>Ko Thet – Ordination of Zarganar’s Son

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တချက်ခုတ် နှစ်ချက်ပြတ်

ကိုသက်

ဇူလိုင် ၁၁၊ ၂၀၀၉

ဒီနေ့ (ဇူလိုင် ၁၀) နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာရဲ့သား၊ မောင်မြတ်ကောင်းရဲ့ သာသနာ့အမွေခံယူပွဲကို အမေရိကန် နိုင်ငံ၊ တောင်ပိုင်းကာလီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်မြို့ရှိ၊ ဓမ္မဇောတိကျောင်းမှာ ကျင်းပပြုလုပ်ကြတယ်။ ရဟန်းခံပွဲတွင် ကျောင်းလေးကျောင်းမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှောက်ပေးပါတယ်။ မနက်ဖန်မှာ ပရိသတ်တွေကို ကျွေးမွေးဧည့်ခံဖို့ ဖိတ်ထားတယ်။ ဒီနေ့က ပဉ္ဖင်းလောင်းရဲ့မွေးနေ့နဲ့ တိုက်ဆိုင်နေလို့ မွေးနေ့အမှတ်တရလည်းဖြစ် ကုသိုလ်လည်းဖြစ်အောင်လို့ သောကြာနေ့မှာပဲ ရဟန်းခံခဲ့ခြင်းဖြစ်ပါတယ်။

ညနေပိုင်း ကျင်းပပြုလုပ်တဲ့ ရဟန်းခံပွဲသို့ အရင်းနှီးဆုံး ဧည့်ပရိတ်သတ်တွေ ရောက်လာကြတယ်။ ဓမ္မဇောတိ ကျောင်းဆရာတော်က မောင်မြတ်ကောင်းအား ရှင်သာမဏေ ပြုပေးတယ်။ ရှင်သာမဏေဘွဲ့အမည်တော်က ကြာသပတေးသားမို့ ရှင်ပဏ္ဏိတဖြစ်ပါတယ်။ ရှင်ဖြစ်ပြီးနောက် သိမ်တက်၊ ရဟန်းခံခြင်းအစီအစဉ်ကို စတင်ပါတယ်။ ဥပဇ္ဈာယ်ဆရာတော်အဖြစ် လောစ့်အိန်ဂျလိစ် မြန်မာကျောင်းဆရာတော် ဘဒ္ဒ န္တသုန္ဒရ မထေရ်မြတ်က ပြုလုပ်ပေး ပါတယ်။ ညနေ (၇)နာရီ၊ (၁၈)မိနစ်မှာ ဦးပဏ္ဏိတအဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါတယ်။

သိမ်အဆောက်အဦအတွင်းမှာပဲ သိမ်ဆင်းလောင်းလှူပွဲ ကောင်းမှုကို ပြုလုပ်ကြပါတယ်။ ပြီးတဲ့အခါ ယနေ့ပြု သမျှ ကုသလကို ရေစက်သွန်းချ အမျှပေးဝေပါတယ်။ ရဟန်းတော်များကတော့ ထုံးစံအတိုင်း အလှူရှင် ဒကာ၊ ဒကာမတွေ ကျန်းမာချမ်းသာစေဖို့ မေတ္တာသုတ်အစရှိသော ပရိတ်တော်များကို ရွတ်ဖတ်ပွားများပြီး များဝေနေယျာ သတ္တ၀ါတို့အား အမျှပေးဝေခဲ့ပါတယ်။ မင်္ဂလာရှိသော သမယပင်ဖြစ်ပါတယ်။

အစီအစဉ် အားလုံးအပြီးမှာ အလှူရှင် မလွင်မာဦး (ကိုဇာဂနာ ဇနီး)နဲ့ မိတ်ဆွေမိသားစုတို့က မြန်မာပြည်တွင်းမှာ ထောင်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုဇာဂနာအစရှိသော နိုင်ငံ့သားကောင်း သမီးကောင်း များအတွက် ဆုတောင်းပေးဖို့ ဆရာတော် သံဃာတော်များအား မေတ္တာရပ်ခံ လျှောက်ထားလာပါတယ်။ သို့အတွက် ဆရာတော်များက မောရသုတ်နဲ့ ၀ဋ္ဋသုတ်တော်ကို သုံးကြိမ်တိုင်တိုင် ရွတ်ဖတ်ပွားများပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်ဒေသနာတော်များကိုလည်း ရွတ်ပွားပါတယ်။

ဆရာတော်များ လှိုက်လှိုက်လှဲလှဲ ရွတ်ပွားနေတဲ့ ပရိတ်တရားတော်များက နာသူများကို ကြက်သီးမွေးညှင်း ထစေပါတယ်။ အားရကျေနပ်မှု၊ ၀မ်းသာပီတိဖြစ်မှု၊ ယုံကြည်ချက်ကို ခိုင်မာမှုများ တဖွားဖွားဖြစ်ရတယ်။

မောရသုတ်ရဲ့ သမိုင်းက အနှောင်အဖွဲ့မှ လွတ်မြောက်မှုကို ရည်ညွှန်းပြီး ၀ဋ္ဋသုတ်တော်ကတော့ သစ္စာလက် နက် အစွမ်းထက်လို့ မီးဘေးစတဲ့ အန္တရာယ်အသွယ်သွယ်ကို တားဆီးကာကွယ် ကျော်လွန်နိုင်ခဲ့တယ်။ ဘ၀များ စွာ သံသရာထဲမှာ ဥဒေါင်းမင်းဖြစ်စဉ်က နေ့အခါ တနေ့လုံး အန္တရာယ်ကင်းအောင် ထွက်ပြူလာတဲ့ ရှင်နေမင်းနဲ့ ရတနာသုံးတို့ကို ကန်တော့ပြီး အကာအရံပြုခဲ့တယ်။ ညအခါ တညလုံး အန္တရာယ်ကင်းအောင်လည်း ၀င်သွားတဲ့ ရှင်နေမင်းနဲ့ ရတနာသုံးပါးတို့ကို ကန်တော့ကာ အကာအရံပြုပြန်တယ်။ သို့အတွက် မုဆိုးအဆက်ဆက် ထောင် ဖမ်းသော်လည်း အဖမ်းမခံရဘဲ အချုပ်အနှောင် အန္တရာယ်အသွယ်သွယ်တွေက လွတ်မြောက်ခဲ့တယ်။

ဝဋ္ဋသုတ်အနေနဲ့ ပါရမီရင့်နေတဲ့ဘ၀မှာ ငုံးဖြစ်ရတာပါ။ တောမီးလာလို့ မိဘများက အသက်လွတ်အောင်ပြေး ကြတော့ သူ့ခမျာ အသိုက်ထဲမှာ ကျန်ရစ်တယ်။ မွေးကင်းစမို့ အတောင်တွေပါသော်လည်း မပျံနိုင်၊ ခြေထောက် တွေ ပါသော်လည်း မသွားနိုင်တဲ့အကြောင်းအဖြစ်သနစ်လေးကို သစ္စာပြုလိုက်တယ်။ ပွင့်တော်မူပြီးသော ဘုရား ရှင်များ၊ တရားတော်များကို တိုင်တည်သစ္စာပြုပြန်တယ်။ သို့အတွက် တောမီးဟာ ဘုရားလောင်း ငုံးငယ်လေးကို ရှောင်ကွင်းသွားကြတယ်။ အပြော အလုပ်ညီလို့ သစ္စာတည်တာပါ။ သစ္စာလက်နက် အစွမ်းထက်ပြီး သက်မဲ့ဖြစ် တဲ့ သဘာဝတရားများက ရှောင်ကွင်းသွားကြတယ်။ ပရိတ်တော်များအပြီးမှာ ထောင်ကျနေသူများ၊ ဒုက္ခရောက် နေသူများ မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်း၍ လွတ်မြောက်စေဖို့ ဆရာတော်ကြီးက ပတ္ထနာပြုပါတယ်။

မွေးနေ့ကောင်းမှုအဖြစ် ပြုလိုက်တဲ့ သာသနာ့အမွေခံယူပွဲလေးမှာ မွေးနေ့ကုသိုလ်၊ ပဉ္ဖင်းပြုရတဲ့ကုသိုလ်၊ မိ ဖ ကျေးဇူးဆပ်တဲ့ကုသိုလ်၊ ထောင်ကျနေသူများအတွက် ဆုတောင်းတဲ့ ပရိတ်မေတ္တာ ဘာဝနာကုသိုလ်တွေက အဆပေါင်းများစွာ တိုးလာခဲ့ပြီမို့ တချက်ခုတ် နှစ်ချက်ပြတ်ရုံမျှမကဘဲ အကျိုးသက်ရောက်မှုက များစွာပင်ဖြစ်ပါ တယ်။ မွေးနေ့ရှင်နဲ့ မြန်မာပြည်သူ ပြည်သားအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts