>How Burmese runs their political event and ceremony

>

မြန်မာတို့ရဲ့ အခမ်းအနားပြုလုပ်ကြပုံ စဉ်းစားမိသမျှ

ကိုမိုက်ခဲစိန်

ဇူလိုင် ၁၆၊ ၂၀၀၉

ပြည်ပရောက် မြန်မာတွေ အမျိုးသားရေးပွဲတွေ၊ အခမ်းအနားတွေ ကျင်းပကြလေ့ရှိတာ အနှစ် ၂၀ လောက် ရှိပြီလို့ ဆိုပါတယ်။ ယခင်တလကျော်က မြန်မာဂီတပညာရှင် အမျိုးသမီးကြီး တဦးနှင့် စကားလက်ဆုံပြောမိတော့ သူတက်ရောက်ခဲ့တဲ့ အခမ်းအနားတွေက အခက်အခဲလေးတွေ၊ အမြင်မတော်တာလေးတွေ ပြောပါတယ်။ အခမ်းအနားတွေမှာ အစီအစဉ်တွေ ကြိုတင်မဆွဲထားတာ၊ အချိန်အတိအကျ မလုပ်နိုင်တာ စသည်ဖြင့် ပြောပါတယ်။ အဲသည်က စကားဝိုင်းကနေ စဉ်းစားမိတာက မြန်မာတို့ အခမ်းအနားပြုလုပ်ကြပုံကို စဉ်းစားမိသမျှ ရေးကြည့်ဖို့ပါပဲ။

မြန်မာအမျိုးသားရေးပွဲ လို့ ဆိုလိုက်တော့ နိုင်ငံရေးပွဲတွေ၊ အထိမ်းအမှတ်၊ အမှတ်တရ အခမ်းအနားပွဲတွေ ဖြစ်ဖို့ များပါတယ်။ အခမ်းအနားတခုအတွက် အကြိမ်ကြိမ် အစည်းအဝေးတွေ ကျင်းပကြပြီးတော့ အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်၊ ကျင်းပရေး ကော်မီတီနဲ့ လုပ်ငန်းတာဝန်တွေ ခွဲဝေတာ၊ ဘဏ္ဍာငွေရှာဖွေတာတွေကို ၀ိုင်းဝန်းလုပ်ကြတာကို ပြောစရာမရှိပါဘူး။ ကြားမိသမျှ၊ ကြုံမိသမျှတွေထဲက အခမ်းအနားမြင်ကွင်းက လိုအပ်တာလေးတွေပဲ ပြောပါမယ်။

အခမ်းအနား ဆိုင်းဘုတ် – အခမ်းအနားရဲ့ နောက်ခံဆိုင်းဘုတ်ကို အထူးတလည် အာရုံစိုက်ပြီး မရေးကြပါဘူး။ ရေးပြန်ရင်လည်း ဆိုင်းဘုတ်ချိတ်ပြန်ရင်လည်း အခမ်းအနားတခုလုံးရဲ့ အကြောင်းကို စာကြောင်းတကြောင်းနဲ့ ပြည့်စုံအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် မဖြစ်ပြန်ဘူး။

ဥပမာ – မည်သူတို့ စီစဉ်သော မည်သည့်အကြောင်းအရာကို ရည်ရွယ်တဲ့ ဘယ်နေရာမှာ ဘယ်နေ့၊ ဘယ်အချိန်က ဘယ်သူတွေနဲ့ ကျင်းပတဲ့ အခမ်းအနားဆိုတာကို ဖော်တဲ့ စာသားတွေ ပါဖို့ ပြောတာ ဖြစ်ပါတယ်။

အမျိုးသားအလံ – များသောအားဖြင့် နိုင်ငံတော်အလံကို ချိတ်ဆွဲကြတဲ့နေရာမှာ ပါလီမန်ခေတ်က ကြယ် ၁ + ၅ ပွင့် အလံကို ချိတ်ကြပါတယ်။ မဆလခေတ်က (ခွေးသွားစိတ်နဲ့ စပါးနှံ) အလံကိုတော့ အငြင်းပွားစရာ ဖြစ်လို့ မချိတ်ကြပါ။ တချို့အခမ်းအနားတွေမှာတော့ အလံတွေကို မချိတ်ကြတော့ပါဘူး။ အလံမရှိတာလဲ ပါတယ်။ အလံနဲ့အဖွဲ့အစည်းတွေများလာတော့၊ တိုင်းရင်းသားအဖွဲ့တွေကလည်း အလံတွေ ရှိတော့ ဘယ်အလံကို ဘယ်လိုနေရာပေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်တာလဲ ပါပါတယ်။ ဖြစ်နိုင်ရင်တော့ အမျိုးသားအလံ (ကြယ် ၁ + ၅ ပွင့်) ချိတ်ကြမယ်ဆိုရင် ဒါ မြန်မာအခမ်းအနားအဖြစ် ထင်ရှားတဲ့ ပြယုဒ် ဖြစ်လာမယ် ထင်ပါတယ်။

အမျိုးသားသီချင်း – အခမ်းအနားတွေရဲ့ အစီအစဉ်မှာ နိုင်ငံတော်အလံကို သီဆိုပြီး ဖွင့်လှစ်လေ့ မရှိကြပါဘူး။ ဘာသာရေးပွဲတွေမှာ ဘုရားစာကို သံပြိုင်ဆိုပြီး ဖွင့်ကြသလိုမျိုး မြန်မာတွေလည်း အမျိုးသားသီချင်း၊ နိုင်ငံတော်သီချင်းကို ဆိုစေချင်တယ်လို့ ဂီတပညာရှင် အဆိုတော်ကြီး မာမာအေးက ပြောဖူးပါတယ်။ သီချင်းကလည်း မူလလက်ဟောင်း “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ …” နဲ့ အစချီတဲ့ ခြေဆင်းနဲ့ သီချင်းကို ဆိုလိုတာပါတဲ့။ မိုးမခက ၀ိုင်းတော်သားတွေက ဒေါ်မာမာအေးကိုယ်တိုင် ပြန်လည်သီဆိုထားတဲ့ အမျိုးသားသီချင်းကို သူတို့ ၀က်ဆိုက်မှာ တင်ထားတာ ရှိပါတယ်။ YouTube မှာလည်း ရှိပါတယ်။

သီချင်းဆိုလို့ ၈၈ အရေးတော်ပုံရဲ့ မော်ကွန်းဝင်သီချင်းတပုဒ်ဖြစ်တဲ့ နိုင်မြန်မာစာသားနဲ့ ကမ္ဘာမကြေဘူး ဆိုတဲ့ သီချင်းကိုလည်း မြန်မာတို့ ဆိုကြလေ့ရှိသော်လည်း တော်လှန်ရေး မှတ်တိုင်သီချင်းဖြစ်နေတဲ့အတွက် အခြားအထိမ်းအမှတ်သီချင်းများလည်း ရှိနေတာကြောင့် ပရိသတ်အခြေအနေကို လိုက်ပြီး အခြားသီချင်းများကို ဖြည့်စွက်ပြီး ဆိုနိုင်ပါကြောင်းကိုလည်း အကြံပေးကြတာ တွေ့ရပါတယ်။

၈ စက္ကန့်ငြိမ် – မြန်မာပြည်ရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ တနှစ်ပြီး တနှစ် တိုးပြီး ကြပ်တည်းလို့သာ လာတယ်။ အေးသွားတယ်ဆိုတာ မရှိသေးတော့ – ရန်သူမျိုး ၅ ပါးကြောင့် ပြီးတော့ မင်းဘေး၊ သဘာဝဘေးဒဏ်ကြောင့် ကျဆုံး၊ သေဆုံးသွားခဲ့ကြသူတွေအားလုံးကို အမှတ်တရပြု ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ပြီးတော့ အသက်စွန့်သွားကြသူ မြန်မာပြည်က သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စက္ကန့် အနည်းငယ်လောက် မတ်တတ်ရပ် ငြိမ်သက်တဲ့အလေ့ကလေးကို ထည့်သွင်းထားမည်ဆိုရင် ကောင်းမယ်လို့ ပြောကြတာကို တွေ့ရပါတယ်။ အချို့အခမ်းအနားတွေမှာ ပြုလုပ်ကြတာကိုတွေ့ခဲ့လို့ ဆက်ပြီး လက်ဆင့်ကမ်းကြတာလည်း တွေ့ရပါတယ်။

နောက်ခံအကြောင်းအရာ နဲ့ စာရွက်စာတမ်း – အခမ်းအနားတိုင်းမှာ မြန်မာပြည်အကြောင်းနဲ့ အခမ်းအနားကျင်းပရခြင်း နောက်ခံအကြောင်းအရာ လက်ကမ်းစာစောင်လေးပဲဖြစ်ဖြစ်၊ နံရံကပ်ဆိုင်းဘုတ်၊ ပိုစတာပဲဖြစ်ဖြစ် ရှိနေဖို့ကိုလည်း တချို့က ပြင်ဆင်ကြတာကို တွေ့ရပါတယ်။ တချို့ကတော့လည်း ဓာတ်ပုံလေးတွေကိုပါ ထည့်သွင်း ချိတ်ဆွဲထားကြတာကြောင့် ဧည်သည်တွေအတွက် ကြည့်ရှုစရာ၊ ဖတ်ရှုစရာ အချိန်နဲ့ အခြေအနေကို ရကြတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို ပြည်ပက မြန်မာတွေကော၊ မြန်မာမဟုတ်သူတွေပါ တော်တော်သိနေကြတယ်လို့ ဆိုပေမယ့် ပွဲတိုင်းမှာ လက်ကမ်းစာစောင်၊ ပိုစတာကနေတဆင့် တိုင်းပြည်၊ ယခုပွဲအကြောင်း၊ ကျင်းပသူတွေအကြောင်း၊ ရည်ရွယ်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုပါ မှတ်တမ်းအဖြစ် တင်ဆက်နိုင်တယ်လို့ အကြံပေးကြပါတယ်။

အခမ်းအနားမှူး၊ သဘာပတိ၊ ပြောရေးဆိုခွင့်ရှိသူ – အခမ်းအနားရဲ့ အစီအစဉ်ကို ကျင်းပသူများ စိတ်ကြိုက် ဆောင်ရွက်ကြတာဖြစ်လို့ အဲဒီအသေးစိတ်အထိ မပြောနိုင်ပါ။ သို့သော် အခမ်းအနားမှာ ကော်မီတီလုပ်ငန်းအဖွဲ့အသီးသီးက မိမိတာဝန်ကို ထမ်းဆောင်နေကြသည်အတွင်းမှာ အခမ်းအနားကို အစက အဆုံး သယ်ယူပေးမယ့် အခမ်းအနားမှူး၊ အဖွင့်စကား၊ အပိတ်စကားနဲ့ ထိမ်းသိမ်းစရာရှိတာတို့ကို ဆုံးဖြတ်ပေးမယ့် သဘာပတိ၊ ပြီးတော့ အခမ်းအနားနဲ့ ပရိသတ်ကို လိုအပ်တာမှန်သမျှ၊ သိလိုတာမှန်သမျှ အဖြေပေး ရှင်းပြနေပေးမယ့် ပြောခွင့်ရပုဂ္ဂိုလ်တို့ကိုလည်း လိုအပ်ပါကြောင်း ဖြည့်စွက်လိုပါတယ်။ အခမ်းအနားနဲ့ လိုက်ဖက်တဲ့ အခမ်းအနားမှူးတဦးရှိနေလျင်လည်း ပွဲကို အသက်ဝင်အောင် လုပ်နိုင်ကြောင်း ပြောချင်ပါတယ်။

ပြည်ပက မြန်မာမိသားစုတွေအတွက် ဘုန်းတော်ကြီးတွေ၊ စာရေးဆရာကြီးတွေ၊ အနုပညာရှင်တွေဟာ မိမိတို့ အနီးဝန်းကျင်မှာ ရှိနေတဲ့အတွက် အခမ်းအနားကို ကြည့်ရှူအကြံပေးဖို့၊ ထိမ်းသိမ်းဖို့ အကူအညီတောင်းနိုင်ပါတယ်။ တခါတလေမှာ အခမ်းအနားစီစဉ်သူတွေကချည်း လုပ်ချင်တာတွေ လျောက်လုပ်ပြနေတဲ့အခါ ပရိသတ်ကြီးမှာ သီးခံခွင့်လွှတ်လို့ နားဆင်ချည်းသာ နေရပြန်တာလည်း ဟန်မကျတဲ့အတွက် နောက်ပွဲတွေမှာ နောက်ကလာတဲ့ မောင်ပုလဲတွေက သူထက်ကဲကုန်ကြတာ အဆိုးမဆိုနိုင်ပါ။

ကျေးဇူး၊ လက်ဆောင်၊ မှတ်တမ်းမှတ်ရာ နဲ့ နိဂုံး – အခမ်းအနားတွေကို ဓာတ်ပုံတွေ ရိုက်၊ ဗီဒီယိုတွေ မှတ်တမ်းပြုပြီး ထိုမှတ်တမ်းတို့ကို အခမ်းအနားတက်ရောက်သူတွေဆီကို အမှတ်တရ ကျေးဇူးတင်တဲ့အနေနဲ့ ပေးပို့သင့်ပါတယ်။ အခမ်းအနားတက်ရောက်သူတွေကို စာရင်းကောက်၊ အီးမေးတောင်းပြီး အဆက်အသွယ် မပြတ်အောင်လည်း အလုပ်တခုလို လုပ်ထားသင့်ပါတယ် လို့ သူတို့တက်ကျမ်းတွေထဲမှာ ဆိုထားလေ့ရှိတယ်။ ပြီးတော့ ကိုယ့်အခမ်းအနားကို ကြိုတင်ကြော်ငြာတာ၊ သတင်းတခုအနေနဲ့ အင်တာနက်တွေ ၀က်ဆိုက်တွေထဲ ပါဝင်အောင်လည်း အမြဲတစေ တိုက်တွန်း ဆောင်ရွက်သင့်ပါသတဲ့။

မြန်မာတို့အတွက်တော့ အမျိုးသားရေးပွဲတွေနဲ့ ပတ်သက်ပြီး အချင်းချင်း မျက်စိမှိတ် ကြော်ငြာထိုးရရင်တော့ မိုးမခ၀က်ဆိုက်က ရွာဆော်ကြီးမှာလည်း ကြော်ငြာ (အခမဲ့)၊ ပြီးတော့လည်း သူတို့ဆီကို လက်ရွေးစင် ဓာတ်ပုံ ၃၊ ၄၊ ၅ ပုံနဲ့ ဆိုင်းဘုတ်၊ လက်ကမ်းစာစောင်ကို အီးမေးနဲ့ လှမ်းပို့လိုက်မယ်သာ ဆိုရင် အနှေးနဲ့ အမြန်တော့ ဓာတ်ပုံသတင်း ထည့်ပေးလိမ့်မှာတော့ သေချာမယ် ထင်ပါရဲ့။

အဲ အရေးကြီးတာ တခုကတော့ ပရိသတ်ကြီးကို အခုလိုလာအားပေးလို့ ကျေးဇူးတင်ကြောင်း၊ နောက်လည်းပဲ ဆက်လက်လာရောက်ချီးမြှင့်ပေးစေလိုပါကြောင်းနဲ့ ဘယ်လိုမျိုး သင်ခန်းစာတွေယူပြီး မွန်းမံပြင်ဆင်ကြရင် ကောင်းမှာလဲဆိုတာ အကြံဉာဏ်တောင်းကြစေလိုပါ သတဲ့။ ပရိသတ်ထဲက စိတ်ဓာတ်ချင်း၊ ၀ါသနာချင်းတူလို့ လာရောက်ပူးပေါင်းပြီး အင်အားတွေ တိုးလာလို့ကတော့ အတိုင်းထက် အလွန်၊ တံခွန်နဲ့ ကုက္ကားပေါ့။

ကြားဖူးတာကတော့ အခမ်းအနားတခု ကျင်းပတိုင်း ပရိသတ်ကော၊ စီစဉ်သူတွေမှာ အင်အားတွေ လျော့ကုန်ကြလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်လာကြမှာကိုသာ စိုးရိမ်ရဆိုလား။ ဆိုတော့ အခမ်းအနားကို ရုတ်သိမ်းရာမှာ “လက်ရည်တပြင်တည်း … တို့ဗမာတွေ ရှေးကထက် ပိုပြီး ချစ်ကြတယ် …” ဆိုတဲ့သီချင်းဆိုကြရင် ကောင်းလေမလား …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts