>Law Eh Soe – Remembering U Min Thu

>

အန်ကယ်ဦးမင်းသူ (သို့) နှုတ်ခမ်းမွှေးကြီး

လောအယ်စိုး
သြဂုတ် ၁၊ ၂၀၀၉

အတော့်ကို ပေါင်းရသင်းရခက်မယ့် ပုဂ္ဂိုလ်မှန်း ကျနော် ချက်ချင်းကြီးကို သိလိုက်ရပါတယ်။ သတင်းစာပညာနဲ့ ပတ်သက်လို့သော်၎င်း၊ မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော ၎င်းဖြတ်သန်းခဲ့သည့် အတွေ့အကြုံ၊ သုံးသပ်ချက်များကို ဆည်းပူးမှတ်သားလိုခြင်း၊ ထို့ထက်မက ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးလိုသောကြောင့် မိတ်ဆွေဆရာတဦးမှ တဆင့် မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

ရန်ကုန်မြို့၏ ၀ိုင်အမ်စီအေ (YMCA) အဆောက်အဦ၏ ဒုတိယထပ် ညာဖက်အစွန်ဆုံး အခန်းဖြစ်ပါသည်။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် မိုးရာသီကာလ၏ တခုသော ညနေခင်း ဆေးလိပ်မီးခိုးလုံးများဖြင့် ပြည့်နေသောအခန်းထဲတွင် အန်ကယ်နှင့်အတူ အသက် ခြောက်ဆယ်ကျော် အမျိုးသားကြီးတဦး စားပွဲတလုံးတွင် မျက်နှာခြင်းဆိုင်၍ ထိုင်နေကြသည်။ ၎င်းတို့နှစ်ဦး၏ အလယ်တွင် ပုလင်းတ၀က် နီးပါး ကုန်လုနီးနီး ၀ီစကီပုလင်း၊ ပြီးတော့ ရေပုလင်း။

“ဆရာ ဒီလူငယ်က သတင်းစာပညာကို ဆရာ့ဆီက သင်ချင်တယ်ဆိုပြီး ကျနော့်ကို မိတ်ဆက်ခိုင်းလို့ပါ”

ကျနော်နှင့်ရင်းနှီးသူ ခရစ်ယာန်ဓမ္မဆရာ ဦးကျော်ညွန့်က အန်ကယ်နှင့် မိတ်ဆက်ပေးခြင်းပါ။

“သြော… မင်းက ဘာကြောင့် သတင်းထောက်ဖြစ်ချင်ရတာလဲ”

ဟု အန်ကယ်က စီးကရက်ကိုဖွာရင်း ကျနော့်ကို မေးတော့၊ မိမိကိုယ်တိုင်က သတင်းထောက်တယောက် အရမ်း ဖြစ်ချင်သည့် ပြင်းပြသောဆန္ဒတခုသာရှိပြီး အခြားဘာကိုမှ လုပ်ရန် ရွေးချယ်မှု မရှိကြောင်း ပြောပြသောအခါ –

“အေး … ကောင်းပြီ။ မင်း … ထောင်ရော ကျခံရဲတဲ့ သတ္တိရှိပြီလား”

လို့ မေးတော့ ကျနော် ပြုံး၍သာ နေမိပါသည်။

“တပတ်ကို နှစ်ရက် တနင်္လာနဲ့ ကြာသပတေး၊ နေ့လည် ဆယ့်နှစ် နာရီကျော်ကျော်လာခဲ့။ တခြားနေ့ တခြားအချိန်တွေ မလာနဲ့၊ ငါမအားဘူး၊ အလုပ်လုပ်ရမယ်။ အရေးကြီးလို့ တွေ့ချင်ရင် ကြိုပြီး တယ်လီဖုန်းဆက် ငါက မနက် ဆယ့်တနာရီ လောက်မှ အိပ်ယာကနိုးတာ”

ထူးထူးခြားခြား အန်ကယ်၏ အခန်းထဲမှ ပြန်၍ မထွက်မီ သတိထားမိတာတော့ စနစ်တကျစီထားသော စာအုပ်များ၊ နေ့စဉ်သတင်းစာများ၊ ပြီးတော့ သပ်ရပ်လွန်းလှသော အန်ကယ်၏ စာရေးစားပွဲ (သို့) ၎င်း အလုပ်လုပ်သည့် သတင်းရေးသော နေရာလေး။

ဒီလိုနှင့်… ကျနော် တပတ်ကို နှစ်ကြိမ်ကျ ပုံမှန် ရောက်သည်။ အန်ကယ်က

“ငါက မင်းကို သတင်းစာပညာနဲ့ ပတ်သက်လို့ ပြောပြမှာထက် မင်း ငါ့ကို သိချင်တာတွေ မေး၊ ငါသိတာ ငါ ပြောပြမယ်”

ဆိုတာပါပဲ။

၎င်းဆီကို ရောက်တိုင်း ကျနော်က အန်ကယ်ဖြတ်သန်းခဲ့ရသော လူငယ်ဘ၀၊ သတင်းထောက်ပေါက်စဘ၀၊ ပြီးတော့ သမ္ဘာရင့် သတင်းထောက်ကြီးရဲ့ အတွေ့အကြုံတွေကို မေးတော့ စိတ်ရှည်လက်ရှည်နဲ့ ကျနော့်ကို ရှင်းပြပါတယ်။

အံ့သြဖွယ်ကောင်းသည့်အချက်က လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က အဖြစ်အပျက် မှတ်တမ်းတွေကို နေ့ ရက် လ ခုနှစ် အတိအကျ အန်ကယ်တယောက် အလွတ်ပြောနိုင်ခြင်းပါပဲ။

ကျနော့်ဆရာရင်း ပြင်သစ်သတင်းဌာနမှ အန်ကယ်ဦးခင်မောင်သွင် (သို့) ဦးအယ်ဒီက တော်စေချင် တတ်စေချင်၍ ကျနော့်ကို ဆူပူ ဆုံးမ ညွန်ကြားတတ်သူ၊ မြန်မာနိုင်ငံခြားသတင်းထောက် အသိုင်းအ၀ိုင်း၊ ပြီးတော့ အစိုးရဖက်က လူကြီးများက လေးလေးစားစား ဆက်ဆံခြင်း ခံရသူတဦး။

အန်ကယ်ဦးခင်မောင်သွင်နှင် ကျနော်တို့ နှစ်ဦးတွင် တူညီတာ တခုရှိနေသည်။ အဲ့ဒါကတော့ နှစ်ဦးစလုံး အန်ကယ်ဦးမင်းသူ၏ တပည့်များ ဖြစ်နေခြင်းပါပဲ။

“ဟေ့ကောင်… အယ်ဒီ … ငပျင်း”

လို့ ငါ့ကို ခေါ်တယ်ကွ ဟု အန်ကယ်ဦးခင်မောင်သွင်က ပြုံး၍ ကျနော့်ကို ပြောပြဘူးပါသည်။

အမှန်ပါ..အန်ကယ်ဦးခင်မောင်သွင်သည် အန်ကယ်ကြီးဦးမင်းသူကို ချစ် ကြောက် လေးစားမှန်း တဖြေးဖြေး ကျနော်ပို၍ သိလာပါသည်။ တနေ့ သတင်းစာဖတ်ရင်း ပြင်သစ်နိုင်ငံသား သတင်းထောက်တဦး ခရီးသွားပြည်ဝင်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ၀င်လာပြီး ရန်ကုန်မြို့၌ တွေ့ဆုံမေးမြန်းမှုများကို လျှို့ဝှက်ပြုလုပ်ကာ နောက်ဆုံး အန်ကယ်ဦးမင်းသူ နေထိုင်ရာ (YMCA) အခန်းထဲတွင် စကားပြောနေစဉ် စစ်ထောက်လှမ်းရေးများက မိသွားကာ မြန်မာနိုင်ငံမှ နှင်လွှတ်လိုက်ကြောင်း၊ ထိုသတင်းထောက်၏ ဓါတ်ပုံနှင့်အမည်လည်းပါလာသည်။

ထို့ကြောင့် ကျနော်လည်း အန်ကယ်ကြီးတယောက် ဘယ်လိုများ ဖြစ်နေမလဲဟူသော စိုးရိမ်စိတ်ဖြင့် အန်ကယ်ဆီသို့ အပြေးအလွှားသွားပြီး အခြေအနေကြည့် စုံစမ်းရပါတော့သည်။

ယခုတခေါက် (YMCA) အဆောက်အဦးအတွင်းသို့ ၀င်သောအခါ ယခင်ကလို မဟုတ်တော့ အ၀င်တံခါးဝတွင် မည်သူနှင့်တွေ့ဆုံလိုသည် တွေ့ဆုံလိုသည့်အကြောင်းအရာတို့ကို ဖေါ်ပြကာ လက်မှတ်ထိုးပြီးမှ အဆောက်အဦအတွင်းသို့ ၀င်ခွင့်ရတော့သည်။

အခန်းအတွင်းသို့ ကျနော်ရောက်ရှိသွားသောအခါ အန်ကယ်၏ မိတ်ဆွေဟောင်းတဦးက ကျနော့်ထက်ကြို၍ ရောက်နှင့်နေကာ အန်ကယ်နှင့် စကားကောင်း၍ နေလေပြီ။ အချို့ မိတ်ဆွေရင်း တချို့ပင် ယခုလို အချိန်မျိုး၌ အန်ကယ်နှင့် လာရောက် တွေ့ဆုံခြင်းကို မပြုဝံ့ကြ တော့ပါ။

ဤကဲ့သို့သော အချိန်မျိုးတွင် ၎င်းထံ လာရောက် အားပေးစကား ပြောသောကြောင့် အန်ကယ်တယောက် အတော့ကို ၀မ်းသာသွားပုံ ရပါသည်။ ထိုနေ့ရက်မှ စပြီး ကျနော်နှင့် အန်ကယ်ဦးမင်းသူတယောက် တဦးနှင့် တဦး ပို၍ ခင်မင် ရင်နှီးမှု လေးနက်သွားပါသည်။

လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံ၏ အခြေအနေ၊ ဗိုလ်ချူပ်ကြီး နေ၀င်း နိုင်ငံတော်အာဏာ မသိမ်းပိုက်မီ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး လူမှုရေးတို့ကို သတင်းထောက်တယောက်အနေဖြင့် မည်သို့ ဖြတ်ခဲ့ရကြောင်း၊ အတွေ့အကြုံ များစွာတို့အား ကျနော်မမေးဘဲ အန်ကယ်တယောက် ကျနော့်ကို ပြောပြခဲ့လေသည်။

၎င်း၏ ပုဂ္ဂိုလ်ရေးရာ မိသားစု လူမှုရေးများတို့ကို ကျနော်တို့ နှစ်ယောက် စကားမစပ်မိခဲ့ကြပါ။ အန်ကယ်သည် မည်သို့သော လူတယောက်ဖြစ်သည် ဆိုသောအချက်ကို ကျနော် အတိုင်းအတာ တခုအရ သိရှိခဲ့ရပေမဲ့ ၎င်းက ကျနော်ကို တန်ဘိုးရှိသော လူတဦးအဖြစ် လောကကြီးတွင်ရပ်တည် စေချင်သည်ဟု ကျနော် အပြည့်အ၀ယုံကြည်ပါသည်။

အရက်မူးလာပြီဆိုရင်တော့ ၎င်း၏ ရင်တွင်းမကျေမနပ် ခံစားချက်တွေကို ထုတ်ဖေါ်တတ်ပြီး တခါတရံ နင့်နင့်သီးသီးကြီး ဆဲဆိုတတ်ပါသည်။

၎င်းအိပ်စက်သော ကုတင်၏နံဘေးတွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဖြစ်ခဲ့သူ ဦးသန့်၏ အရှေ့တွင် အန်ကယ်တယောက် သတင်းယူနေသည့် အဖြူအမဲ ဓါတ်ပုံကို သစ်သားဘောင်ခတ်ပြီး ချိတ်ဆွဲထားပါသည်။

အစိုးရအသိအမှတ်ပြု နိုင်ငံခြားဓါတ်ပုံသတင်းထောက်တယောက် ကျနော် ဖြစ်သွားသည့်အခါ အန်ကယ်၏ တင်းကြပ် နွေးထွေးသောလက်ဖြင့် ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပြီး “မင်းအတွက်ငါ ဂုဏ်ယူတယ်” ဟု အင်္ဂလိပ်လိုပြောခဲ့ပါသည်။

တပါးသူတွေ အသိအမှတ်ပြုတာထက် အန်ကယ် ဤကဲ့သို့ ကျနော့်အား ဂုဏ်ပြုစကားပြောသောအခါ အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ ဘာသာတရားအကြောင်းကို ဘယ်သောအခါမှ အန်ကယ်နှင့် ကျနော် မဆွေးနွေးဖြစ်ခဲ့ ပြီးတော့လည်း မည်သည့်ဘာသာတရားကိုမှ ယုံကြည်၍ ကိုးကွယ်ပုံမရ။

“ငါက ၀ါဒ တခုကို ယုံကြည်တယ်”

ဟု ကျနော့်အား ပြောဘူးပါသည်။ ထို “၀ါဒ” ကို ကျနော်လည်း မသိသလို၊ အန်ကယ်က ကျနော့်ကိုလည်း ရှင်းမပြခဲ့ဘူးပါ။

ထူးခြားတာက ဓါတ်ပုံသတင်းထောက်ပေါက်စ တဦးအတွက် သတင်းထူးတွေကို ကျနော်က အခြားသတင်းထောက်များထက် ဦးအောင် ကြိုးစားပြီး လိုက်ရပါသည်။ အခြားသမ္ဘာရင့် သတင်းထောက်ကြီးတွေလည်း တဦးနှင့်တဦး တကယ့်အပြိုင်အဆိုင် အန်ကယ်ဦးမင်းသူ တယောက်ကတော့ ၎င်း၏အခန်းအပြင်သို့ မထွက်ဘဲ သတင်းဦးများကို ကြို၍ ရနေတတ်သည်။ ၎င်း၏ “YMCA” အခန်းကျဉ်းလေးထဲသို့ သတင်းဦး သတင်းဖျားတွေ စီးဆင်းနေသလားလို့တောင် ထင်ရသည်။

နှစ်ပေါင်း လေးဆယ် ကျော်ကျော် သတင်းတွေနောက်သို့ မုဆိုးတယောက်ပမာ ကြမ်းကြမ်းတမ်းတမ်း စွန့်စွန့်စားစား ၀ီရိယကြီးမားစွာဖြင့် အန်ကယ်တယောက်လိုက်ခဲ့၍လား မသိ၊ ယခုလို အသက် ၇၀ ကျော်အရွယ်တွင် သတင်းတွေက အန်ကယ့်ကို ပြန်၍ လိုက်လာပုံရပါသည်။

သေသေချာချာ သုံးသပ်ထားပြီးမှ မိမိ ယုံကြည်ခံယူထားသည်ဆိုသော ခံယူချက်ကို အန်ကယ်သည် ဘယ်သောအခါမှ မပြောင်းလဲတတ်သည့် အကျင့်ကို ကျနော် အန်ကယ်ဦးမင်းသူထံမှ အမွေအဖြစ် ရလိုက်ပါသည်။

ကျနော့်ကို အန်ကယ် ပြောပြသော ကိစ္စတခု ရှိပါသည်။ န၀တအစိုးရ၏ ထိပ်တန်းအဖွဲ့ဝင် ဗိုလ်မှုးချူပ် အေဘယ်ကို အခမ်းအနားတခုတွင် အန်ကယ်က “ဟေ့ကောင်” ဟူ၍ ခေါ်လိုက်သည်။ ထိုအခါ ဗိုလ်မှုးချူပ်အေဘယ်၏ ကိုယ်ရေးအရာရှိဖြစ်သူ တပ်မတော်အရာရှိငယ်က ဒေါသဖြင့် တစုံတရာ အန်ကယ်ကို တုန့်ပြန်မည်ပြုသောအခါ ဗိုလ်မှုးချူပ်အေဘယ်က အန်ကယ်ကို ခင်မင်စွာပြုံးပြလိုက်ပြီး ၎င်း၏ ကိုယ်ရေးအရာရှိကို လက်ဖြင့် ဟန့်တားလိုက်ပါသည်။

“အေး … ဒီကောင် … ဒေးဗစ်က ငါ့ရဲ့ ကျောင်းနေဘက် သူငယ်ချင်းလေကွာ”

ဟု အန်ကယ်က ရယ်မောပြီး ဘ၀ မမေ့တတ်သော ၎င်း၏ ငယ်သူငယ်ချင်း ဗိုလ်မှုးချူပ်အေဘယ်ကို သူ ခင်မင်လေးစားကြောင်း ကျနော့်ကို ပြောပြခဲ့ပါသည်။

အန်ကယ်၏ ဆရာရင်းကတော့ မြန်မာနိုင်ငံသတင်းစာလောက၏ သမိုင်းဝင် ပုဂ္ဂိုလ်ကြီး ဦးညိုမြ ဖြစ်ပါသည်။

“ငါ့ဆရာက သူကိုယ်တိုင်လည်း အတော့ကို ကြိုးစားတယ်။ ပြီးတော့လည်း ငါ့ကို အတော် မောင်းခဲ့တာကွ” ဟု ကျနော်အား ၎င်း၏ ဆရာအကြောင်း ပြောပြနေရင်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် လွမ်းမောရီဝေနေသည့် မျက်လုံးကို ကျနော် အမှတ်ရဘူးပါသည်။

၎င်း၏ အရှေ့ထိုင်ရင်း “ New Light of Myanmar အင်္ဂလိပ်သတင်းစာကြီးကို အသံထွက်ဖြင့် အကျယ်ကြီး ကျနော် အော်ဖတ်သောအခါ အန်ကယ်က ငြိမ်၍ နားထောင်နေတတ်ပြီး အင်္ဂလိပ်အသံထွက်မှန်များကို ပြင်ပေးခဲ့ဘူးသည့် နေ့ရက်များကို ကျနော် ဘယ်သောအခါမှ မေ့၍ ရမည် မဟုတ်ပါ။

ဓါတ်ပုံသတင်းထောက်ဘ၀ ပြီးတော့ သတင်းရေးသားသည့် သူတယောက် ဖြစ်ခဲ့ရသည့်အတွက် အန်ကယ်သည် ကျနော်ကို ကောင်းကောင်းကြီး နားလည်ပေးနိုင်ကာ တန်ဘိုးဖြတ်၍ ရမည် မထင်သော အကြံဥာဏ်များ ပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တခေတ်တခါက အရှိန်အ၀ါ အလွန်ကြီးခဲ့သော ဂါးဒီယန်းနေ့စဉ်သတင်းစာ ပြီးတော့ (ရိုက်တာ Rectur) သတင်းဌာနများတို့သည် အန်ကယ် နှစ်ကာလ အတော်ကြာ ကျင်လည် လုပ်ကိုင်ခဲ့သော နေရာများဖြစ်ပါသည်။

အန်ကယ်၏ အင်္ဂလိပ်စာအရေးအသားသည် အလွန်ကောင်းမွန်ပြီး အဆင့်အတန်း မြင့်လှပါသည်။ အန်ကယ်နှင့် ခေတ်ပြိုင်သတင်းထောက်ကြီးများနှင့် မြန်မာနိုင်ငံမှ ထိပ်တန်း နိုင်ငံခြားသတင်းထောက်ကြီးများက အန်ကယ်ကို အသိအမှတ်မပြု၍ မရသော အချက်လည်းဖြစ်ပါသည်။

“စာများများဖတ် ပြီးတော့ သမိုင်းရေးရာ အချက်အလက်တွေ အခြေခံဥပဒေတွေကို ကျွမ်းကျင်နှံစပ်နေအောင် သတင်းထောက်ကောင်းတယောက်ဟာ သိကို သိထားရမယ်”

ဟု ကျနော့်ကိုအစဉ် အလေးအနက်ထားပြီး ပြောနေကြ။

အန်ကယ်သည် မည်ကဲ့သို့သော လူတယောက်ဖြစ်ခဲ့ဘူးသည် ဆိုသောအချက်ကိုကား ကျနော်အပြည့်အ၀ မသိခဲ့ပါ။ အသေချာဆုံးတခု ကတော့ အန်ကယ်သည် ကျနော်အား ၎င်း၏ လက်ရင်းတပည့်ပမာ ထားပြီး သူ၏ဘ၀နှင့် ရင်းနှီး၍ ရယူခဲ့သော အတွေ့အကြုံများ၊ ပြီးတော့ ကျနော် မှတ်သားလေ့လာရမည့် အရာများနှင့် သတင်းထောက်ကောင်းတယောက်၏ ထားရှိရမည့် စိတ်နေစိတ်ထား၊ ရှိနေရမည့် အရည်အချင်းကောင်းများကို ရိုးသားဖြူစင်စွာဖြင့် ကျနော့်အား ဝေငှပေးခဲ့သူ ကျေးဇူးရှင်တဦးပါ။

၎င်း လက်ခံစကားမပြောလိုသူ တဦးဦးကို

“ခင်ဗျားထွက်သွားတော့”

ဟု အန်ကယ်ပြောတတ်သည့် အကျင့်ရှိကြောင်း ကျနော်ကြို၍ သိခဲ့ပါသည်။

မော်လမြိုင်မြို့တောင်ဝိုင်း အနာကြီးကုသရေးဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ စောဝါးထူးကို အန်ကယ်ဆီသို့ ကျနော် တခါ ခေါ်သွားဖူး ပါသည်။ ဒေါက်တာစောဝါးထူး၏ အနာကြီးကုသရေးလုပ်ငန်းကို လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက ကြားဖူးခဲ့သည် ဟု အန်ကယ်က ကျနော့်ကို ပြောဖူးပါသည်။

ဒေါက်တာစောဝါးထူးနှင့် ကျနော် အန်ကယ်၏ အခန်းသို့ ရောက်သောအခါ အန်ကယ်ဦးမင်းသူသည် မိမိထိုင်နေရာမှ ထလာပြီး ဒေါက်တာစောဝါးထူး၏ ညာလက်ကို ခွင့်တောင်း၍ တလေးတစား ခေါင်းငုံကာ နမ်းပါသည် ပြီးတော့လည်း ၎င်း၏ နှုတ်မှ

“အနူတွေကို ကိုင်ပြီး ကုသပေးတဲ့ ဆရာ့ရဲ့ လက်ကို ကျနော် အရမ်းလေးစား ဂုဏ်ပြုချင်လို့ပါ”

ဟု ဒေါက်တာစောဝါးထူး၏ မျက်နှာကို စေ့စေ့ကြည့်၍ ပြောလိုက်သည်ကို ယနေ့တိုင် ကျနော်မှတ်မိနေဆဲ။

၂၀၀၅ ခုနှစ် နှင့် ၂၀၀၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့၏ နိုင်ငံရေးအရှိန်အဟုန် မြင့်မားစွာဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသော ကာလတလျှောက်တွင် ဓါတ်ပုံသတင်းထောက်တဦး ဖြစ်သည့် ကျနော်သည်လည်း မြန်မာနိုင်ငံရေး ရာသီဥတု၏ မိုးလေ၀သအခြေအနေကို မပြတ်မလပ် မိခင်သတင်းဌာနသို့ သတင်းဓါတ်ပုံများ အချိန်မီ ပို့ပေးနိုင်ရေးအတွက် လုံးပမ်းနေရ၍ အန်ကယ်ရှိရာသို့ သိပ် မရောက်ဖြစ်တော့။

အန်ကယ်တယောက် ကျန်းမာရေးပို၍ ချို့ယွင်းလာကာ ဆေးခန်းသို့ အိမ်ဦးနှင့် ကြမ်းပြင်ပမာ တက်သုတ်ရိုက် သွားနေရသည်ဟု သတင်းကြားကြားခြင်း ကျနော် အန်ကယ်ရှိရာ (YMCA) အခန်းလေးဆီသို့ အရောက်သွားခဲ့သည်။

ထိုအချိန်တွင် အမျိုးသားသူနာပြုတဦးက အန်ကယ်ကို အနီးကပ် ပြုစုနေရသည်။ ၎င်း၏ ကုတင်ခြေရင်း စားပွဲငယ်ပေါ်တွင် သောက်ရမည့်ဆေးတွေကလည်း အမျိုးပေါင်း မနည်း။ သူနာပြု၏ အကူအညီကိုယူ၍ လမ်းလျှောက်၊ ရေချိုး၊ အိမ်သာတက်ခြင်းအမှု တို့ကို ပြုလုပ် နေရပေပြီ။ စကားကိုလည်း ပီသအောင် မပြောနိုင်တော့။ သို့သော် ကျနော့်ကိုကား ကောင်းကောင်းကြီး မှတ်မိနေဆဲ။

မိတ်ဆွေရင်းတွေ လူနာကြည့်လာသည်ကို ၎င်းက ကုတင်ပေါ်မှ ပြုံး၍ နှုတ်ဆက် အသိအမှတ်ပြုနေဆဲ။ ကော့ပျံနေသော အန်ကယ်၏ နှုတ်ခမ်းမွှေးတွေကသာ အရင်လို မပြောင်းမလဲ လင့်လင့်လျားလျား။

တခုတော့ရှိသည် အန်ကယ်က ၎င်း၏သမီးကြီးကို အခန်းထဲသို့ လုံးဝ အ၀င်မခံ။ မျက်ရည် စမ်းစမ်းဖြင့် အန်ကယ်၏ သမီးကြီးက ဖခင်ကို ပြုစုလိုသော်လည်း အန်ကယ်တယောက်ရှိသမျှ အားအင်ကို ညှစ်ပြီး ကျယ်လောင်စွာ အော်ဟစ်၍ သမီးကို မောင်းထုတ်ပစ်ခဲ့သည်။ အချစ်ဆုံးဖြစ်ခဲ့သည့် သမီးကြီးအပေါ် အန်ကယ်တယောက် ဘယ်လိုမှ ချေဖျက်၍ မရနိုင်သော အာဃာတတရား တခု ရှိနေမည်ဟု ကျနော်သိလိုက်သည်။

အန်ကယ်၏ မိတ်ဆွေဟောင်းတဦးဖြစ်သူ ခရစ်ယာန်ဓမ္မဆရာကြီး ဦးအာသာကိုလေးနှင့် တက္ကသိုလ်ပထ၀ီဝင်ဌာနမှ ပါမောက္ခဟောင်း ဒေါ်ဖေ၀ီလျှံလေးတို့ကို ကျနော် အန်ကယ်ထံ ခေါ်သွားခဲ့သည်။ ဆရာဦးအာသာကိုလေးက ဝေဒနာဖြင့် နာကျင်စွာ ခံစားရင်း အိပ်ယာထက်ဝယ် လှဲလျောင်းနေရှာသည့် အန်ကယ်ကို ဆုတောင်းပေးသောအခါ မျက်ရည်ကျလျှက် “အာမင်” ဟူ၍ အန်ကယ်တယောက် ဆုတောင်းခြင်းအဆုံး အသံပြုခဲ့သည်။

“ဟေ့ကောင် … မင်းသူ ဆုံးပြီကွ။ အသုဘ မနက်ဖြန် ရေဝေးမှာ…”

ဟူ၍ အန်ကယ်ဦးခင်မောင်သွင် ကျနော့်ကို တယ်လီဖုန်း ဆက်လာပါသည်။

ရေဝေးအရပ်ရှိ မီးသဂြိုလ်ရာနေရာသို့ ကျနော် ရောက်သောအခါ အသုဘရှု့ပရိသတ်က အယောက် ၃၀ လောက်ရှိမည်။ ကျနော် ရိုက်ထားခဲ့သော အဖြူအမဲနှင့် အန်ကယ်၏ အနီးကပ်ဓါတ်ပုံ (portrait) အောက်တွင် ရုပ်အလောင်းကို ဇာပုဝါ အဖြူအုပ်လျှက် အန်ကယ်ကို နောက်ဆုံး တွေ့လိုက်ရသည်။

မျက်ရည်စက်လက်နှင့် အန်ကယ်၏ သမီးကြီးကို ရေဝေးတွင် ပြန်၍ တွေ့လိုက်ရသည်။ မီးသင်းဂြိုလ်စက်မှ မီးခိုးလုံးကြီးနှင့်အတူ အန်ကယ်၏ ရုပ်ခန္ဓာကြီးသည် ကျွမ်းလောင်ကာ ပြာအဖြစ်သို့ ရောက်ရှိသွားပေပြီ။

သို့သော် ကျနော်၏ နှလုံးသားထဲတွင် အန်ကယ်ဦးမင်းသူတယောက် ရှင်သန်နေဆဲ။ စကားတွေ ပြောနေဆဲ။ အကြောင်းအရာတခုကို ဆွေးနွေးနေဆဲ။ သတင်းတွေ ဖလှယ်နေဆဲ။

အန်ကယ်တယောက် ၎င်း၏ ခက်ခဲကြမ်းတမ်းလှသည့် ဖြတ်သန်းမှုများကို ကျနော့်အား ခွန်အားအပြည့် အဟုန်ပြင်းထန်လွန်းသော မာန်တို့ဖြင့် ပြောပြနေဆဲ။

ကျနော်ကလည်း စိတ်ပါဝင်စားစွာဖြင့် နားထောင်နေဆဲ။

ဇူလိုင် ၁၈၊ ၂၀၀၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts