>Kyaw Win blamed outside media for undesirable influence

>

ပြည်ပမီဒီယာတစ်ချို့ကြောင့် ပြည်တွင်း မီဒီယာသမားများထိခိုက်မှုရှိကြောင်း

စာရေးဆရာကျော်ဝင်း ပြောဆို

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၇၊ ၂၀၀၉

ပြည်ပ မီဒီယာတွေရဲ့ တစ်ချို့သောလုပ်ရပ်များကြောင့် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများ ထိခိုက်မှုရှိကြောင်း The Wave မဂ္ဂဇင်းအယ်ဒီတာ စာရေးဆရာကျော်ဝင်းက လူငယ်ဂျာနယ်လစ်များနှင့် သတင်းစာပညာဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“အပြင်မီဒီယာတွေက “ဖွ” တဲ့အခါကျတော့ အထဲမှာ အလုပ်လုပ်ရတဲ့သူတွေက ပိုကျပ်သွားတယ်။ သူတို့ဖွမှ ပိုဆိုးကုန်တာ။ အုတ်အော်သောင်းတင်းဖြစ်ပြီး တစ်ဖက်က “မတတ်သေးတဲ့သူတွေ”ကို တတ်အောင် သင်ပေးလိုက်သလိုဖြစ်သွားတယ်” ဟု စာရေးဆရာကျော်ဝင်းက ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာပညာ ဆွေးနွေးပွဲတစ်ခုတွင် ပြောပါသည်။

မီဒီယာတစ်ခုနေဖြင့် ကိုယ်ပြောချင်တာပြောခွင့်ရှိရမှာဖြစ်ပြီး ပြောနိုင်တဲ့အတိုင်းအတာအတွင်းကနေ ရသလောက်ပြောသင့်သည်ဟု ၄င်းက ထင်မြင်ယူဆကြောင်းနှင့် ကိုယ့်အယူအဆနှင့်မတူပါကလည်း ဟိုဖက်ကလူ သည်ဖက်ကလူ စသဖြင့် မပြောသင့်ကြောင်း ထည့်သွင်းပြောကြားသည်။

“ ကိုယ်နဲ့အယူအဆမတူတာနဲ့ ၀ိုင်း ပေးစားတာ ၊ ၀ိုင်း ချောက်ချတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆရာမောင်စူးစမ်းဆိုရင် တော်တော် ပေးစားခံခဲ့ရတယ်။ အမြင်မတူတိုင်း နင်ပဲ ငဆပြောတာ၊ ပေးစားတာတွေ မလုပ်သင့်ပါဘူး” ဟု ကျော်ဝင်းက ပြောပါသည်။

စာရေးဆရာ မောင်စူးစမ်းရေးသားသော ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် ဆောင်းပါးတစ်ပုဒ်ကို ပြည်တွင်းအပတ်စဉ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင်ဖော်ပြခဲ့ပြီးနောက်ပိုင်း စာဖတ်ပရိတ်သတ်များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ မော်ဒန် ဂျာနယ်ကလည်း မောင်စူးစမ်း၏
ဆောင်းပါးများကို ထည့်သွင်းဖော်ပြခြင်း မပြုတော့ပေ။

စာရေးဆရာကျော်ဝင်း ထုတ်ဝေနေသော The Wave မဂ္ဂဇင်းတွင် ဖော်ပြနေသည့်အကြောင်းအရာများကို ရေးသားနိုင်သည့် စာရေးဆရာများမှာ ဒေါက်တာသန်းထွန်းနှင့် ဆရာမောင်စူးစမ်းတို့ကဲ့သို့ ပညာရှင်များသာဖြစ်ပြီး ယခုအခါ ဒေါက်တာသန်းထွန်းမှာ ကွယ်လွန်သွားပြီဖြစ်သောကြောင့် သူ့အနေနှင့် မဂ္ဂဇင်း ဆက်လက်ရှင်သန်ရေးအတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းနေရကြောင်း ဆိုသည်။

၎င်းရေးသားသည်ဟု အငြင်းပွားဖွယ်ရာဖြစ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် စာတမ်းတစ်စောင် လွန်ခဲ့သောသုံးလခန့်က အင်တာနက်စာမျက်နှာများပေါ်၌ ပျံ့နှံ့ခဲ့သည်။ ကျော်ဝင်းက ၄င်းစာတမ်းမှာ ၄င်းရေးသားခြင်းမဟုတ်ကြောင်း ဒေါက်တာနေ၀င်းမောင် ထုတ်ဝေသော ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်တွင် တရားဝင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts