>Burma has third case of swine flu

>

၃ ဦးမြောက် ၀က်တုပ်ကွေး လူနာ တွေ့ရှိ၊ ရန်ကုန်လေဆိပ်မှ ၀င်လာခြင်းဖြစ်
မိုးမခအထောက်တော် ၀၀၆
ဇူလိုင် ၁၆၊ ၂၀၀၉


A(H1N1 ) တုပ်ကွေးရောဂါပိုးရှိသူ နောက်တဦးကို ရန်ကုန်တွင် တွေ့ရသဖြင့် အင်္ဂါနေ့က ဝေဘာဂီ ကူးစက် ရောဂါကု ဆေးရုံသို့ ပို့လိုက်ရကြောင်း ယနေ့ထုတ် မြန်မာသတင်းစာများတွင် ရေးထားသည်။

လူနာသည် အသက် ၅၁ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ လေကြောင်းဖြင့် ရောက်လာပြီး ၂ ရက်အကြာတွင် ဆေးရုံသို့ ပို့လိုက်ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

“လူနာနှင့်အတူ စီးနင်း လိုက်ပါလာသော လေယာဉ်စီး ခရီးသည် နိုင်ငံသား ၈၄ဦး၊ နိုင်ငံခြားသား ၁၃၆ ဦး စုစုပေါင်း ၂၂ဝ ဦး တို့အားလည်း တုပ်ကွေးရောဂါ လက္ခဏာများ ရှိ/မရှိ လိုက်လံ ရှာဖွေ စောင့်ကြပ် ကြည့်ရှုလျက် ရှိကြောင်း သိရှိရသည်” ဟု သတင်းစာများတွင် ရေးထားသည်။

မြန်မာပြည်နှင့် ကပ်လျက် ထိုင်းနိုင်ငံတွင်မူ ရောဂါပိုးရှိသူ ၄၀၀၀ ကျော်သွားပြီဖြစ်သည်။ ထိုရောဂါကြောင့် ၂၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့က ရရှိသည့် သတင်းများအရ သိရသည်။

ယမန်နေ့က တရက်တည်းတွင်ပင် ရောဂါပိုးတွေ့သူ ၁၄၇ ဦး ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက A(H1N1 ) ရောဂါပိုးရှိသူ အရေအတွက်၊ သေဆုံးသူ အရေအတွက်များ နေ့စဉ် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နေ့စဉ်ထုတ် အရေအတွက် ဂဏန်းများကြောင့် အများပြည်သူကြားတွင် ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် တပတ်တကြိမ်သာ ထုတ်ပြန်တော့မည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts