>Burmese Women in Political Literature

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄ဝ)
နိုင်ငံရေးစာပေထဲမှ အမျိုးသမီးများ
ထိန်လင်း
ဇူလိုင် ၁၉၊ ၂၀၀၉


နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို အကန့်အသတ်နဲ့သာ ထုတ်ဝေခွင့်ရတဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားသူတွေအကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လက်ရှိကာလ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကွဲပြားတဲ့ သဘောထားတင်ပြချက်တွေကို ဖတ်ရှုခွင့်မရနိုင်ပါဘူး။

တခါတလေကျတော့ လက်ရှိ ခေတ်ကာလ အကြောင်းကိုသာမကဘဲ ပြီးသွားတဲ့ ခေတ်ကာလကိုတောင် ဝေဖန်ရေးသားမှု လွတ်လွတ်လပ်လပ် လုပ်လို့မရပါဘူး။ ဥပမာအားဖြင့် စစ်အာဏာသိမ်းထားတဲ့ နဝတ ခေတ်မှာ မဆလခေတ်အကြောင်း ပွင့်ပွင့်လင်းလင်း ရေးလို့မရသလို ခုချိန်ထိလည်း ကျယ်ပြန့်တဲ့ဝေဖန်သုံးသပ်ချက်တွေ၊ သမိုင်းမှတ်တမ်းတွေ မထွက်လာပါဘူး။ လက်ရှိကာလကို တနည်းတဖုံ ဆက်စပ်တွေးတောလို့ရနိုင်တဲ့ အကြောင်းအရာတွေ၊ လက်ရှိကာလနဲ့ ခပ်ဆင်ဆင် အကြောင်းအရာတွေဆိုရင် ဘယ်လောက်ကြာခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါစေ ရေးသားခွင့်မရှိပါဘူး။ လက်ရှိ ဒီမိုကရေစီရေးဘက်တော်သား ဖြစ်နေသူတွေရဲ့အကြောင်းတွေ၊ သူတို့ရဲ့ အတိတ်က စာပေအနုပညာတွေကိုလည်း ဖော်ပြခွင့် မရှိပါဘူး။

ဒါကြောင့် တချို့အဖြစ်အပျက်တွေ၊ မှတ်တမ်းတွေကို သိရှိဖို့ဆိုရင် အတိတ်က မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရှာဖွေမှ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ အတိတ် စာပေမှတ်တမ်းတချို့ကို ရှာဖွေတဲ့အခါ ဖတ်ရှုဖို့သင့်တဲ့ စာအုပ် ၂ အုပ်ကို တွေ့ရပါတယ်။ အဲဒီစာအုပ်တွေကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေခဲ့တဲ့ ‘မြန်မာနိုင်ငံအမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု’ ဆိုတဲ့ စာအုပ်နဲ့ စာရေးဆရာမ စောမုံညင်း ရဲ့ ‘ဗမာ့အမျိုးသမီး’ဆိုတဲ့ စာအုပ်တို့ ဖြစ်ပါတယ်။ အဲဒီစာအုပ် ၂ အုပ်မှာ မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခေတ်အဆက်ဆက် ဖြစ်ရပ်တွေနဲ့ ရေးထားသလို ထင်ရှားတဲ့ မြန်မာအမျိုးသမီးတွေအကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးတွေရဲ့ ဆက်စပ်ပါဝင်မှုတွေကို မျက်မှောက်ခေတ်နဲ့ ချိန်ထိုးကြည့်ချင်သူတွေအနေနဲ့ ဖတ်ရှုသင့်တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

‘မြန်မာနိုင်ငံအမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု’ စာအုပ်မှာ အခန်း ၆ ခန်းခွဲထားပြီး ကိုလိုနီခေတ် မတိုင်ခင်၊ ကိုလိုနီခေတ်ဦး၊ လွတ်လပ်ရေးလှုပ်ရှားမှုကာလ၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးအကြိုခေတ်၊ ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်တွေမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်ပုံတွေကို ရေးသားထားပါတယ်။ ဒီစာအုပ်ကို ၁၉၇၅ ခုနှစ် မဆလ ခေတ်ဦးမှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ခေတ်အလိုက် စုစည်းရေးသားထားတာဆိုတော့ အချက်အလက်နဲ့ မှတ်တမ်းတွေကို လေ့လာနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မဆလ ပါတီဌာနချုပ်က ထုတ်ဝေတဲ့စာအုပ် ဆိုတော့ လမ်းစဉ်ပါတီကို အကျိုးပြုစေချင်တဲ့ သဘောတွေကို ဦးတည်ရေးသားထားတာ အများအပြား တွေ့ရပါတယ်။ အခေါ်အဝေါ် အသုံးအနှုန်းတွေမှာလည်း တဖက်စောင်းတဲ့ အသုံးအနှုန်းတွေကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ‘ပါလီမန်ဒီမိုကရေစီခေတ်’ကို ‘ဓနရှင်ပါလီမန်ခေတ်’ လို့သုံးထားပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ‘တော်လှန်ရေးကောင်စီခေတ်’ကိုတော့ ‘ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးခေတ်’လို့ သုံးနှုန်းထားတဲ့သဘောပါ။

အဲဒီလိုပဲ ပါလီမန်ဒီမိုကရေစီခေတ်ကို သုံးသပ်တဲ့နေရာမှာ “ဖဆပလ အစိုးရခေတ်တွင် မူလချမှတ်ထားသော ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖည်ကာ အရင်းရှင်ဖြစ်ပေါ်ရေး လမ်းကြောင်းဖြင့် နိုင်ငံကို ထူထောင်ခဲ့ကြသည်”လို့ ကောက်ချက်ချ ဖော်ပြထားပါတယ်။ ဒါပေမယ့် နယ်ချဲ့ခုခံရေး စစ်ပွဲအတွင်းမှ အမျိုးသမီးများ၊ ကုမ္မာရီအသင်းများ၊ ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ခဲ့သော အမျိုးသမီးများ၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်နှင့်အမျိုးသမီးများ၊ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် အမျိုးသမီးများ၊ မယ့်လက်ရုံးတပ်၊ အမျိုးသမီးများနှင့် အထွေထွေသပိတ်တိုက်ပွဲများ၊ အမျိုးသမီးအမတ်များ စသဖြင့် နိုင်ငံရေးနဲ့ဆက်စပ်နေတဲ့ အမျိုးသမီးများအကြောင်း ဖော်ပြထားသလို သမိုင်းဝင်သီချင်း ၉ ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။

ဒီစာအုပ်ထဲမှာ အဖွဲ့အစည်းနဲ့ လှုပ်ရှားမှုတွေအကြောင်းကို ဦးစားပေးရေးသားထားပေမယ့် လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့ ပတ်သက်လို့ အသေးစိတ်ဖော်ပြတာ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒေါ်ခင်ကြည်နဲ့ပတ်သက်လို့ ဖော်ပြရာမှာတော့ “အမျိုးသမီးအမတ်၊ အမျိုးသမီးဝန်ကြီးအဖြစ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် အဖွဲ့အစည်းများတွင် မြင့်မားသော နိုင်ငံရေးတာဝန်များကို အမျိုးသမီးတို့ ထမ်းဆောင်နိုင်ရုံသာမက နိုင်ငံ၏ အရေးကြီးဆုံးသော နိုင်ငံခြားဆက်သွယ်ရေး သံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ယင်းအမျိုးသမီးကား ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး) ဖြစ်သည်။ ဒေါ်ခင်ကြည်သည် ၁၉၆ဝ ပြည်နှစ် ဇူလိုင် ၁၁ ရက်နေ့မှ ၁၉၆၇ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ အိန္ဒိယပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သည်။ မြန်မာ့နိုင်ငံရေးသမိုင်း၌ တဦးတည်းသော အမျိုးသမီးသံအမတ်ဖြစ်သည်”လို့ အတိအကျ ဖော်ပြထားပါတယ်။

အခု တင်ပြခဲ့တဲ့စာအုပ်နဲ့ ယှဉ်တွဲဖတ်ရှုသင့်တဲ့စာအုပ်ကတော့ စာရေးဆရာမ စောမုံညင်းရဲ့ ‘ဗမာ့အမျိုးသမီး’ စာအုပ်ဖြစ်ပါတယ်။ ဗမာ့အမျိုးသမီး စာအုပ်ကို ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်တဲ့အတွက် ဒီစာအုပ် ၂ အုပ်ဟာ ရှေ့ဆင့်နောက်ဆင့် ထွက်ခဲ့တဲ့စာအုပ်တွေလို့ ပြောရမှာဖြစ်ပါတယ်။ ‘ဗမာ့အမျိုးသမီး’ စာအုပ်နဲ့ပတ်သက်လို့ ကွဲပြားစရာအချက်တစ်ခုကတော့ စာအုပ်အမည်ပါ။ စာအုပ်ရဲ့အမည်ကို မျက်နှာဖုံးနဲ့ မာတိကာမှာသာ တွေ့နိုင်ပေမယ့် မျက်နှာဖုံးမှာ ‘ဗမာအမျိုးသမီး’လို့ သုံးထားပြီး မာတိကာမှာ ‘ဗမာ့အမျိုးသမီး’ လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်က တကယ်ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

မဆလ က ထုတ်ဝေတဲ့စာအုပ်လို လူအင်အားအများအပြားနဲ့ ပြုစုတဲ့စာအုပ် မဟုတ်ပေမယ့် ဒီစာအုပ်ထဲမှာ ခေတ်အဆက်ဆက် နယ်ပယ်စုံမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးတွေအကြောင်း တစ်ဦးချင်းအလိုက် ပြည့်ပြည့်စုံစုံဖော်ပြထားပြီး ကိုလိုနီခေတ်နောက်ပိုင်း အမျိုးသမီးတွေရဲ့ အသင်းအဖွဲ့တချို့အကြောင်းကို ဖော်ပြထားပါတယ်။ နိုင်ငံရေး အသင်းအဖွဲ့တွေအကြောင်း၊ လှုပ်ရှားမှုတွေအကြောင်း သီးခြားဖော်ပြတာမျိုး မရှိပေမယ့် တစ်ဦးချင်းရဲ့ အတ္ထုပ္ပတ္တိတွေမှာ ထည့်သွင်းဖော်ပြတာမို့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို သိနိုင်ပါတယ်။

ဒီစာအုပ်မှာ နိုင်ငံရေးလောက၊ ဥပဒေလောက၊ ဆေးပညာလောက၊ ပညာရေးလောက၊ သတင်းစာနဲ့ စာပေလောက၊ ဂီတ သဘင် ရုပ်ရှင်လောက စသဖြင့် နယ်ပယ်စုံမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးပေါင်း ၁ဝဝ ကျော်ရဲ့ အတ္ထုပ္ပတ္တိကို ခေါင်းစဉ်ခွဲပြီး ဖော်ပြထားတာမို့ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းကို ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။

နောင်တချိန် လွတ်လပ်တဲ့ခေတ်မှာ ဒီလိုစာအုပ်မျိုးတွေ ထုတ်ဝေနိုင်ရင်တော့ ဘက်လိုက်တဲ့အရေးအသား၊ အကြောင်းအရာနဲ့ လူပုဂ္ဂိုလ် ချန်လှပ်မှုတွေမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီကနေ့ခေတ် ထင်ရှားတဲ့ အမျိုးသမီးများရဲ့ အတ္ထုပ္ပတ္တိနဲ့ လှုပ်ရှားမှုတွေကိုပါ ဖတ်ရှုကြရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီး သူရဲကောင်းတွေ၊ ထူးချွန်တဲ့အမျိုးသမီးတွေ ဆက်တိုက် ထွက်ပေါ်လာဖို့ မျှော်လင့်မိပါတယ်။ ။

ထိန်လင်း (၂ ၊ ၆၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဇွန်လ ၅ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts