>Journallist on the road – Rangoon View, first week of July

>

ရန်ကုန်ရှုခင်း (ဇူလိုင် ပထမပတ်)

လူတုပ်ကွေး၊ သတင်းစာကျင့်ဝတ်၊ ဘန်ကီမွန်းနှင့် အင်တာနက်

`လမ်းလျှောက်ဂျာနယ်လစ်´ ရန်ကုန်

ဇူလိုင် ၉၊ ၂၀၀၉

တုပ်ကွေး၏ မာယာ

ဇူလိုင်လ ရဲ့ အစမှာ ရန်ကုန်မှာ အထူးခြားဆုံး အဖြစ်ကိုပြပါဆိုရင် အရင်က ၀က်တုပ်ကွေးလို့ခေါ်ပြီး ယခုတော့ လူတုပ်ကွေးလို့ ခေါ်တဲ့ ကူးစက်ရောဂါ ရန်ကုန်ကိုရောက်ပြီဆိုပြီး စိုးရိမ်ကြရာကနေ ကျောင်းတွေမှာလည်း ပါးစပ်နဲ့ နှာခေါင်းအုပ်တဲ့ မျက်နှာဖုံးတွေ တပ်ဆင်ကြ၊ ပစ္စည်းသွင်းတဲ့ ကုမ္ပဏီအချို့ကလည်း ဈေးတက်တော့မယ်ဆိုလို့ ပစ္စည်းကို ထိန်းပြီးရောင်းကြနဲ့ နကိုက ၅၀ကျပ်သာသာ ရှိတဲ့ မျက်နှာဖုံးတွေဟာ ကျပ် နှစ်ရာမှ ၅၀၀ အထိတက်ကုန်ကြတဲ့ အဖြစ်ပါပဲ။

မြန်မာပြည် ရန်ကုန်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ အစိုးရက တယောက်ပဲလို့ သတင်းက ကြေငြာလိုက်တယ် ဆိုရင် လူထုက ၁၀ဆ၊ အဆ ၂၀ မြှောက်ပြီးနားလည်ကြပါတယ်။ ဆေးရုံတက်ပြီး နောက်တရက်မှာ ဆရာဝန်တချို့ကိုယ်တိုင်က လူတုပ်ကွေးကူးစက်ခံရတဲ့ ကျောင်းသူ သေဆုံးသွားပြီဆိုတဲ့ သတင်းမျိုးတောင် ပြောဆိုနေကြတာ တဆင့်တဆင့်နဲ့ ကြားသိရပါတယ်။ အစိုးရသတင်းစာထဲမှာ အဲဒီ ကျောင်းသူဟာ သက်သာလာပြီလို့ ထုတ်ပြန်ပေမယ့်လည်း လူထုက ဒါအစိုးရက လိမ်နေတာလို့ နားလည်နေကြပါတယ်။

ဒီအချက်က ဘာကိုဖေါ်ပြသလဲဆိုရင် စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ကျဆုံးနေပြီဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာပါ။ သူတို့ရဲ့ ကြေငြာချက်တွေကို ပြောင်းပြန်အဓိပ္ပါယ် ကောက်ယူခြင်း ခံနေရတာဟာ အမြဲတမ်း ပြောင်ပြောင်တင်းတင်း လိမ်လည်ပြောဆို ခဲ့တဲ့အကျိုးရလဒ် တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး လူနာတွေ့ရှိပြီလို့ ကြေငြာပြီး ရက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ လူလတ်တန်းစား သားသမီးတွေ စာသင်ကြားတဲ့ ဒဂုံ ၁ ၊ လသာ ၁၊ ၂ စတဲ့ စာသင်ကျောင်းတွေက ကျောင်းသားတွေ မျက်နှာဖုံးတွေ စတင် တပ်ဆင်တာတွေ့ရပါတော့တယ်။ အချို့ကျောင်းအုပ်တွေကလည်း သူတို့ရဲ့ ကျောင်းသားတွေကို နောက်ရက်တွေမှာ မျက်နှာဖုံးတပ်ဆင်ကြဖို့ အမိန့်ထုတ်တာတွေ လုပ်ကြပါတယ်။

အဲဒီနောက်တရက်မှာတော့ မယက (မြို့နယ် ငြိမ်းချမ်းသာယာရေး ကောင်စီ) တွေက လူတွေ အထိတ်တလန့်ဖြစ်မှာစိုးလို့ ဆိုပြီး ကျောင်းသားတွေကို မတပ်ဆင်ခိုင်းဖို့ ကျောင်းအုပ်တွေကို အမိန့်ထုတ်တယ် လို့ထပ်ကြားရပြန်ပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ပါးစပ်နှာခေါင်းစည်းတွေ တပ်ဆင်ပြီး သွားလာသူတွေကို ကြိုကြားကြိုကြား တွေ့မြင်လာရပါတယ်။ အချို့တက်စီမောင်းသူတွေ၊ ဈေးသည်တွေ၊ ကားစပယ်ယာတွေ တပ်ဆင်တာ လည်းတွေ့မြင်ရပါတယ်။ သို့ပေမယ့် အဲဒီ ပါးစပ်နှာခေါင်းစည်းတွေကို ဖြုတ်လိုက်၊ ပြန်တပ်လိုက်လုပ်နေတာ၊ လက်နဲ့ကိုင်ပြီး ဖွင့်လိုက်ပြန်တပ်လိုက် လုပ်နေတာမျိုးတွေ့မြင်ရတော့ စိုးရိမ်လို့သာ တပ်ဆင်ပေမယ့် ကောင်းစွာ ကာကွယ်နိုင်ဖို့ မသေချာတာကိုလည်း တွေးမိပါတယ်။

နအဖ အစိုးရကတော့ အခု ကပ်ဘေးရောဂါနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ တဦးတည်းသာ တွေ့ရှိသေးတာကို ဂုဏ်ယူ နေပါတယ်။ အမှန်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဆိုင်ရာကာကွယ်မှု စနစ်ကောင်းလို့ မဟုတ်ပဲ ကူးလူးဆက်ဆံမှုနည်းတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အနေနဲ့ သက်သာရာရ နေတဲ့ သဘောလို့ သုံးသပ်ကြပါတယ်။

လူတုပ်ကွေးရောဂါရဲ့ သဘာဝကိုက တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးသွားလာတဲ့ ခရီးသည် တွေမှ တဆင့်ကူးစက်တာမျိုးဖြစ်ပါတယ်။ မင်္ဂလာဒုံလေဆိပ်မှာ တရက်ကို ထောင်ဂဏန်းကျော်ရုံမျှသော ခရီးသည်တွေပဲ ၀င်ထွက်မှုရှိတဲ့ အတွက်ကြောင့် ကူးစက်နိုင်ဖို့ အခွင့်အလမ်းအလွန်နည်းပါးပါတယ်။ ထိုင်းနိုင်ငံလို တရက်ကို ခရီးသည် သောင်းနဲ့ သိန်းနဲ့ ၀င်ထွက်နေမှု ရှိနေတဲ့ နိုင်ငံမျိုးမှာ ကူးစက်ဖို့ အခွင့်အလမ်းက မြန်မာနိုင်ငံထက် အဆရာနဲ့ချီပိုများတာကြောင့် လည်းဖြစ်ပါတယ်။



လူတုပ်ကွေးနဲ့ သတင်းစာကျင့်ဝတ်

မြန်မာနိုင်ငံမှာ လူတုပ်ကွေး ဖြစ်တဲ့ သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အလဲဗင်း မီဒီယာက သတင်းထောက် တဦးက အဆိုပါ လူနာထားရှိရာ အခန်းထိ ချဉ်းကပ်ပြီးဓါတ်ပုံ သွားရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို တားမြစ်ထားတဲ့ နေရာအထိ သွားရောက်ရာမှာ အစောင့်ကို လာဘ်ထိုးပြီးသွားရောက်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ပေါ်ထွက်ခဲ့ပြီး ၊ အလဲဗင်းမီဒီယာဘက် ကတော့ ဘယ်လိုနည်းနဲ့ ၀င်ရောက်သွားခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တုံ့ပြန်မပြောဆိုပါဘူး။

အဲဒီနောက်မှာ လူနာရှင်ရဲ့ နေအိမ်အနီးသို့သွားပြီး တဖန် ဓါတ်ပုံရိုက်ယူပြန်ပါတယ်။ အဲဒီနောက်မှာတော့ သက်ဆိုင်ရာတွေက ခေါ်ယူလို့ ကူးစက်ရောဂါဆေးရုံကို ပို့ဆောင်ပြီး ရောဂါကူးစက်ခြင်းရှိမရှိ စောင့်ကြည့်ခြင်းခံရတဲ့ အဖြစ်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က ဂျာနယ်လစ် အသိုင်းအ၀ိုင်းမှာ မေးမြန်းစရာ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ အခုလို ဓါတ်ပုံရဖို့ ကြိုးစားတာဟာ ဂျာနယ်လစ်ဇင် ကျင့်ဝတ်နဲ့ ညီရဲ့လား၊ လုပ်ဖို့လိုအပ်သလား၊ လုပ်သင့်သလား၊ စတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။

နိုင်ငံတကာမှာ အခုလို လူတုပ်ကွေးဖြစ်ပွားတာတွေနဲ့ ပတ်သက်ပြီး သတင်းစာတွေ တီဗီသတင်းဌါနတွေက ရေးသားဖေါ်ပြနေကြရာမှာ လူပုဂ္ဂိုလ် နာမည်အတိအကျ၊ နေရပ်လိပ်စာ အတိအကျ၊ ဓါတ်ပုံနဲ့တကွ ဖေါ်ပြကြတာ အလွန်တွေ့ရခဲပါတယ်။

ရောဂါကူးစက်ပုံ အကြောင်းရင်း၊ ဖြစ်ပွားပုံ၊ ကုသမှုခံယူနေတဲ့ နောက်ဆုံးအခြေအနေလို သတင်းအချက်အလက်တွေ ကိုသာ အာရုံစိုက်ပြီး ရေးသားဖေါ်ပြ နေကြပါတယ်။ ကူးစက်ခြင်းမခံရအောင်၊ မပြန့်ပွားအောင် နည်းလမ်းတွေ၊ ကူးစက်ခြင်းခံရတဲ့ အကြောင်းရင်းလို သတင်းအချက်အလက်တွေဟာ စာဖတ်သူအတွက် အကျိုးရှိစေနိုင်ပြီး၊ နာမည်ဘယ်သူဘယ်ဝါ၊ အိမ်လိပ်စာအတိအကျ သိရတဲ့အတွက် စာဖတ်သူ တွေအဖို့ အကျိုးကျေးဇူး ရှိလာစရာ မမြင်မိပါဘူး။

မြန်မာနိုင်ငံရဲ့ ပထမဆုံးကူးစက်ခံရသူရဲ့ ဓါတ်ပုံရဖို့၊ နာမည်အတိအကျဖေါ်ပြဖို့ ဆိုတာတွေဟာ တက်ဗလွိုက်(Tabloid) လို့ခေါ်တဲ့ အ၀ါရောင် သတင်းစာတွေရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အလားသဏ္ဍန်တူနေပါတယ်။ သတင်းစာ တစောင်နဲ့ တစောင်အကြား ငါတို့ဘယ်လောက်ထိ ရထားတယ်၊ သိတယ်ဆိုတာကို ကြွားဖို့သဘောဆန်နေတာ ကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံလို မီဒီယာ လွတ်လပ်ခွင့်မရှိသေးတဲ့ နိုင်ငံမှာ အစိုးရက ပိတ်ဆို့ထားတာကို ကြိုးစားဖေါ်ထုတ်ဖို့ အရေးကြီးပေမယ့်လည်း ယခုလိုကိစ္စမျိုးမှာတော့ လူနာရဲ့ ဓါတ်ပုံ၊ နေအိမ်ပုံ ကို ဖေါ်ပြလိုက်လို့ စာဖတ်သူအတွက် ဘယ်လို အကျိုးကျေးဇူးမျိုး ရလာမယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ အင်တာနက်



ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေက မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတယောက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ၂ကြိမ်တွေ့ဆုံခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မပြုခဲ့ပါဘူး။ နိုင်ငံရေး ပါတီ အချို့နဲသာ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။

ဒီတခေါက် မစ္စတာ ဘန်ကီမွန်း မပြန်ခင် ပြည်တွင်းက အန်ဂျီအို၊ သတင်းစာဆရာများနဲ့ တွေ့ဆုံခဲ့ရာမှာ အလွန်ပဲ စိတ်ပျက်မိတယ် ဆိုတာကို မြန်မာ့မြေက မခွာခင်ကတည်းက ပြောခဲ့ပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေး စိတ်ဝင်စားသူ တဦးကတော့“အရင်အခေါက်တွေနဲ့ မတူပဲ နအဖရဲ့ သဘောထားကို အဖြူအမည်း ကွဲပြားအောင်သိရှိသွားတာဟာ ကောင်းပါတယ်၊ နို့မဟုတ်ရင် နအဖ စစ်အစိုးရဆီက အပြုသဘောလုပ်ဆောင်ချက်တွေလာမလားလို့ မျှော်လင့်ပြီး ပြန်ပြန်သွားတဲ့ ကုလ အထူးသံတမန် ဂမ်ဘာရီကို မြန်မာလူထုက စိတ်ပျက်နေကြပြီ´´လို့ ပြောဆိုပါတယ်။

မြန်မာလူထုအနေနဲ့ ဘန်ကီမွန်းခရီးစဉ်ကြောင့်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေနိုင်မယ်လို့ စကတည်းက မမျှော်လင့်ခဲ့ကြပါဘူး။ မြန်မာပြည်သူတွေ ထင်တားသလို နအဖ စစ်ဗိုလ်ချူုပ်တွေ ခေါင်းမာတာ၊ အမြှော်အမြင်နည်းတာကို ဘန်ကီမွန်းကိုယ်တိုင် တွေ့သွားတာဟာ ကောင်းတဲ့ လက္ခဏာလို့ လှည့်ပြီးတွေးကြပါတယ်။

နိုင်ငံတကာက ပိုပြီး ဖိအားပေးဖို့၊ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်တွေချဖို့ မြန်မာလူထုက လိုလားနေကြတာကို လည်းကြားသိနေရပါတယ်။

ဘန်ကီမွန်းခရီးစဉ်နဲ့ ဆက်စပ်နေတဲ့ နောက်အကြောင်းတချက်ကတော့ စစ်အစိုးရရဲ့ လုပ်နေကြ ဖြစ်တဲ့ `ဂမ်ဘာရီလာရင် အင်တာနက်နှေးမည်´ဆိုတဲ့ ယုတ္တိ ဗေဒ သဘောတရား ဖြစ်ပါတယ်။ အခု ဘန်ကီမွန်းလာတော့လည်း အင်တာနက် လိုင်းတွေ နကိုထက် နှေးကုန်ပြီး၊ နယ်မြို့အချို့က ဒီအက်အယ်လ်လိုင်းတွေကတော့ အင်တာနက် လုံးဝ ဖြတ်တောက်ထားခြင်းကိုပါ ခံကြရပါတယ်။

ရန်ကုန်လူထုကလည်း အင်တာနက်နှေးပြီဆို ဘာအကြောင်းရှိပါလိမ့်ဆိုပြီး တန်းသတိရကြပါတယ်။ ဂမ်ဘာရီလာလို့လား၊ ဘယ်သူလာလို့လဲ ဆိုပြီး တွေးတော စဉ်းစားမိကြတာပါ။ အခုတခေါက်တော့ အင်တာနက် နှေးရုံတင်မကပဲ၊ ဂျီမေးလ်နဲ့ ဂျီတော့ခ် ကိုပါသုံးစွဲရခက်အောင် လုပ်ဆောင်နေတာ တွေ့နေရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts