တပတ်ကဆိုရင် မြို့ခံ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒါရိုက်တာ ဒင်းနစ်ဖီးလစ်ဘီးဟပ်ဂ်က မြို့ရဲ့သတင်းစာမှာ ဖော်ပြဖို့ အင်္ဂလိပ်စာသင်တန်းက မြန်မာဒုက္ခသည်တွေကို ဓာတ်ပုံရိုက်ရန် ခွင့်တောင်းရာမှာ အင်္ဂလိပ်ဘာသာစကားအပြင် မြန်မာဘာသာကော၊ ကရင်ဘာသာနဲ့ပါ စကားပြန်ကတဆင့် ပြောဆိုခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာဒုက္ခသည်တွေက ဘာသာရေးအုပ်စု ၃ စုက လာကြတယ်လို့လဲ ဆိုပြန်ပါတယ်။ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာဝင်တွေဆိုပြီးလည်း ကွဲပါသေးသတဲ့။

မျိုးသန့်ကတော့ ခုနင်ကလို မြန်မာတွေဟာ လူမျိုးရေး၊ ဘာသာစကားနဲ့ ကိုးကွယ်ဆည်းကပ်ရာဆိုပြီး ကွဲပြားတယ်ဆိုတဲ့ အဆိုကို လက်မခံပါဘူး။ ငြင်းပယ်ပါတယ်။

“ကျနော်တို့တွေ အားလုံး အတူတူပါပဲ။” သူက ရှင်းပါတယ်။

“ အားလုံးဟာ ဖိနှိပ်ခံတဲ့သူတွေချည်းပဲ။ ဘယ် စကားပဲ ပြောပြော မထူးခြားပါဘူး။ အားလုံးဟာ မြန်မာပြည်က လာကြသူတွေပါ” တဲ့။

အမေရိကန်ပြည်ကို ရှေးက လာရောက် ရွှေ့ပြောင်းအခြေချကြသူတွေဖြစ်တဲ့ အိုင်းရစ်တွေ၊ အီတာလျံတွေ၊ ပိုလန်တွေ၊ တောင်အမေရိကသားတွေ ရင်ဆိုင်ခဲ့ကြရတဲ့ စိန်ခေါ်မှုတွေကို အခု အသစ်ရောက်လာတဲ့ မြန်မာတွေလည်း အတူတူပဲ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

“အသစ်ရောက်လာတဲ့ အုပ်စုဟူသမျှ ဒီလိုပဲ ဖြတ်သန်းကြရတာပဲ”

ဘီးဟပ်ဂ်က ပြောပါတယ်။

“ မြို့ကိုရောက်လာတဲ့ လူသစ်ဆိုတော့ အနိုင်ကျင့်ခံရမယ် (အနှိမ်ခံရမယ်)။ သူတို့အုပ်စုကတော့ ပိုပြီးတော့ အနိုင်ကျင့်ခံရတယ်။ ဘာကြောင့်ဆိုတော့ သူတို့က နှုတ်နည်းတယ်။ ခေါင်းမာတယ်။ ပြီးတော့ အားငယ်တတ်ကြတဲ့ သူမျိုးတွေ ဖြစ်တာကိုး။

မြန်မာဒုက္ခသည်တွေကို တာဝန်ယူဆောင်ရွက်ပေးတဲ့ အဖွဲ့က ၄ ခု ရှိပါတယ်။ အင်တာနေရှင်နယ်အင်စတီကျု၊ ဂျောနေးအင်းဒ်၊ ကက်သလစ်ချာရတီနဲ့ ဂျူးဝစ်ဖင်မလီဆားဗစ်ဆက်စ် တို့ ဖြစ်ပါတယ်။

“မြန်မာတွေက သူတို့ရဲ့ တာဝန်ခံဝန်ထမ်းတွေကို သူတို့တွေမှာ မီးမလာတာ၊ စားစရာမရှိတဲ့အကြောင်းတွေကို ပြောမပြကြဘူး။ ငုံနေကြတတ်တယ်” ဟု ဘီဟပ်ဂ်က ပြောပြပါတယ်။

“သူတို့ကို ကိုယ်က စပြီး မေးမြန်းရတယ်။ သူတို့ကြောင့် သူများဝန်ပိမှာကို စိုးရိမ်ကြတယ်တဲ့။ အဲဒါကိုက ကူညီရေးအဖွဲ့တွေအတွက် စိန်ခေါ်မှုတခု ဖြစ်နေတော့တာပဲ။”

သည်ဒုက္ခသည်တွေဟာ ကြီးစွာသော ဆင်းရဲဒုက္ခတွေအောက်မှာ ခါးစည်းခံစားပြီးမှ ဒီ (အမေရိကား) ကို ရောက်လာရသူတွေ ဖြစ်ပါတယ်။

တရုတ်ပြည်၊ ထိုင်းနဲ့ အိန္ဒိယပြည်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အရှေ့တောင်အာရှက မြန်မာပြည်ဟာ နှစ်ပေါင်း ၅၀ ကျော် ပြည်တွင်းစစ်နဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။

လောအယ်စိုး၊ မျိုးသန့်နဲ့ စမီလားတို့ဆီက အတွေ့အကြုံတွေကို နားထောင်ကြည့်မယ်ဆိုရင် – ရွာတွေ မီးလောင်တိုက်သွင်းခံရတာ၊ အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံရတာ၊ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ၊ လူတွေ ပြွတ်သိပ်မွန်းကြပ်နေတဲ့ ကျောက်ခေတ်ဂူထဲကလို ဒုက္ခသည်စခန်းတွေ ပြီးတော့ မိမိရဲ့ ယုံကြည်မှုကို မစွန့်လွှတ်နိုင်လို့ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှင်းပန်းခံနေရမှုတွေ … ဒါတွေကို ကြားသိရပါလိမ့်မယ်။

အဲသည် အတွေ့အကြုံတွေနဲ့ ထပ်တူ အခု သူတို့ သည်အမေရိကန်မှာ ခံစားနေရပြီဖြစ်တဲ့ လွတ်လပ်မှုတွေအကြောင်း၊ ခုချိန်အထိ သူတို့ မမေ့နိုင်ကြသေးတဲ့ သူတို့တွေကျက်စားခဲ့ရာ မြစ်ချောင်းနဲ့ တောင်တန်းတွေ၊ ပြီးတော့ သူတို့ ကြီးမားစွာမျှော်လင့်ထားတဲ့ သူတို့ရဲ့ နောက်လာမည့် မြန်မာအမေရိကန်မျိုးဆက်သစ်တွေ … စတာတွေကိုလည်း သင်တို့ ကြားသိရမှာ ဖြစ်ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင် မဟုတ်

ရန်ကုန်တက္ကသိုလ်က ဥပဒေပညာနဲ့ ကျောင်းပြီးလာတဲ့ လောအယ်စိုးက စစ်အုပ်ချုပ်ရေးအောက်မှာ ရှေ့နေလည်း မလုပ်ဘူး၊ တရားသူကြီးလည်း မလုပ်လိုပါဘူးလို့ ဆိုပါတယ်။ အဲဒါနဲ့ သူလည်း ဓာတ်ပုံသတင်းထောက်တဦး ဖြစ်လာပြီး ဂျပန်၊ ပြင်သစ်နဲ့ ဥရောပသတင်းဌာနတွေရဲ့ ရန်ကုန်ရုံးတွေမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

“အစိုးရက ကျနော့်ကို မကြိုက်ဘူး။ ဘာကြောင့်ဆိုတော့ ကျနော်က ရန်ကုန်က နေ့စဉ်လူမှုဘ၀တွေကို ထုတ်ဖော်နေတာကိုး” သူက ပြောပါတယ်။

စက်တင်ဘာ ၁၈၊ ၂၀၀၇ မှာ သံဃာတော်တွေ ထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာချီတက်ပြီး စစ်အစိုးရကို ဆန္ဒပြကြပါတယ်။ လောအယ်စိုးနဲ့ ဓာတ်ပုံသတင်းထောက်တဦးတို့က အဲဒီ ဓာတ်ပုံမှတ်တမ်းတွေ ရယူနိုင်ခဲ့ကြပြီး သူ့ပုံတွေကို စီအင်အင်၊ တိုင်းမ်စ်နဲ့ အယ်ဂျာဇီးရားတို့က ဖော်ပြခဲ့ကြပါတယ်။

အယင်အကြိမ်တွေကဆိုရင် လောအယ်စိုးနဲ့ သတင်းထောက်တွေမှာ စစ်တပ်က ပစ်တော့မယ့်ဆိုတဲ့ သတိပေးချက်ကို ကြိုတင်သိရှိကြလေ့ရှိသော်လည်း ဒီတခါတော့ ကြိုတင်သတိပေးခြင်း မရှိခဲ့ကြပါဘူး၊ ရန်ကုန်မြို့လယ်ခေါင်မှာ ဂျပန်သတင်းထောက် အသတ်ခံလိုက်ရပါတယ်။

“သေနတ်တွေနဲ့ စပစ်ပြီဆိုတဲ့အခါ ဒါတွေဟာ ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို မဟုတ်ပါဘူး။ ” အသက် ၃၈ နှစ် အရွယ် လောအယ်စိုးက ပြောပါတယ်။

“ရုပ်ရှင်ထဲမှာဆို ဂျာနယ်လစ်တွေက ဓာတ်ပုံရိုက်လို့ ရတယ်။ မြန်မာပြည်မှာက သူတို့တွေ ပစ်ပြီဆိုတာနဲ့ ကျနော့်မှာ အသက်လုပြီး ပြေးရတာပဲ”

“ပြီးတော့ ကျနော့်အတွက် မလုံခြုံတော့ဘူးလေ။ ကျနော်ထင်တာက ငါတော့ ထောင်ထဲမှာ သေရလိမ့်မယ်လို့။ ဒါမှမဟုတ် ငါ့ကို အမဲလိုက်သလို လိုက်ကြလိမ့်မယ် …”

နောက် ၂ ရက်အကြာမှာ မြန်မာပြည်အစွန်အဖျားတနေရာကို လောအယ်စိုး ထွက်ပြေးရပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာရတယ်။ မတ်လ ၂၀၀၈ မှာ ယခုဒီ ဘတ်ဖဲလိုးကို ရွှေပြောင်းအခြေချခဲ့ပြီးနောက် သူ့မိခင်နဲ့ ညီအကို ၂ ယောက်နဲ့ ၁၄လမ်းမှာ နေထိုင်နေပြီ ဖြစ်ပါတယ်။ ဒုက္ခသည်ကူညီရေးအဖွဲ့ အင်တာနေရှင်နယ်အင်စတီကျုမှာ အချိန်ပြည့်အလုပ် ၀င်လုပ်နေပါတယ်။

“ကျနော်တို့ ဒီတိုင်းပြည်မှာ ပြန်လည်ရရှိတဲ့ အရေးအကြီးဆုံးအရာ ၂ ခုကတော့ လွတ်လပ်ခြင်းနဲ့ မျှော်လင့်ချက်တို့ပဲ ဖြစ်တယ်။ မြန်မာပြည်မှာ ကျနော်တို့ ဆုံးရှုံးခဲ့ရတယ်။ ကျနော်တို့မှာ အကြောက်တွေ၊ သံသယတွေနဲ့ အသက်ရှင်နေရတယ်။ ကျနော်တို့ လွတ်လပ်စွာ ပြောဆိုခွင့် မရှိဘူး။ ဒီမှာတော့ ကျနော်တို့ နှစ်သက်ရာကို ပြောဆိုဆွေးနွေးနိုင်ကြတယ်။”

အမေရိကန်မှာ သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက ဘာလဲ။

“ဘယ်နေရာကမှ အိမ်လိုမျိုး ခံစားချက် မပေးနိုင်ပါဘူး။ ဒီမှာ ကျနော်နေထိုင်ရတာကို နှစ်သက်ပါတယ်။ သို့သော် ကျနော် မျက်စိတွေကို ပိတ်ထားလိုက်မိတာနဲ့ ကျနော့်တိုင်းပြည်ကို လွမ်းတယ်။ အိမ်ကို သတိရတယ်။ တိုင်းပြည်ရဲ့ မြစ်ချောင်းတွေ၊ တောလမ်းတွေနဲ့ တောင်တန်းတွေရဲ့ ရနံတွေကို ပြန်ပြောင်း အောက်မေ့မိတယ်။”

အခြားမြန်မာမိသားစုတွေ ဒီမှာအခြေချနေထိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရ၊ ပြောင်းလဲရ၊ ပြင်ဆင်ရတာတွေကိုလည်း လောအယ်စိုးက အံသြလို့ မဆုံးပါဘူး တဲ့။

မြန်မာတွေအများစုဟာ ဒုက္ခသည်စခန်းကို မရောက်ခင်က သူတို့တတွေဟာ အခေါင်အဖျားဒေသတွေက လာခဲ့ကြရသူတွေ ဖြစ်ပါတယ်။ တောတွေ တောင်တွေထဲက လာခဲ့ကြသူတွေမို့ သူတို့မှာ ကားတွေ၊ ဘတ်စကားတွေနဲ့ လျှပ်စစ်မီးဆိုတာတွေလည်း ရှိကြတာ မဟုတ်ပါဘူး။ အခုတော့ သူတို့တတွေဟာ အမေရိကန်က အတော်အသင့်ကြီးမားတဲ့ မြို့ပြမှာ နေထိုင်နေကြပြီ။ ဘတ်စကားတွေ၊ ကုန်တိုက်ကြီးတွေ၊ ဆေးရုံတွေ ပြီးတော့ ခေတ်ပေါ် အဆောက်အအုံတွေကြားမှာ အသက်မွေးနေကြရပြီ ဖြစ်ပါတယ်။

“သူတို့အတွက်ကတော့ အင်္ဂါဂြိုလ်ကို ရောက်သွားရသလိုပါပဲ” တဲ့။



နိုင်ငံမဲ့တဲ့ လူတယောက်

စမီလာဂရီလီရဲ့ အဖြစ်ကတော့ သာမန်ဒုက္ခသည်များထဲက ဘ၀တခုဖြစ်ပါတယ်။ ကျောင်းဆရာနဲ့ စိုက်ပျိုးရေးဝန်ထမ်းတဦးရဲ့ သားဖြစ်သူ စမီလာဟာ ငယ်စဉ်ကတည်းက ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ အဲဒီနေရာတွေဟာ စစ်အစိုးရက သူတို့လူမျိုးတွေကို တိုက်ခိုက်သုတ်သင်တဲ့ နေရာတွေပါပဲ။

“ဘယ်လိုမှ ဆက်နေထိုင်လို့ မရတော့ဘူးလေ။” သူကပြောပါတယ်။ “ဆုံးဖြတ်ချက်တို့ ဘာတို့ ချဖို့ အချိန်တောင် မရှိပါဘူး။ မြစ်ကို ကျော်ပြီး စွန့်ခဲ့ရတာပဲ”

ဘီးဟပ်ဂ်က သူတို့တွေ ကြုံတွေ့ရလေ့ရှိတဲ့ ဘ၀တွေ အဖြစ်အပျက်တွေကို ၀င်ပြီး ရှင်းပြပါတယ်။

“ခင်ဗျားက ကိုယ့်ရွာကလေးမှာ ကိုယ့်အလုပ်လေး လုပ်စားလို့ နေမယ်။ တနေ့မှာတော့ အဲသည်မှာ ခင်ဗျားရွာကို စစ်တပ်က မီးတင်ရှို့တော့တာပဲ။ ခင်ဗျားတို့ ပြေးပေတော့။ ပြေးလိုက်ရတာမှ ခင်ဗျား စိတ်ချရပြီလို့ ထင်တဲ့အထိပြေးရမယ်။ အဲသလို ပြေးလာတဲ့ တခြားရွာသားတွေနဲ့လည်း ခင်ဗျား ဆုံရလိမ့်မယ်။”

အသက် ၁၁ နှစ်လောက်မှာ ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းတခုကို ရောက်ရှိလာခဲ့တယ်။ အဲသည်က ရေတွေ မီးတွေ မရှိတဲ့ ဓနိမိုးအောက်က ၀ါးတဲကလေးမှာပေါ့။ စားစရာက ဆန်ရယ်၊ ငပိရယ်၊ ဆားရယ်၊ ငရုတ်သီးနဲ့ ငရုတ်ကောင်း … ဒါပဲ။

“ ၁၅ ရက်တကြိမ် တန်းစီပြီးတော့ ကိုယ်နံမယ်ခေါ်တဲ့အချိန်ကို စောင့်ရမယ်။ ကိုယ့်အတွက် ခွဲတမ်းဆန်ကို သွားယူရမယ်။ နောက်တနေ့မှာတော့ အဲသည်အတိုင်း သွားရင် ငပိအလှည့် ရမယ်။”

အဲသည်ဒုက္ခသည်စခန်းမှာလည်း လွတ်လပ်ခွင့် မရှိပါဘူး လို့ သူက ပြောပြပါတယ်။ ပြည်တွင်းစစ်ကြီးက သူ့ကို မြန်မာပြည် ပြန်လို့မရအောင် တားဆီးထားတယ်။ ထိုင်းနိုင်ငံထဲမှာ နိုင်ငံမဲ့တယောက်အဖြစ် အခြားဒုက္ခသည်တွေနဲ့ အသက်ရှင်နေထိုင်ရင်း စခန်းထဲမှာ စပါးစိုက်ခွင့်၊ တိရစ္ဆာန်မွေးမြူခွင့်တို့ တောင်မှ သူတို့မှာ မရှိပါဘူး။ အဲသည်မှာ ၂၃ နှစ် သူ နေထိုင်ခဲ့ရတယ်။ သူရဲ့ ကလေး ၃ ယောက်ကို သူအဲသည်မှာ အသက်မွေးပေးခဲ့ရတယ်။

“အခု ကျနော် အသက် ၃၀ ကျော်ပြီ။ ကျနော့်ကို ဘယ်တိုင်းပြည်ကမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာ မရှိဘူး။ ” သူက ပြောပြပါတယ်။

“ကျနော်ဟာ တိရစ္ဆာန်တကောင် မဟုတ်ဘူး။ ဒါပေမယ့် ကျနော်က ဘယ်တိုင်းပြည်သားတဦးပါလဲ။ ကျနော့်ကလေးတွေကို ထိုင်းနိုင်ငံမှာ မွေးခဲ့တယ်။ သူတို့မှာ နိုင်ငံသားဖြစ်ခွင့် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဒုက္ခသည်စခန်းထဲက မို့လို့ပါ။”

မိသားစု တစုလုံးမှာ နိုင်ငံတနိုင်ငံ မရှိ

“ လာမည့် အနာဂတ်မျိုးဆက်တွေ ဖြစ်ထွန်းလာအောင် ခင်ဗျားကလေးတွေကို ဘယ်လို ပျိုးထောင်မှာလဲ။ ကျနော့်ဘ၀တခုလုံး ဒုက္ခသည်စခန်းမှာ အချိန်ကုန်ခဲ့ရတယ်။ ကျနော်ကလေးတွေကကော ဘယ်လိုဘ၀မျိုးနဲ့ အဲဒီမှာ နေထိုင်ကြမှာလဲ။ ကျနော့် မြေးတွေကျရင်ကော …”

အဲသည်အကြောင်းရင်းကြောင့် စမီလား – (၃၆ နှစ်)လည်း ဘတ်ဖဲလိုးသို့ ဇနီးသည်နှင့် ကလေး ၃ ဦးတို့ နှင့်အတူ ရောက်ရှိလာပါတယ်။ ဂျောနီးအင်းဒ် စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပညာရေးအစီအစဉ်တွင် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။

စမီလာကတော့ သူ ဘယ်က လာခဲ့တယ်ဆိုတာ သူတပါးတွေ သိရှိသွားကြစေချင်ပါတယ် တဲ့။ လူတွေကို ပစ်သတ်၊ မိန်းကလေးတွေကို အဓမ္မကျင့်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ ဒီမိုကရေစီရဲ့ ကွာခြားချက်များကိုလည်း အခြားသူတွေ နားလည်ကြစေချင်ပါသတဲ့။

“သဘာဝအနေအထားအရ မြန်မာပြည်နဲ့ ရာသီဥတုကို ကြိုက်တယ်။ စမ်းကလေးတွေ၊ မြစ်ချောင်းတွေ၊ တောတောင်တွေနဲ့ မြန်မာပြည်ကော၊ ထိုင်းကိုပါ ကျနော် ချစ်တယ်။ မြန်မာစစ်အစိုးကိုတော့ မုန်းတယ်။”

“စစ်အစိုးရက သူ့ပြည်သူတွေကို သတ်ပစ်နေတာကိုး …”


ပိုစတာပေါ်က စာလုံးများ

ဘတ်ဖဲလိုးပြည်နယ်တက္ကသိုလ်မှာ ဘွဲ့ ၂ ခု ရခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာ အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီဖြစ်တဲ့ အောင်မြင်မှုတွေ ဆက်နေတဲ့ မျိုးသန့်မှာလည်း ကြေကွဲဝမ်းနည်းစရာ ဆူးတွေနဲ့ပါ။

“ကျနော် တကိုယ်ကောင်းဆန်တဲ့သူတဦးလို့ ခံစားမိတယ်။ ကျနော့်ပြည်သူတွေက ဒုက္ခရောက်နေချိန်၊ အသတ်ခံနေရချိန်၊ ဖိနှိပ်ခြင်းခံနေရချိန်မှာ ကျနော့်မှာ တာဝန်ရှိသလို ဖြစ်နေတယ်။ ကျနော်က ဒီမှာ အိုကေနေပေမယ့် ဟိုမှာက သူတို့တတွေ မအိုကေကြဘူး။ ကျနော် ခန္တာကိုယ်ကြီးက ဒီမှာ ရှိနေပေမယ့် ကျနော့်စိတ်က ဟိုကို ရောက်နေတယ်။ မြန်မာပြည်မှာ စိတ်ရောက်နေတယ်၊ ပြည်သူတွေနဲ့ အတူ …”

မျိုးသန့်က မြန်မာပြည်မှာ လူငယ်ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ အင်န်အယ်ဒီပါတီက ဒေါ်စုရဲ့ အတွင်းလူယုံတဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

“ဒေါ်စုက ကျနော့်ကို သား လို့ ခေါ်တယ်။ ကျနော်က သိပ်ငယ်တာကိုး။” သူက ပြန်ပြောပြပါတယ်။

“ဒေါ်စုက ကျနော့်ကို ပြောတယ်။ ဒီမှာ အားလုံးအတူတူ ၀ိုင်းဝန်းကြလို့ လူငယ်လှုပ်ရှားမှုတွေ မလုပ်နိုင်ဘူးလား … တဲ့”

သူကိုယ်တိုင်လည်း ထိုအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ မေလ ၁၉၉၆ ကနေ အောက်တိုဘာ ၁၉၉၇ အထိ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကျယ်ချုပ် ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပါတယ်။

မျိုးသန့်မှာ ဘယ်တုံးကမှ မြန်မာပြည်ကို စွန့်ခွာဖို့ မစဉ်းစားခဲ့ဘူး။ ဒါပေမယ့် သူရဲ့ ယုံကြည်မှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံရတာကိုလည်း မလိုလားဘူး။ ပြည်သူတွေအတွက် သူက အမြဲတန်း တိုက်ပွဲဝင်နေချင်တယ်။ အဲသည်လိုဆိုတော့ သူ့မှာ တိုင်းပြည်ကို ခွာဖို့သာ ရှိတော့တယ်။

“ကျနော့် ယုံကြည်ချက်တွေကို မစွန့်လွှတ်ပါဘူး။ တိုင်းပြည်ဟာ လွတ်လပ်ရမယ်။ ဒီမိုကရေစီ ရမှ ဖြစ်မယ်။”

မျိုးသန့် (၃၇ နှစ်) ဟာ ဂျောနေးအင်းဒ် ကူညီမှုအဖွဲ့မှာ မန်နေဂျာဖြစ် လုပ်ကိုင်နေပါပြီ။ ဒီမှာ အခြေချနေထိုင်ကြသူတွေကြားမှာ မြန်မာယဉ်ကျေးမှု ရှင်သန်နေအောင် ထိန်းသိမ်းထားချင်သူလည်း ဖြစ်ပါတယ်။ တနေ့နေ့မှာ ဒီက မြန်မာတွေကိုယ်တိုင် ပွဲတော်တွေ ကျင်းပနိုင်ကြဖို့ကို လိုလားပါတယ်။ ဒါမှသာ အီတာလျံပွဲတော်တွေလို ရိုးရာအစားအစာ၊ သမိုင်း၊ ယဉ်ကျေးမှုတွေကို နောက်လူငယ်တွေက မမေ့ကြမှာ ဖြစ်ပါတယ် တဲ့။

ဒီလိုမျိုး ဖြစ်အောင်လုပ်ဖို့ဆိုတာ ဒီလိုမြန်မာခေါင်းဆောင်တွေအတွက် ကြိုးတမ်းလမ်းလျောက်ကိစ္စတခု ဖြစ်ပါတယ်။ သူတို့က နောက်ကလူငယ်ကလေးတွေကို အင်္ဂလိပ်စာတွေ တတ်၊ အလုပ်တွေရပြီး အမေရိကန်မှာ ခြေ ၂ ချောင်းပေါ် မားမားရပ်စေချင်ပါတယ်။ သို့သော် မျိုးသန့်အနေနဲ့ သူတို့တတွေရဲ့ လာရာကိုလည်း မေ့လျော့မသွားကြစေချင်ဘူး။

“အိမ်မှာ ကိုယ့်ဘာသာစကားကို ပြောကြပါ” သူက မိတ်ဆွေမြန်မာတွေကို အကြံပေးပါတယ်။ “အင်္ဂလိပ်လို မပြောကြနဲ့။ အိမ်မှာ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းကြစေလိုပါတယ်။”

မျိုးသန့်ရဲ့ ရိုးရိုးကုပ်ကုပ်အိမ်ကလေးက နော်မယ်ရိပ်သာမှာ ရှိပါတယ်။ အိမ်ထဲက နံရံမှာ ဒေါ်စုရဲ့ ပိုစတာတခု ချိတ်ဆွဲထားတယ်။ အဲသည်မှာပုံနှိပ်ထားတဲ့ ဒေါ်စုရဲ့ စကားဟာ မျိုးသန့်ရဲ့ ရည်မှန်းချက်ကိုပါ ဖော်ပြထားသလိုဖြစ်နေပါတယ်။

“သင့်မှာရှိတဲ့ လွတ်လပ်ရေးနဲ့ ငါတို့ အရေးကို ဆောင်ပေးပါ” … တဲ့။

(စာညွှန်း – မူရင်းကို ဒီမှာ ဖတ်ပါ – http://www.buffalonews.com/home/story/744722.html

ပြီးတော့ အမေရိကန်ကျွဲဆည်ကန်ရပ်က မြန်မာတို့ရဲ့ ဓာတ်ပုံမှတ်တမ်းကို ဒီနေရာမှာ ကြည့်ပါ။ http://www.buffalonews.com/435/story/745062.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts