>Ashin Nanika – Longdon 4

>

အင်္ဂလန်ခရီး မပြီးသေးပါ – ၎

အရှင်ဉာဏိက

ဇူလိုင် ၁၇၊ ၂၀၀၉

လန်ဒန်အိုင်းကနေစခဲ့တဲ့ ဒီခရီး တာဝါတံတားအထိ၊ အဝေးကြီးတော့ မဟုတ်လှပါဘူး။ သို့ပေမယ့် လမ်းတလျှောက် ငေးမောကြည့်ရှုစရာတွေက ဒုနဲ့ဒေး။ လျှောက်ခဲ့တဲ့လမ်းက သိမ်းမြစ်ရဲ့ တောင်ဘက်ကမ်းခြေတလျှောက်။ ဒီလမ်းအတိုင်း လျှောက်သွားခဲ့သူတွေလည်း များခဲ့ပြီ။ ခုလည်း သွားနေဆဲ။ နောင်လည်း သွားနေကြဦးမယ်။ ဦးတည်ရာ ပန်းတိုင်ကိုယ်စီနဲ့။ အလှခံစားသူ၊ ဘဝစံစားသူ၊ အချစ်ရှာသူ၊ အသစ်ရှာသူ၊ အပြစ်ရှာသူ၊ အနှစ်ရှာသူ။ ဒီလမ်းကြောင်းကို South Walk-လို့ ခေါ်ကြတယ်။ သိမ်းမြစ်တောင်ကမ်း လျှောက်လှမ်းခြင်းပေါ့။ တောင်ကမ်း လျှောက်လှမ်းခြင်းဟာ ထောင်နှုတ်ခမ်းလျှောက်လှမ်းရတာ မဟုတ်လို့ ပင်ပန်းပေမယ့် ကြမ်းတော့ကြမ်းမယ် မဟုတ်ပါဘူး။ ဟူး။ ဒါပေမယ့် နည်းနည်းတော့ မောတာအမှန်။

လန်ဒန်အိုင်းကနေ တာဝါတံတားအထိ လမ်းတလျှောက်မှာ လန်ဒန်ရဲ့ထင်ရှားတဲ့ သင်္ကေတတွေကိုလည်း မှတ်သားမိပါတယ်။ တကယ်လို့ ကိုယ့်အတွက် ဥရောပဗီဇာရဖို့ အခွင့်မသာလျှင်ဖြင့် ဒီထင်ရှားတဲ့သင်္ကေတတွေထဲက အချို့ကိုတော့ အသေးစိတ်လေ့လာမိကောင်း လေ့လာနိုင်ဦးမလားပါ။ အနည်းဆုံးတော့ ဒီလမ်းကြောင်းအတိုင်း နောက်တစ်ခေါက် လျှောက်ဖြစ်ဦးမှာတော့ အသေအချာပါပဲ။ မသေချာသေးတဲ့အရာတွေအတွက် အဖြေရှာဖို့ တနေရာမှာ တခဏမျှနဲ့တော့ တိကျတဲ့အဖြေ ရနိုင်မယ် မဟုတ်ပါဘူး။ အပြန်အားဖြင့်ဆိုရလျှင် မသေချာတဲ့အရာတွေနဲ့ တနေရာမှာ အချိန်ကြာစွာ အဖြေရှာမယ်ဆိုလျှင်လည်း သေချာတဲ့အဖြေ ရနိုင်မယ်မဟုတ်ပေဘူးလို့ တွေးမိလိုက်သေးတယ်။

လန်ဒန်အိုင်းအလွန်မှာ မှတ်မိသမျှ ပြောရလျှင် The South Bank Centre၊ ပြီးတော့ Waterloo Bridge နဲ့ Black friars Bridge။ နောက်ပြီး The Tate Modern and the Millennium Bridge၊ ဒီအလွန်မှာတော့ St Paul’s Cathedral ပေါ့။ Shakespeare’s Globe၊ Southwark Bridge and Cannon Street Railway Bridge၊ Winchester Palace and the Clink Prison၊ Southwark Cathedral and London Bridge၊ Hays Galleria၊ Hays Wharf and HMS Belfast တို့ဟာလည်း ဒီသိမ်းမြစ်တောင်ကမ်း လျှောက်လှမ်းခြင်းခရီးရဲ့ အစိတ်အပိုင်းမို့ မပြောမပြီး ထည့်ပြောရမည့် လန်ဒန်ရဲ့ အထိမ်းအမှတ်များပါပဲ။

အားလုံးမှာ ဆိုင်ရာဆိုင်ရာ စိတ်ဝင်စားဖွယ်ရာတွေ အပြည့်ရှိနေပေမယ့် ခုတော့ ပြောဖို့ အချိန်နည်းနေသေးတယ်။ အဆင်သင့်လျှင်ဖြင့် နောက်များမှာ တစ်ခုချင်းစီရဲ့ အကြောင်းကို ပြောပြပါဦးမယ်။ နားထောင်ချင်တယ်ဆိုလျှင်ပေါ့။ ခုတော့ ကိုယ်လျှောက်နေတဲ့လမ်းအတိုင်း ဆက်သွားရဦးမယ်လေ။ အမှောင်မကျလာမီမှာ တာဝါတံတားကြီးဆီကို အရောက်သွားရဦးမယ် မဟုတ်လား။ ခုလိုနေညိုချမ်းမှာတွေ့ရမယ့် တာဝါတံတားကြီးရဲ့အလှက တမျိုးထူးခြားနေလိမ့်မယ်လို့ မျှော်လင့်ထားတာ။ တွေ့မြင်ဖူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုရုပ်ရှင်တွေထဲက တံတားကြီးနဲ့ အပြင်မှာ ကိုယ်တကယ်တွေ့ရတဲ့ တံတားကြီးက ဘယ်လိုများ ကွာခြားနေမလဲ။ နှိုင်းယှဉ်ပြီး ကြည့်ရဦးမယ်။ ဟုတ်တယ်လေ။ တချို့အရာတွေက ပုံထဲနဲ့ ပုံပြင်၊ လက်တွေ့နဲ့ စာတွေ့၊ အနီးနဲ့အဝေး၊ အပုံကြီး ကွဲပြားခြားနားတတ်တာ မဟုတ်လား။ တာဝါတံတားလည်း ဒီအထဲမှာ မပါဝင်နိုင်ဘူးရယ်လို့ ဘယ်လိုပြောနိုင်မလဲ။

လန်ဒန်ရဲ့ အလှတွေကြားမှာ ကိုယ့်စိတ်ကို ယားကျိကျိဖြစ်စေနိုင်ခဲ့တာတချို့ကိုလည်း ပြောချင်ပါသေးတယ်။ လျှောက်လှမ်းခဲ့လမ်းတလျှောက် အမှတ်မထားဘဲ မနေနိုင်လောက်အောင်ဖြစ်မိတာက လမ်းဘေးးမှာ တွေ့ရတတ်တဲ့ စီးကရက်ဆေးလိပ်တိုတွေပါပဲ။ ကိုယ်ကြားဖူးထားတာက အင်္ဂလိပ်တွေဟာ စည်းကမ်းကြီးတယ်တဲ့။ ခုတော့ လမ်းဘေးဝဲယာ နေရာတကာ စီးကရက်တိုတွေ တွေ့နေရတယ်။ လန်ဒန်သားတွေကပဲ စီးကရက်သောက်တာ များလို့လား။ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသွားတွေကပဲ ဆေးလိပ်အသောက်များလို့လား။ ဘာပဲဖြစ်ဖြစ် ခုလိုစီးကရက်အစီခံတွေ လူစည်ကားရာ လန်ဒန်ရဲ့ အဓိကနေရာတွေမှာ တွေ့ရတာကတော့ လုံးဝ မဆီလျော်လှတာ အမှန်ပါပဲ။

မြစ်ကမ်းတလျှောက် ဘီယာဆိုင်တွေမှာလည်း ဘီယာသောက်နေသူတွေက အပြည့်။ ရုံးဆင်းပြီးချိန်ဖြစ်တာကြောင့် ခုလို ဘီယာသောက်နေသူတွေနဲ့ စည်ကားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမမဟုတ်လည်း ယဉ်ကျေးမှုကပဲ ဘီယာသောက်ခြင်းဟာ ကျင့်ဝတ်တစ်ခုကို လျော့ပါးစေခြင်းလို့ မသတ်မှတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမူအယာတွေအရတော့ ဘီယာသောက်ခြင်းဆိုတာ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနဲ့ အတူတူလောက်ပဲ သဘောထားပုံမျိုးပါ။ ပျိုပျို အိုအို ယောက်ျားမိန်းမ အလွှာအစုံစုံ။ ခုံတန်းတွေပေါ်၊ အုတ်အကာအရံတွေပေါ်မှာ ထိုင်သူထိုင်၊ ရပ်သူရပ်၊ လျှောက်သူလျှောက်ကာဖြင့် ဘီယာခွက်တွေ ကိုယ်စီရယ်နဲ့။ ရယ်ရယ်မောမော။ တသောသောပါပဲ။ သိမ်းမြစ်ညနေချမ်း၊ အမောပန်း ဖြေနေကျဟန်ထင့်။ သို့ပေမယ့် အသက်နှစ်ဆယ်ခန့်လောက်အောက် ငယ်ရွယ်သူများကိုတော့ ဘီယာနယ်မှာ မတွေ့ရပါဘူး။ ဒီအတွက်တော့ ကျေနပ်စရာပါ။

နောက်ပြီးလည်း လန်ဒန်သူ လန်ဒန်သားတွေက စနစ်တကျ ဝတ်စားတတ်ကြဟန်တူပါတယ်။ အားလုံးနီးပါးဟာ တကယ့်ကိုမှ သားသားနားနား စနစ်တကျ အဝတ်အစားတွေ ကိုယ်စီကိုယ်စီနဲ့ပါ။ အမေရိကန်မှာတွေ့ရတတ်လေ့ရှိတဲ့ ထသွားထလာ အိမ်နေပုံစံ အဝတ်အစားမျိုးနဲ့သူက မတွေ့ရသလောက်ပါ။ နောက်ပြီး မဆတန်ကဲ အဝလွန်တဲ့သူမျိုးကိုလည်း မတွေ့မိပါဘူး။ အမျိုးသမီးအများစုဟာလည်း သွယ်သွယ်လျလျ၊ ဖျတ်ဖျတ်လတ်လတ်၊ စတိုင်အပြည့် ကိုယ်စီနဲ့။

တာဝါတံတားဟာ ကမ္ဘာမှာ အလွန်ထင်ရှားပေမယ့် လန်ဒန်တံတားရယ်လို့ အမှတ်မှားတာကို မကြာခဏ ခံရလေ့ရှိပါတယ်။ တကယ်တော့ လန်ဒန်တံတားနဲ့ တာဝါတံတားက တခြားစီပါ။ သို့ပေမယ့် တာဝါတံတားက လန်ဒန်မှာ ရှိတာရယ်၊ လန်ဒန်မှာ သူက ပိုထင်ရှားတာရယ်ဆိုတော့ လန်ဒန်တံတားဆိုလျှင်ဖြင့် တာဝါတံတားကိုသာ စိတ်မျက်စိထဲ မြင်ယောင်မိတတ်ပါတယ်။ ကိုယ်တောင် ခုမှ ကွဲကွဲပြားပြား သိရတာပါ။ လန်ဒန်မှာ လန်ဒန်အမည်ကို မခံယူခဲ့ခြင်းဟာ တာဝါအဖို့ လန်ဒန်ရယ်လို့ ခုလိုအမှတ်မှားရန်အကြောင်း ဖြစ်လေသလားလို့ စဉ်းစားမိပါရဲ့။ လန်ဒန်နဲ့ တာဝါတံတားရဲ့ ကျော်ကြားမှု ၂ ခုပေါင်းစပ်ခြင်းက လန်ဒန်တံတားရယ်လို့ မှားယွင်းတဲ့အမှတ်မှားစေမှုကို ဖြစ်စေနိုင်သလားလို့လည်း တွေးမိပါတယ်။ ထင်ရှားခြင်းတွေကြားမှာလည်း မှားယွင်းမှုတွေ ရောယှက်နေတတ်တာ ဆင်ခြင်စရာပဲ မဟုတ်လား။

နေဝင်ဖျိုးဖျ အချိန်ကာလမှာပဲ တာဝါတံတားဆီ ရောက်ပါတယ်။ ရှေးစကားအတိုင်း ရေးသားရလျှင် အနောက်ဂေါယာကျွန်းဆီသို့ နေမင်းကြီးက ငုပ်လျှိုးကွယ်ပျောက်တော့မယ်။ နေရှိန်ကြောင့် ကောင်းကင်ယံမှာလည်း ပုစွန်ဆီသွေး တိမ်ရောင်စဉ်တွေကလည်း ပြေးလို့။ သိမ်းမြစ်ပြင်တွင်းမှာလည်း နေမင်းက တစ်စင်း။ တာဝါတံတားကြီးရဲ့ နေဘက်မြင်ကွင်းကတော့ လင်းလို့။ နေမင်းကွယ်ကာတဲ့ အခြားတဖက်မှာတော့ အမှောင်က ကြီးစိုးလို့ ဝင်ရောင်စ။ လန်ဒန်ရဲ့ ဟိုးဝေးဝေး မှုန်ပျပျအရပ်ဆီမှာတော့ လျှပ်စစ်မီးပွင့်လေးတွေက တလက်လက်နဲ့ ပိုပိုပြီး လင်းလို့လာကြ။ နေရဲ့အလင်းကို အစားထိုးဖို့ တိုးလျှိုးလို့ ပေါ်လာကြပြီ။ အစာဝလို့ အိပ်တန်းကိုယ်စီဝင်ကြမည့် ငှက်လေးတွေလား၊ အစာရှာဖို့ အိပ်တန်းထွက်လာတဲ့ ငှက်လေးတွေလား မသိ။ သိမ်းမြစ်ပြင်ရဲ့ ကောင်းကင်တခွင်မှာ ဟိုဟိုဒီဒီ ပျံဝဲလှုပ်ရှားလို့။ သိမ်းမြစ်ကမ်းစပ်နဲ့ မြစ်လယ်ရေပြင်ကျယ်ပေါ်မှာတော့ သင်္ဘောငယ်လေးတွေကိုယ်စီနဲ့ လန်ဒန်ရဲ့ညအလှကို အပြည့်အဝ ခံစားမည့်သူတို့က စတင်လှုပ်ရှားနေကြပြီ။ ကိုယ့်အဖို့တော့ ဒီအချိန်ဟာ လန်ဒန်မှာ ပထမနေ့ ကုန်ဆုံးချိန်ရဲ့ အစပါပဲ။ အနှစ်နှစ်အလလက တမ်းတခဲ့ရတဲ့ လန်ဒန်နေ့များရဲ့ ခရီးအစဟာဖြင့် လှပစွာပြီးဆုံးတော့မယ်။ လန်ဒန်ရဲ့ ကောင်းကင်ယံ တိမ်ရောင်ပြန် သံစဉ်အလှ သိမ်းမြစ်ပြင်ပေါ် ပြန်အကျမှာ မြင်ရတဲ့ တာဝါတံတားရဲ့ ခန့်ညားမှုနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့ လန်ဒန်ရဲ့နေညိုညဟာဖြင့် စာသ လို့ ကုန်နိုင်ဖွယ် မထင်မိတော့ပါဘူး။

တာဝါတံတားကိုဖြတ်၊ လန်ဒန်တာဝါကိုပတ်ကာ လန်ဒန်ဝိဟာရကို ပြန်ဖို့ တာဝါဟေးလ် မြေအောက်ရထားဘူတာဆီသို့ သွားခဲ့တယ်။ လန်ဒန်တာဝါကလည်း ရဲတိုက်ကြီးလား ခန့်ခန့်ထည်ထည်။ သူနဲ့ဆက်စပ်တဲ့ သမိုင်းအချက်အလက်တွေလည်း ပေါကြွယ်သမို့ အချိန်ပေးကာ လာလည်ဖို့ ဦးစားပေးစာရင်းထဲ ထည့်ထားလိုက်တယ်။ တာဝါတွေရယ်။ မကြာမီအချိန်မှာပဲ ပြန်လည်တွေ့ကြမယ်။

ဇွန်လ ၂၊ ၂ဝဝ၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts