>Aung Way’s new program in RFA

>

အရေးတော်ပုံ ရင်ခုန်သူများအကြောင်း ကဗျာဆရာ အောင်ဝေး ပြောပြီ
မိုးမခအထောက်တော် ၀၀၁
ဇူလိုင် ၁၃၊ ၂၀၀၉

ကဗျာဆရာ အောင်ဝေး၏ ရေဒီယို ဆောင်းပါး အစီအစဉ်သစ်တခုကို RFA အသံလွှင့်ဌာနက ပြီးခဲ့သည့် အပတ်က ထုတ်လွှင့်လိုက်သည်။

အဆိုပါ အပတ်စဉ် အသံလွှင့် အစီအစဉ်ကို “အရေးတော်ပုံ ရင်ခုန်သူများ” ဟု အမည်ပေးထားသည်။ တနင်္လာနေ့ နံနက်ပိုင်းတွင် နားဆင်နိုင်သည်ဟု ဆိုသည်။

အမျိုးသား လွတ်လပ်ရေး ကြိုးပမ်းမှု အဆက်ဆက်တွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် နယ်ပယ်များမှ အနုပညာသည်တို့ လှုပ်ရှား ပါဝင်ခဲ့မှုများကို ရေးဖွဲ့သွားမည်ဟု သိရသည်။

အပိုင်း ၂ တွင် မြသန်းတင့်၊ အပိုင်း ၃ တွင် မောင်သော်က တို့အကြောင်း ရေးဖွဲ့ထားသည်ဟု ကဗျာဆရာ အောင်ဝေးက ပြောသည်။ ယနေ့ နံနက်တွင် အပိုင်း ၂ ကို ထုတ်လွှင့်သွားသည်။

ဂီတလောကမှ အနုပညာရှင်များအနက် ထူးအိမ်သင်၊ မွန်းအောင်၊ မြတ်လေး၊ စန္ဒယားချစ်ဆွေ တို့ ပါဝင်မည်ဟု ဆိုသည်။

ဤ အသံလွှင့် အစီအစဉ်တွင် ရုပ်ရှင်လောကမှ ဦးထွန်းဝေ၊ ဒါရိုက်တာပိုင်သ၊ ကိုစန်းအောင် (မောင့်မူပိုင်ရှင်)တို့အကြောင်းကိုလည်း ရေးသားရန် စီစဉ်နေသည်ဟု ဆရာ အောင်ဝေးက ပြောသည်။

ကဗျာဆရာ အောင်ဝေးသည် ၂၀၀၇ ခုနှစ် သံဃာများ ဦးဆောင်သည့် ဆန္ဒပြ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ရောက်ရှိနေပြီး အသံလွှင့်ဆောင်းပါးများ၊ ကဗျာများ ရေးသားလျက်ရှိသည်။

RFA ခေါ် လွတ်လပ်သည့်အာရှအသံသည် ကိုအောင်ဝေး၏ “ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း”၊ “ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ” စသော အခန်းဆက် ဆောင်းပါးများ အစီအစဉ် ၂ ခုကို ထုတ်လွှင့်ပြီး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts