>
သင်္ဘောကျင်း
တင်ကိုမင်းညို
ဇူလိုင် ၁၀၊ ၂၀၀၉
ဒါဟာ
ကုစားချက် ဆေးရုံလား
လောကနဲ့ အဆက်ဖြတ်ခံထားရတဲ့ အကျဉ်းစခန်းကြီးတခု လေလား
ကုန်းပေါ်ပစ်တင်ခံထားရတဲ့ အရှင်လတ်လတ်ငါးတွေလို
ငါတို့ အသက်ရှုမ၀တော့ဘူး …။
ဆန္ဒတွေရဲ့ ဟိုမှာဘက်ကမ်းကို
လိုရာဆိုက်အောင် ပို့ဆောင်ပေးခဲ့
လှိုင်း၊ ရိုင်းစိုင်းတဲ့ကျောက်ဆောင်
မိုးသက်လေနဲ့ မုန်တိုင်း
ငါတို့ တခါမှ ကျောခိုင်းမသွားခဲ့
ရဲရဲဝံ့ဝံ့ တိုးဝင်ကျော်ဖြတ်ခဲ့တာ …။
ပြတိုက်ကြီးတခုလို့ ဆိုရအောင်ကလည်း
စိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုသူ မဲ့လို့
ငါတို့ရဲ့ အနိဌာရုံတွေက
ဖြတ်သွားဖြတ်လာ ကလေးငယ်တွေကတောင်
ရင်မခုန်မိဘူးတဲ့
ဖြစ်ရ ပျက်ရပုံများ ပြောပါတယ် …။
ဒီလိုပြောပြောနေလို့
စိတ်ပျက်အားလျော့သွားလိမ့်မယ် ထင်နေသလား
ဘ၀ရဲ့ စိတ်ကြိုက်ရွေးချယ်ရာလမ်းမှာ
အင်မတန်ရိုးရှင်း နက်ရှိုင်းတဲ့ ပြဌာန်းချက်တွေကို
အရှိကို အရှိအတိုင်း ခင်းကျင်းပြနေတာပါ …။
ငါတို့ ခန္ဓာကို
အင်နဲ့အားနဲ့ ထုရိုက်လို့
ငါတို့ ခြေလက်တွေကို
လိုအပ်သလို ဖြတ်တောက်စိတ်ဖြာလို့
မဟာဗုဒ္ဓရဲ့ ဖေါင် ကူးတို့တွေလား
လူ့သမိုင်းခေတ်ရဲ့ ဆက်သွယ်ရေး မီဒီယံတွေလား
ငါတို့ ဆက်လက်ရှင်သန်ရဦးမယ် …။
ဂရုစိုက် နားထောင်ကြည့်စမ်း
ငါတို့ ညည်းတွား အော်ဟစ်လိုက်တာ မဟုတ်ဘူးနော်
သံပြိုင် ကြွေးကြော်လိုက်တာဖြစ်တယ်
မနက်ဖြန် အတွက်လေ …။ ။
ဂျူလိုင်-၈၊ ၂၀၀၉။