News Features

Voting Rights 1965 invalid 50 years later, for real?

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အမေရိကားရဲ့ “မဲပေးခွင့်ဥပဒေ” ကို ဗဟိုတရားရုံးက ပယ်ချလိုက်ပြီ

(Voting Rights Act of 1965)

နိုင်ငံတကာသာဂိ၊ ဇူလိုင် ၃၊ ၂၀၁၃

ဇွန်လ ၂၆ မှာ အမေရိကန် ဖယ်ဒရယ်တရားရုံးတော်က (၁၉၉၆ ခုနှစ် – လက်ထိပ်ထိမ်းမြား ကာကွယ်ရေးဥပဒေ) ကို ပယ်ချလိုက်တယ်။ ဒါနဲ့အတူ (၂၀၀၈ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် လိင်တူများလက်မထပ်ရေးဥပဒေ) ကိုလည်း ပယ်ချလိုက်တယ်။ အဲသည်မှာတင် သာဂိလည်း ဒါကို ရေးကြီးခွင်ကျယ်လုပ် သတင်းဆောင်းပါးရေးနေလိုက်တာ၊ ဇွန် ၂၅ရက်နေ့က ပြည်ထောင်စုတရားရုံးတော် (ဖယ်ဒရယ်= ပြည်ထောင်စု) က (၁၉၆၅ – မဲပေးခွင့်ဥပဒေ) ကို ဇွန် ၂၅နဲ့ ပယ်ချခဲ့တာကို သတိလက်လွတ်ဖြစ်သွားပြီး မရေးမိတော့ဘူး။

၁၉၆၅ မဲပေးခွင့်ဥပဒေရဲ့ အဓိကပြဌာန်းချက်စာပိုဒ်ကို ပြည်ထောင်စုရုံးတော်က ခေတ်နဲ့ စနစ်နဲ့ မညီဘူးဆိုပြီး ပယ်ချတာဖြစ်ပါတယ်။ အဲသည်မှာက လူမည်းတွေနဲ့ လူနည်းစုတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီ ပြည်နယ်(အချို့)က ကန့်သတ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုတရားရုံးတော် သဘောမတူဘဲ ထုတ်ပြန်ခြင်း မပြုရလို့ ဆိုတဲ့ Civil Rights Movement (လူ့အခွင့်အရေးလှုပ်ရှားမှု) ကို အသိအမှတ်ပြုတဲ့ စာပုဒ်ဖြစ်ပါတယ်။

၁၇၇၆ မှာ ဗြိတိန်ကိုလိုနီအဖြစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် အမေရိကန်တွေက လူဖြူသခင် အဖြစ် ဆက်ခံလိုက်ကြပြီး၊ လူမည်းတွေကိုတော့ ကျေးကျွန်တွေအဖြစ် လွတ်လပ်ခွင့် မပေးခဲ့ကြပါဘူး။  အဲသည်မှာ လွတ်လပ်ရေးရပြီး  နှစ်ပေါင်း ၈၀ ကျော်မှာမှ လူမည်းတွေကို ကျေးကျွန်အဖြစ်က လွတ်လပ်ရေးပေးဖို့ အမေရိကန်တွေ အချင်းချင်း တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျေးကျွန်စနစ်ကို  ဆက်ထားလိုချင်သူတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအဓိက တောင်ပိုင်းကပြည်နယ်တွေ ဖြစ်ပါတယ်။ ၁၈၆၀ ခုနှစ်များမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်သွေးချောင်းစီးပြီး တိုက်ခဲ့ရတယ်။ ၁၈၆၅ မှာ မြောက်ပိုင်းသားတွေ စစ်နိုင်ပြီး လူမည်းကျေးကျွန်တွေကို လွတ်လပ်ရေး ပေးနိုင်ခဲ့တယ်။ သို့သော်လည်း လူဖြူတွေက လူမည်းတွေ၊ အသားဝါတွေ၊ အသားညိုတွေကို ဆက်လက်ပြီး လူတတန်းစားတည်း မဆက်ဆံဘဲ ဖိနှိပ်တာတွေ၊ ချုပ်ခြယ်တာတွေ အမြတ်ထုတ်တာတွေ ရှိနေတာကြောင့် နောက် နှစ်ပေါင်း ၁၀၀ ကျော် Civil Rights Movements တွေ ဆက်လက် လှုပ်ရှားခဲ့ကြရပါတယ်။

၁၈၇၀ မှာ အသားအရောင်မခွဲခြားဘဲ ယောကျာ်းတိုင်း မဲပေးခွင့် (လူမည်းတွေ မဲပေးလို့ရပြီပေါ့) (အခြေခံဥပဒေ ပြင်ဆင်ချက် ၁၅)

၁၉၂၀ မှာ မိန်းမတွေ မဲပေးခွင့် (အခြေခံဥပဒေဥပဒေ ပြင်ဆင်ချက် ၁၉ ) တို့ ပြဌာန်းနိုင်ခဲ့တယ်။

ဒါတွေဟာ လွယ်လွယ်ကူကူ ရခဲ့တာတော့မဟုတ်ဘူး။ အမေရိကန်အခြေခံဥပဒေမှာ ပြင်ဆင်ချက် ၂ ဖြစ်တဲ့ နိုင်ငံသားတိုင်း လက်နက်ကိုင်ဆောင်ခွင့် ရှိနေတာကြောင့် လူအခွင့်အရေးတိုက်ပွဲတိုင်းမှာ လူတွေ သေကျေကြ၊ ထိခိုက်ဒဏ်ရာရကြ၊ ပျက်စီးဆုံးရှုံးကြတာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ စစ်တပ်နဲ့ အစိုးရက ပစ်မသတ်ရင် အစွန်းရောက်တွေက ပစ်သတ်လို့ သေကြရတာတွေ ရှိခဲ့တယ်။ သည်လိုနဲ့ အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ အလံတံခွန် အာဇာနည်ဖြစ်တဲ့ အမေရိကန်ဂန္ဒီ – မာတင်လူသာကင်းဂျုနီယာကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။

အဲသည်မှာ ယခင်ကျေးကျွန်စနစ်ကို အားပေးခဲ့တဲ့ တောင်ပိုင်းပြည်နယ်တွေ (အယ်လဘမား၊ အယ်လစကာ၊ အာရီဇိုးနား၊ ဂျော့ဂျီယာ၊ လူဝီစီးနီးယား၊ ၀စ္စကွန်စင်၊ ကိုလိုရားနား(တောင်ပိုင်း)၊ တက္ကဆပ်၊ ဗားဂျီးနီးယား) ပြည်နယ်အစိုးရတွေက လူမည်းတွေကို မဲပေးတာ ကန့်သတ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ပြဌာန်းလေ့ရှိတယ်။ နိုင်ငံသားမှတ်ပုံတင် ပြခိုင်းတာ၊ စာတတ်မတတ် စစ်တာ၊ မဲရုံတွေကို လူမည်းတွေ မလာနိုင်တဲ့ နေရာတွေမှာ သွားဖွင့်တာတွေ လုပ်လွန်းလို့ နောက်ဆုံးမှာ ၁၉ ၆၅ မဲပေးခွင့်ဥပဒေကို ပြည်ထောင်စုက ပြဌာန်းပြီး အဲသည်ပြည်နယ်တွေက အသားအရောင်ခွဲခြားတဲ့ မဲပေးခွင့်ကို ချုပ်ခြယ်တဲ့ ကန့်သတ်တဲ့ ဥပဒေတွေကို ပြည်နယ်အဆင့် သတ်မှတ်ခွင့် မရှိအောင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

သည်တော့ နှစ်ပေါင်း ၂၀၀ နီးပါး လွတ်လပ်ရေးရပြီးမှ၊ နှစ် ပေါင်း ၁၀၀ အကြာ လူမည်းတွေ ကျေးကျွန်အဖြစ်က လွတ်လပ်ပြီးမှ ၁၉ ၆၅ ခုနှစ် ကျမှသာ အသားအရောင်ခွဲခြားတဲ့ မဲပေးခွင့် မတရားဥပဒေတွေ ကို တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သည်လို နှစ်ပေါင်းများစွာ လာခဲ့ရတဲ့ နိုင်ငံသားတိုင်း တန်းတူ လူ့အခွင့်အရေး ရရှိမှု တိုက်ပွဲမှာ မော်ကွန်းမှတ်တိုင်ဖြစ်တဲ့ (၁၉၆၅ မဲပေးခွင့်ဥပဒေ) ကို ၂၀၁၃ ဇွန် ၂၅ (နှစ်ပေါင်း ၅၀ အကြာ) မှာ မလိုအပ်တော့ပါဘူး၊ ခေတ်မမီတော့ပါဘူးလို့ ဆိုပြီး ပြည်ထောင်စု ရုံးတော်က ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ ပြည်ထောင်စုတရားသူကြီးချုပ် ပြောသလို အမေရိကန်ပြည်ကြီးက အဝေးကြီးလာတာ အခုချိန်မှာ ပြောင်းလဲလာခဲ့ပြီ၊ ဒါကြောင့် မဲပေးခွင့်ဥပဒေ အကာအကွယ်တွေကို ပယ်ရှားလို့ ရပြီလို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ လက်မခံသူတွေကတော့ အိမ်ဖြူတော်မှာ လူမည်းသမ္မတဖြစ်ရုံနဲ့တော့ တပြည်လုံးမှာ သို့မဟုတ် ပြည်နယ်တချို့မှာ သာတူညီမျှ မဲပေးခွင့်တွေ ရှိပြီလို့ ဆိုပြီး မျက်စိမှိတ်ဆုံးဖြတ်လို့ မရသေးပါဘူးတဲ့။ အသားအရောင် မတူသူတွေ၊ အားနည်းသူတွေကို မဲပေးခွင့် မရအောင် မတရားဥပဒေတွေ ထုတ်လာဦးမှာမို့ ဒီကာကွယ်မှု ၁၉၆၅ ဥပဒေဟာ လိုအပ်နေတုန်းပဲ။ အခုလို ပယ်ချတာဟာ စောလွန်းတယ်လို့ ပြောကြပါတယ်။

အဲသည်အတွက် ပေးကြတဲ့ ဥပမာကတော့ ရေမကြီးတော့ပါဘူးဆိုပြီး ကာထားတဲ့ ဆည်ကြီးတွေကို ရုတ်သိမ်းလိုက်သလိုမျိုး၊ မိုးရွာနေတုန်း ထီးဆောင်းထားလို့ မိုးမစိုတာကို မိုးမစိုတာနဲ့ ထီးမလိုတော့ပါဘူးဆိုပြီး ထီးကို လွှတ်ပစ်သလိုမျိုး မဲပေးခွင့်အကာအကွယ်ပေးတဲ့ ဥပဒေကို ဖယ်ရှားလိုက်တာဟာ မဲပေးခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ချင်တဲ့ ပြည်နယ်အစိုးရတွေကို ချည်မန်းကွင်းကနေ ဖြုတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့  ပြောကြပါတယ်။

ဒါကဘာကြောင့်ပြောသလဲဆိုတော့ ခုနင်က ပြောခဲ့တဲ့ ပြည်နယ်တွေမှာ ခုချိန်ထိ လူနည်းစုတွေ၊ အင်အားနည်းသူတွေကို မဲပေးခွင့် အခက်အခဲရှိအောင် နည်းမျိုးစုံနဲ့ ညစ်တဲ့ ဥပဒေတွေကို ပြည်နယ်အစိုးရတွေက ရွေးကောက်ပွဲရာသီတိုင်းမှာ ထုတ်ပြန်လေ့ရှိလို့ ပါပဲ။ မဲပေးခွင့်ရှိသူ နိုင်ငံသားတွေကို သီးသန့်မဲပေးခွင့်ကဒ်ပြား ပါမှ မဲပေးခွင့်ရမယ်လို့  ညစ်တာမျိုး၊ တကယ်တမ်းမှာ မဲပေးဖို့ စာရင်းပေါက်ထားသူက သူ့မှာရှိတဲ့ အိုင်ဒီနဲ့ သက်သက်ခံနဲ့ မဲရုံထဲကို တန်းဝင်ပြီး မဲပေးခွင့် လွတ်လပ်မှုရှိကြောင်း ပြည်ထောင်စုက ပေးထားပြီးသားပါ။ ဒါကို တချိုပြည်နယ်အစိုးရတွေက တရားမ၀င်နေထိုင်သူတွေ၊ မဲသူခိုးတွေက မသမာမှုတွေလုပ်တယ်ဆိုပြီး အကြောင်းပြပြီး မဲပေးခွင့်တွေကို သီးခြားကန့်သတ်တာတွေ ခုထိလုပ်နေတုန်းပါ။ အဲသည်ပြည်နယ်တွေကတော့ ခုနင်က တောင်ပိုင်းပြည်နယ်တွေ၊ ရှေးရိုးစွဲ နိုင်ငံရေးသမားတွေ အများစုနေထိုင်တဲ့ ပြည်နယ်တွေ ချည်းပါပဲ။

အဲသည်ပြည်နယ်တွေမှာက အင်မီဂရန့် (နိုင်ငံခြားက ပြောင်းရွှေ့နေထိုင်သူတွေ) တွေကို မကြည်ပါဘူး။ သူတို့အလုပ်တွေ၊ မိသားစုဘ၀တွေကို ၀င်ရောက် နှောက်ယှက်လုယူတယ်လို့ ရှုမြင်လေ့ရှိပါတယ်။ နိုင်ငံသားအဖြစ် ပြောင်းလဲလာသူတွေကိုလည်း အမေရိကန်နိုင်ငံသားတွေ စစ်စစ်တွေလို့  မမြင်ကြပါဘူး။ သံသယတွေ အများကြီး ထားပါတယ်။ အဲသည်လူတွေက လူတဦး မဲတမဲနဲ့ သူတို့တိုင်းပြည်ကံကြမ္မာကို ၀င်ရောက်ဖန်တီးလာမှာကို စိုးရိမ်သံသယနဲ့ အထက်ပါ မဲပေးခွင့်တွေကို ကန့်သတ်ဖို့ ကြိုးစားနေကြဆဲပါပဲ။ အခုဆိုရင် အိုဘားမားအစိုးရက နိုင်ငံသားခံယူခွင့်ပြုပြင်ရေးဥပဒေပြဌာန်းဖို့ ကြိုးစားနေချိန်ဖြစ်လို့ အဆိုပါ တောင်ပိုင်းသားတွေ၊ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံရေးသမားတွေက သူတို့ဆီမှာ တရားဝင်နိုင်ငံသားဖြစ်ခွင့်ကို လွယ်လွယ်မပေးဖို့ ပြင်းထန်စွာ ဝေဖန်ပြော တားမြစ်လျက် ရှိနေပါတယ်။

တကယ်တန်းကျတော့ အမေရိကန်ပြည်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်ကတည်းက ကိုလိုနီပါ။ တခြားနိုင်ငံတွေက စွန့်လွှတ်စွန့်စားသူတွေ၊ အပယ်ခံတွေ၊ ပြည်ပြေးတွေ၊ လူဆိုးသူခိုးတွေ၊ လူမိုက်တွေ ပြောင်းရွှေ့နေထိုင်တဲ့ အိပ်မက်တိုင်းပြည်ပါ။ အခုကျမှ အရင်ရောက်နေသူတွေက နောက်မှ ရောက်လာသူတွေကို အပြင်လူမ၀င်ရ၊ အတွင်းလူ မထွက်ရ လုပ်ချင်နေတာတွေဟာ ခုချိန်ထိ တချိမ်းချိမ်း ပဋိပက္ခ ဖြစ်နေဆဲပါပဲ။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုတရားရုံးတော်က (၁၉၆၅) မဲပေးခွင့်ဥပဒေ ကို ပယ်ချလိုက်တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတိုင်း တန်းတူညီမျှ အတားအဆီး ကန့်သတ်မှု မရှိ လွတ်လပ်စွာ မဲပေးခွင့်ရှိမှုကို အကာအကွယ်ပေးတာကို ဖယ်ရှားသလို ဖြစ်တာမို့ ရှေ့လာမယ့် အနာဂတ်မှာ ပြည်နယ်တခုချင်းစီမှာ ပြသနာတွေ အငြင်းပွားမှုတွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်မလားလို့ စိုးရိမ်စရာ ဖြစ်ကြတာ ဖြစ်ပါတယ်။

အဲဒီအကြောင်းကို သာဂိတယောက် ဘယ်လိုမျိုး ရှာဖွေ ဖတ်ရူ သိမှတ်ပြောဆိုနိုင်သလဲဆိုတော့ အမေရိကန်ကသောင်းပြောင်းထွေလာ ရယ်စရာ ရုပ်သံလိုင်း (Commedy Central) က Colbert Report (ကိုဘ၏ သတင်းပို့ချက်) သတင်းသရော်ချက်အစီအစဉ်ကို ကြည့်ပြီး ပြန်လည် ရေးသားခြင်း ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ငါတို့လို ရေခြား မြေခြားက ပြောင်းရွှေ့နေထိုင်သူတွေကို အိမ်ရှင် အရင်ရောက်တွေက နှိမ်မယ်၊ နင်းမယ်၊ ခွဲခြားမယ်ဆိုတာကတော့ လူ့သဘာဝအရ အငြင်းပွားစရာ မရှိပါဘူး။ သို့ပင်သော်ငြား၊ နိုင်ငံသားချင်းအတူတူ ဖြစ်နေတာတောင် အသားမည်းလို့၊ အင်အားနည်းလို့၊ ဆင်းရဲလို့ ဆိုပြီး ကိုယ့်အသည်းကြားက မဲတပြားဟာ မဲမဲချင်း ယှဉ်တာတောင်မှ တမူးလျော့နေတယ်ဆိုတာကတော့ အသည်းနာ ကမ္ဘာမကြေ ဖြစ်ချင်စရာပဲပေါ့။ အဲသည်အတွက် မဲပေးသူတွေ အချင်းချင်းကြားမှာ အကာအကွယ်ရှိဖို့၊ အာမခံချက်တွေရဖို့ လိုအပ်ချက်နဲ့အညီ ဥပဒေတွေ ပြဌာန်း ဖြစ်စွက်တာတွေကတော့ အစဉ်အမြဲ လုံးပမ်းအားထုတ်နေရမယ့် အမှုပါလားလို့ အတွေးပေါက်နေမိပါတယ်။

အဲသည်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာရေးဆရာ၊ လူမည်းတဦးက မှတ်ချက်ပေးလိုက်တာကတော့ အမှတ်တရဖြစ်ပါတယ်။ ဟုတ်ပါတယ် တဲ့။ နှစ်ပေါင်း ၂၀၀ ကျော်လောက် ပေးဆပ်ရင်းနှီးပြီး ရယူခဲ့ရတဲ့ လူသားချင်းတန်းတူညီမျှမဲပေးခွင့် အာမခံတဲ့ဥပဒေကြီးကို နှစ် ၅၀ နဲ့ ဖျက်ချပစ်လိုက်တာဟာ ရက်စက်ရာကျပါတယ် တဲ့။ ဒါပေမယ့် ခေတ်ကပြောင်းနေပြီဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း မပြောင်းလဲတဲ့ လူတွေကလည်း ရှိနေဆဲပါပဲတဲ့။ ဒါပေမယ့် ပြောင်းနေတဲ့ တခြားအချက်ကတော့ လူဦးရေ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်တဲ့။ သည်တိုင်းပြည်မှာ အရင်တုန်းက အားနည်းခဲ့တဲ့ အခွဲခြားခံခဲ့ရတဲ့ လူတွေရဲ့ အင်အားက တိုးပွားလာနေပြီ ဖြစ်တာကြောင့် နောင်တချိန်မှာ ဥပဒေရဲ့ အကာအကွယ်ကို ဘယ်သူတွေက ပြန်တောင်းဆိုကြရမယ့် အလှည့်ဆိုတာကို စဉ်းစားထားကြဖို့ လိုပါတယ် တဲ့။

ကဲ .. မြန်မာပြည်မှာကတော့ အသစ်စက်စက် အစမ်းသတ်ခံနေရတဲ့ စိမ်အခေါ်ခံနေရတဲ့ ၂၀၀၈ အခြေခံဥပဒေကြီး ပြင်ဆင်နိုင်ရေးအတွက် … ဘာလဲ ဘယ်လဲ မေးခွန်းကတော့ အနှစ် ဘယ်လောက် ကြာမှာလဲ။ ၁ နှစ် ၂ နှစ် လား … ၁၀ နှစ် ၂၀ နှစ်လား … နှစ်ပေါင်းများစွာလား။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts