>one more article on Maung Kyay Hmon

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၈)
ဆိုလိုချက်ကို ရအောင်ရေးတတ်တဲ့ မောင်ကြေးမုံ
မာမာအေး
ဇူလိုင် ၁၉၊ ၂၀၀၉


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပတ်က အဆုံးသတ်နားလေးတင် ကြားခဲ့ရတဲ့ မောင်ကြေးမုံရဲ့ ‘လမင်းသာချိန် နေကွယ်ချိန်’ သီချင်းဇာတ်လမ်း တေးသရုပ်ဖော်ဟာ အဲဒီတုန်းက အတော်ကို လူကြိုက်ခဲ့တာပေါ့။ ဗိမ္မိသာရမင်းကြီးနဲ့ သား အဇာတသတ်မင်းတို့ရဲ့ ဇာတ်လမ်းဟာ မာအေးတို့ နိုင်ငံမှာ ရိုးကို မရိုးနိုင်အောင်ပါပဲရှင်၊ မိဘနဲ့ သားသမီးတို့ ကြား၊ ပုံပမာထား ရင်ကြားစေ့ အဆုံးအမ လုပ်ခဲ့ကြတာ ခေါက်ရေပေါင်း ဘယ်လောက် များပြီလဲ။ အရိုးထိ စွဲမစွဲ ကိုယ့်ကိုယ်ကိုပဲ မေးကြည့်ပေတော့လေ။

အမေ မကြည်အောင်ရဲ့ မိဘမေတ္တာနဲ့ ဝိစီတြ သီချင်းနှစ်ပုဒ် ပေါင်းရင်လဲ ဒီဇာတ်ကြီးပါပဲ၊ မိဘမေတ္တာဘွဲ့ ဆိုတာနဲ့ ဒီသီချင်းတွေ အပြေးအလွှား နားထဲ ကြားခဲ့တာပဲ မဟုတ်လား၊ ရွှေတိုင်ညွန့်ဆရာ လက်ရာတွေပေါ့ရှင်။ တချို့ကတော့ ဒီသီချင်းတွေ မောင်ကြေးမုံ ထည့်ရေးလို့ ကောင်းတာ ဆိုပြီး ပြောကြတယ်ရှင့်၊

အဲဒီလိုကြီးတော့ ပြောမဖြစ်ဘူး ထင်ပါတယ်၊ မာအေးဆိုခဲ့တဲ့ သီချင်းပဲလေ။ ဆရာရွှေတိုင်ညွန့် သီချင်းထဲက “ဒေါသရှေ့ထား သားအဇာတသတ် ပြေကမွှေသည် ဆိုတာကနေပြီး အဇာတသတ် ထိုမင်းသား အနာဂတ်ကို သူ မစဉ်းစားတော့သည်” အဲဒီနေရာက တပိုဒ်။

“ထားကမ္ဗုလည်း ကြွေလုသည်းဆိုင်၊ တတ်နိုင်ပါဘဲ၊ သူနိုင်ငါမင်းပြုတော့သည်” ဒီတပိုဒ်က ဆရာရွှေတိုင်ညွန့်လဲ ‘စိန်ခြယ်ခြူးသန်း’ ပတ်ပျိုး – ရတုပိုဒ်က ယူဖြည့်ခဲ့တာပါရှင်။

နောက် ‘ဝေဒေဟီ ဖြေမဆည်နိုင်ပြီ’ အဲဒီကနေပြီးတော့ ‘ပြီပေါက်တာတောင် မြိုကာချရှာသည်’ အထိ ဆွဲစေ့စပ်ဆိုခဲ့တာ တွေ့ရပါတယ်၊ ဒါလောက်ပါဘဲ၊ ကျန်တဲ့စာအားလုံးက ကိုကြေးမုံရဲ့စာပါ၊ သူဟာ ဆိုလိုချက်ကို ရအောင်ရေးတတ်ပါတယ်၊ အရေးကြီးတဲ့ နေရာတွေမှာ ဂီတလုလင်ကြီးက အသံလိုက်အောင် ထည့်ပေးတယ်၊ ဆိုပေးတာလဲ ကြားနိုင်ပါတယ်။

“xxx တိုင်းမြတ်၊ ဗဟိုရ်၊ ရာဇဂြိုဟ်က၊ နေလိုထင်ရှား၊ မင်းတရား၏၊ စိန်သွားထက်ဘိ၊ အမိန့်တော် ရှိလိုက်သည်၊ ဘုရင်နန်းကျ ဗိမ္မိသာရ၊ နာခံရလိမ့်မည်၊ အစာ ရေ မပေး၊ သေဘေးနှင်အမြန် ကြုံစေရန် အတွက်၊ အချက်ကျ အလီလီပြု သည့်တိုင်၊ မသေနိုင်ခြင်းကား … စင်္ကြန်သွားခြင်း၊ သမထ အမှုပြုခြင်း ဧကန် ဖြစ်တန်ရာသည်၊ ဒင်းအကြံ ထောက်ချင့် တွေးလို့ စင်္ကြန်လျှောက်ခွင့် မပေးတော့ပြီ xxx” (အမိန့်တော်-မောင်ကိုကို)

အဲဒီလို စာရော အသံရော ရွတ်တဲ့သူ မောင်ကိုကိုရဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်တဲ့ ဟန်ကိုရော၊ ကြားရတဲ့အခါမှာ ‘ဗိမ္မိသာရ’ ဆိုတဲ့ ဖခင်ကြီးရဲ့ ရာဇပလ္လင်ပေါ်က သားဖြစ်တဲ့ အဇာတသတ် ဘုရင် -အာဏာရှင်အရူး အရူးထခဲ့တာနဲ့ အထူးထူးသော သေမှုသေခင်းတွေ ကြုံလေအောင် ဖခင်ရင်း လည်စင်း ခိုင်းစေရက်တာတွေ၊ အချောင်သမား အာဏာ ပါးကွက်သားတို့ရဲ့ မရှက်မကြောက် နှိပ်စက်ပေါက်တွေရယ် မြင်တယ်လေရှင်။

ဒါတွင်မက မိုက်သွေးကြွတဲ့ ဘုရင့် ဟဒယကို မင်းသားကြီး ဝင်းဦးနဲ့လဲ အပြော ခိုင်းထားပါသေးတယ်၊ နားထောင်ကြည့်ပါဦး။

“သြော် … အဇာတသတ် … အဇာတသတ် … ပဉ္စာနန္တရိယ ကံကြီးထိုက်မှာကိုမှ မကြောက်၊ အံ့လောက်မူးမူး မိုက်ခေါင်ကြူးလေစွ၊ ဦးထိပ်ဆင်ပန်း၊ ငါးပွင့်လန်းမျှ၊ အနန္တငါးပါး အပြားပြားမှာ ဘုရားနဲ့ တဂိုဏ်းထား မာတာပီတု၊ နှိုင်းမှုမရှိငြားတဲ့ ဘဘုရားကိုမှ သနားမထောက်လေခြင်း။ ငရဲကိုလဲ သူမကြောက် မောက်မာမာန်ဝင့် သံသရာဝဋ်ကိုလဲ သူမရွံ့၊ အမိုက်တကာ့ခေါင်ချုပ် – အမိုက်ဗိုလ်လုပ် လို့ နေစဉ်တနေ့မှာ… ”
(ဝင်းဦး-စကားပြော)

ကဲ … မောင်ကြေးမုံရဲ့စာ လိုရာရောက်ပါတယ်နော်၊ သူ့စာကို အဓိပ္ပာယ် ဖော်ကြည့်တဲ့ တနေရာမှာတော့ မိခင်ဖြစ်သူ ဝေဒေဟီမိဖုရားကြီးရဲ့ ချစ်ဒေါသ၊ ဂရုဏာဒေါသ၊ ရင်ထဲ ကြိတ်ခံနေရတဲ့ ဒေါသ ထေ့ငေါ့မေးသံပြရင် ကောင်းမယ် ထင်တာကိုး။

xxx လမင်းရယ်သာ၊ သာပေမယ့် နေမင်းဖြင့် ကွယ်လေပြီ၊ ပဉ္စာနန္တရိယ ကံကြီးထိုက်ပါပေါ့၊ (အဖသတ်သား အများက မသတီ)၂၊ သံသရာမှာ မင်းဘယ်ကို သွားမလဲ၊ တမလွန်မှာ မင်းဘယ်ကို လားမလဲ… မတွေးရဲအောင် အတည် …
(လမင်းသာချိန်မှ)

အဲဒီလို ဖြည့်ဆည်းပေးခဲ့ပါတယ်၊ ကိုယ့်လူတွေကို နိဗ္ဗာန်နဲ့ မဝေးစေချင်တာလဲ ပါတာပေါ့၊ ပဉ္စာနန္တရိယကံ ဆိုတာ “အမိကို သတ်၊ အဖကို သတ်၊ ရဟန္တာကို သတ်၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်၊ သံဃာတော် အချင်းချင်း ကွဲပြားစေအောင် လုပ်တယ် ဆိုရင် ထိုက်တတ်တယ်” တဲ့၊ အဖွား ပြောခဲ့တဲ့ အချိန်ကတည်းက မာအေး ကြောက်လာတာပါရှင်။

မြတ်စွာဘုရား အစထားလို့ သံဃာ၊ အမိအဖ၊ သြကာသ … သြကာသနဲ့ ပူဇော်နေကျမို့ ‘ပါဏာတိပါတာ’ စိတ်မှာကို မကူးလာပါဘူး၊ ထူးထူးခြားခြား ပရွက်ဆိတ်များ တက်နေတာ မြင်ရင်တောင် “နမ်းလွှတ်လိုက်ရင် ပြေးတယ်” ဆိုလို့ နမ်းပစ်လိုက်တာပါဘဲ၊ အဖွားစကား တဟားဟား လုပ်ခဲ့တဲ့ သူငယ်ချင်းက သတ်ရမှာ ကြောက်တဲ့ မာအေးကို သီချင်းတော့ ရေးပေးခဲ့ပါတယ်၊ ဘုရား မကြိုက်တဲ့ လူမိုက်ငါးယောက် ဆိုလား၊ အဲဒီမှာ ဆိုခဲ့တာပါပဲရှင်။

xxx ပါဏာတိပါတာ- သတ္တဝါ ထိုထိုဟူသမျှ၊ ဝေနေယျအပေါင်း အသက်သေစေကြောင်း၊ မကောင်းသောအမှု ကြံစီမိုက်မှား ပြုကျင့်ခြင်းမှ၊ ဘုရားတပည့်တော်တို့သည်၊ ဝေရာမဏိ သိက္ခာ ပဒံ – အထူး ရှောင်ကြဉ်ပါ၏ဘုရား xxx
(ပဉ္စသီလမှ)

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts