>Mar Mar Aye 280

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၈ဝ)
ကိုကြေးမုံရဲ့ ပူးနောင်းချပ်ချိန်း
မာမာအေး
သြဂုတ် ၂၊ ၂ဝဝ၉
(photo: didfortwayne blogspot com)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ အရင်တပတ်က မာအေး တောင့်တတဲ့ ‘တန်ပြန်ဆု’ တေးကလေး ရေးပေးသွားတဲ့ မောင်ကြေးမုံနဲ့ ဂီတအလုပ်တွေ မာအေး အများကြီး လုပ်ခဲ့ဖူးပါတယ်၊ တပုဒ်စ-နှစ်ပုဒ်စကနေ၊ တခွေလုံး ဆိုဖြစ်တဲ့ အထိပေါ့၊ အဲဒီအထဲမှာ ပြဇာတ်လဲ ပါတယ်၊ ဂီတကောင်စီအတွက် ရေးပေးခဲ့တဲ့ တေးသရုပ်ဖေါ်တွေလဲ ပါ ပါတယ်။ ဘုရားရှင် လက်ထက်တော်က အလှမိဖုရား ခေမာ အကြောင်း၊ ဘုရင်ကြီး ဗိမ္မိသာရနဲ့ သားတော် အဇာတသတ်ကို ဖွဲ့တဲ့ မေတ္တာဇာတ်၊ သဇ္ဇဝီမင်းတို့ရဲ့ ညီညွတ်မှု၊ မာသာနန္ဒီ တေးသီမကလေးရဲ့ မာယာတသိန်း အပလိန်းအနန္တ၊ နယ်ချဲ့ကို သေအထိ သူ့ကျွန်မခံ တော်လှန်ပုန်ကန် စတေးခံသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုး၊ အောင်ဆန်းစုကြည်ရဲ့ ဘေးတော် ဖြစ်တဲ့ ဗိုလ်မင်းရောင် (ခေါ်) မင်းကြီးလရောင် အကြောင်းတွေကိုလဲ ထဲထဲဝင်ဝင် မှတ်တမ်းတင် ရေးခြယ်ခဲ့ပါတယ်၊

မာအေးတို့ ဂီတကောင်စီကို အမြဲ ကူညီ သရုပ်ဆောင်ပေးခဲ့ကြတဲ့ ပညာရှင်တွေကတော့၊ ခေတ်ဟောင်း ရှပ်ရှင်နဲ့ ပြဇာတ်မင်းသားကြီး (ဦး) ကျော်အေး၊ မင်းသား ရိုးရိုးကြီးဇေယျ၊ အကယ်ဒမီ မင်းသမီးကြီး ကြည်ကြည်ဌေး၊ ခေတ်ဟောင်း အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီးကြီး ခင်ခင်ရီ၊ ဒေါ်မေနွဲ့၊ ဒေါ်ခင်လေးဆွေတို့ ဖြစ်ပါတယ်၊ နောက်ပိုင်းရုပ်ရှင်ကောင်စီ၊ သဘင်ကောင်စီတို့ပါ ပူးပေါင်း တင်ဆက်ရတဲ့အခါ ကြုံလာတော့ ဇာတ်လေးနဲ့ ကိုက်မယ့် သရုပ်ဆောင် မင်းသား မင်းသမီးတွေပါ စင်ပေါ် ရောက်လာပါတယ်ရှင်။ အနုပညာ ဒေါင့်စုံမျိုးစုံရဲ့ အားထုတ် စုစည်း ဆောင်ရွက်ချက်တွေ ဖြစ်လို့ အမြဲပဲ ဗဟိုရုပ်ရှင်က မှတ်တမ်းတင်ရိုက်ကူးလေ့ရှိပါတယ်၊ ခုအခါမှာ ပညာရှင်တွေ အကြောင်းကြောင်းနဲ့ ကြွေကျမြေခ အနိစ္စတွေ ဖြစ်လာကြပါပြီရှင်၊ ဒါတွေဟာ ဂီတရုပ်ရှင်သဘင် သမိုင်းဝင် မှတ်တမ်းတွေမို့ အရှည်တည်တန့် နိုင်စေဖို့ ဆိုင်ရာများက ထိမ်းသိမ်း စုဆောင်း စောင့်ရှောက်နိုင်ကြပါစလို့ မေတ္တာပို့လိုက်ပါတယ်ရှင်။

ဒါနဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ပေါက်တောကျေးရွာက ကိုအောင်သောင်းကို သူတောင်းဆိုတဲ့ မဟာဂီတကိစ္စ ကြိုးစားပါ့မယ်လို့ ပြောမိထားတယ် မဟုတ်လားရှင်။ အင်း – ဘီဘီစီက ပြောပေးမှတော့ အားလုံး ကြားရတော့မှာပေါ့လေ၊ ဒီသီချင်းလေး နားဆင်ကြည့်ပါနော်၊ မပျင်းစေရပါဘူး။

xx xx မချစ်ဖူးသေးလို့ မရူးခဲ့တာလား၊ မယ့်အမှား မယ့်အမှားဝန်တာ၊ တကယ့်အမှားပါ၊ အချစ်မူးလို့၊ ရူးလေလေ့ရူးမိမှာ xx မချစ်ခဲ့မိရင် အကောင်းသား၊အယူမှားပါပေါ့၊ ချစ်မိသည်အမှား၊ သူများနှိမ်ချဲ့၊ ရင်ထဲမှာ အချစ်နတ် ဖမ်းစားသလို၊ ရွှေသံဖိုမောပြီ xx မိနေပါတယ် xx xx (ကိုကြေးမုံရေး- ပူးနောင်းချပ်ချိန်း)

ကိုကြေးမုံရဲ့ “ပူးနောင်းချပ်ချိန်း” ဆိုတဲ့ သီချင်းထဲက ထုတ်နှုတ်ပြလိုက်တာပါရှင်။ အဲဒါဟာ အထင်ကရ အမျိုးသမီးစာဆိုတော် မမြကလေး၊ အနောက်နန်းမတော် ရေးထားခဲ့တဲ့ မဟာဂီတဝင် မောင်ဘွဲ့ ပတ်ပျိုးလေးရဲ့အသံနဲ့ စာပိုဒ်တချို့ကိုပါ ယူပြီး ရေးထားခဲ့တဲ့ သီချင်းဖြစ်ပါတယ်၊ စည်းတွေဝါးတွေက သွက်၊ ဒိုးချက်ကပါ လိုက်ပြီး မြူးနေတော့ ထကရမလို ဖြစ်နေတော့ ပတ်ပျိုးမူရင်း သန္ဓေတော့ ပျက်တာပေါ့ရှင်၊ ကိုကြေးမုံက ရည်းစားထားမိတဲ့ ကောင်မလေး တယောက် ရင်တဖိုဖို ငိုရမလို ရယ်ရမလို ဖြစ်နေပေါက်နဲ့ခံစား ရေးတာဆိုတော့ သွက်တာက သွားမိနေပါတယ်။

အနောက် နန်းမတော်ဖက်ကို ကြည့်မယ် ဆိုရင်လဲ၊ ဒီစာမျိုးရေးနိုင်တဲ့အဖြစ် ရှိတယ် ရှင့်။ အရှင်မ မြကလေးကို မိဖုရားမြှောက် တော်ကောက်ခဲ့တဲ့ ‘သာယာဝတီ ရွှေဘိုမင်းကြီး’ဟာ သက္ကရာဇ် (၁၁၄၈ ခုနှစ် တပေါင်းလမှာ ဖွားပါတယ်)၊ အနောက်နန်းမတော်က သက္ကရာဇ် (၁၁၇၁ ခုနှစ် သီတင်းကျွတ်လမှာ ဖွားမြင်ပါတယ်) ဒီတော့ အသက်က (၂၃) နှစ်ကြီးတောင် ကွာနေပါတယ်၊ ဘုရင် ကောက်တော်မူချိန်မှာ မမြကလေးက (၁၇)နှစ်အရွယ်ပဲ ရှိပါသေးတယ်၊ အချစ်ကို နဖူးတွေ့ ဒူးတွေ့ တွေ့လာရတဲ့ မမြကလေးဟာ အနုပညာ အလင်္ကာတွေနဲ့ ရင်းနှီး ကျွမ်းဝင်သူဖြစ်လေတော့ သာမန်လူတွေထက် ပိုပြီး ခံစားဖြစ်လိမ့်မယ်လို့ ကိုယ်ချင်းစာပေးလိုက်ရအောင်ပါ။

ကုန်းဘောင်ရွှေဘို ခေတ်မှာတော့ ကိုကြေးမုံရဲ့ စောစောက သီချင်းလို စည်းဝါးအမြန် မဖြစ်နိုင်ပါဘူး၊ ဒီသီချင်း အလိုက်ကို နတ်ကန္နားတွေမှာ ဆိုကြတာ စပြီးကြားမိတာမို့ ကလို့ရအောင် ဖန်တီးလေသလား တွေးနေရတယ်၊ နန်းမတော်ရဲ့ မူရင်းစာတော် ပထမပုဒ်မှာ ‘ဘိမ်း’ ဆိုတဲ့ စာတလုံး တွေ့နေတယ်၊ ‘ဘကုန်းကို လုံးကြီးတင်ပြီး ‘မ’သတ်ထားတဲ့ ‘ဘိမ်း’ ဖြစ်ပါတယ်။ နိုင်ငံတော်က ထုတ်တဲ့ သတ်ပုံ စာအုပ်မှာလဲ ဒီစာလုံးပေါင်း မရှိပါဘူး၊ မြန်မာအဘိဓာန် စာအုပ်ကြီးမှာလဲ မတွေ့ရဘူးရှင်။ ဒါနဲ့စိမ်းတာတွေကို ပိန်းနေအောင် ပျံ့ပွားတာ ခံစားနေရတယ်လို့ ကောက်လိုက်ပြီး ဆရာ့လက်သံမှာ ရောပြီး ညည်းပေးလိုက်ပါတယ်နော်။

• (ပျံ့ပွားစိမ်လို့ ဘိမ်းပျံ့ပွား)၂x (မယ့်မှာ မယ့်မှာ ပူတာ ပျံ့ပွားစိမ်းလို့)၂ xxx တိမ်းလေလေ၊ ဘိမ်းလေ ဘိမ်းပျံ့ပွား xxx (မချစ်ကယ်ပြီလား – နေအားတော်နိုင်ပေ့)၂ x x x (အိုး လုံးလေလုံးလေ ဗျာဇံဝိုက်)၂ xxx

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts