>Decipher Robert Patterson Code

>

နှစ်ပေါင်း နှစ်ရာကျော် အဖြေရှာမရခဲ့တဲ့ စာဝှက်တစောင်

ကျော်ကျော်

ဇူလိုင် ၃၊ ၂၀၀၉


အမေရိကန်သမ္မတ သောမတ်စ်ဂျက်ဖာဆန် (၁၇၄၃ – ၁၈၂၆) ရဲ့ စာရွက်စာတမ်းတွေကြားမှာ အလွန်ထူးခြားပြီး စာဝှက်ရေးနည်းနဲ့ ရေးသားထားတဲ့ စာတစ်စောင်ဟာ နှစ်ပေါင်း နှစ်ရာကျော်ထိ မည်သူမှ အဓိပ္ပာယ်မဖော်နိုင်ဘဲ ရှိခဲ့ပါတယ်။ အဲဒီစာကို သမ္မတနဲ့ အမြဲတမ်းစာအဆက်အသွယ်ရှိပြီး သူငယ်ချင်းလည်းဖြစ်တဲ့ သင်္ချာပါမောက္ခ ရောဘတ်ပက်တာဆန် (Robert Patterson) က ဒီဇင်ဘာ ၁၈၀၁ နှစ်မှာ ရေးပို့ခဲ့တာပါ။ သူတို့နှစ်ဦးဟာ စာဝှက်ရေးနည်းတွေမှာ အလွန်ဝါသနာပါသူတွေဖြစ်ပြီး အဲဒီအကြောင်းတွေကို အပြန်အလှန်စာရေးပို့လေ့ရှိပါတယ်။


“စာဝှက်ရေးနည်းကို နှစ်ပေါင်းများစွာကတည်းက ပညာရှင်တွေ နိုင်ငံရေးသမားတွေ အသုံးပြုခဲ့ပေမဲ့ အလွန်ကောင်းမွန်လျှို့ဝှက်တဲ့စာကို ရေးနိုင်ခဲ့သူ မရှိပါဘူး” လို့ ပက်တာဆန်က ရေးထားပါတယ်။ ပက်တာဆန်ရဲ့ အမြင်အရ စာဝှက်ရေးနည်းဟာ အချက် လေးချက်နဲ့ ပြည့်စုံရပါမယ်။ ဘာသာစကားအားလုံးမှာ အသုံးပြုနိုင်ရမယ်၊ ရေးနည်းဟာ လွယ်ကူစွာ သင်ယူနိုင် မှတ်သားနိုင်ရမယ်၊ လွယ်ကူစွာရေးနိုင် ဖတ်နိုင်ရမယ်၊ အရေးအကြီးဆုံးအချက်က စာဝှက်ကို သတ်မှတ်ထားတဲ့လျှို့ဝှက်ချက် သို့မဟုတ် နည်းလမ်းတွေကို နားမလည်သူတွေ ဘယ်လိုနည်းနဲ့မှ အဖြေရှာမရနိုင် ဖြစ်ရမယ် လို့ ရေးထားပါတယ်။


စာနဲ့အတူ နမူနာအဖြစ် ပက်တာဆန်က စာဝှက်တစ်ခုကို ရေးထားပြီး အလွန်ခက်ခဲပြီး ပညာရှင်တွေမည်သူမှ မဖော်ထုတ်နိုင်ဘူးလို့ ရေးထားပါတယ်။ အဲဒီစာဝှက်ကို သမ္မတဂျက်ဖာဆန် ကိုယ်တိုင် သို့မဟုတ် မည်သူတစ်ယောက်ကမှ အဓိပ္ပာယ်ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတာ အထောက်အထား မရှိပါဘူး။


နှစ်ပေါင်း နှစ်ရာကျော်ကြာခဲ့တဲ့ စာဝှက်ကို အဖြေရှာနိုင်သူ မကြာခင်ကမှ ပေါ်ထွက်လာပါတယ်။ သူကတော့ အသက် ၃၆ အရွယ် ဒေါက်တာဘွဲ့ရ သင်္ချာပညာရှင် ဒေါက်တာ လော်ရင်စမစ်လင်း (Dr. Lawren Smithline) ဖြစ်ပြီး လောလောဆယ် ပရင့်စ်တန်တက္ကသိုလ်(Princeton University, NJ) ရဲ့ ဆက်သွယ်ရေးသုတေသနဌာနမှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သမ္မတဂျက်ဖာဆန်နဲ့ပတ်သက်တဲ့ သုတေသနကိုလုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က အဲဒီထူးဆန်းတဲ့ စာဝှက်အကြောင်းကို စမစ်လင်းကို ပြောပြခဲ့ပါတယ်။ စမစ်လင်းက အလွန်စိတ်ဝင်စားသွားပြီး အဲဒီစာကို အဖြေထုတ်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စမစ်လင်းဟာ ၂၀၀၇ မှာ စာဝှက်ရဲ့အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အခုမှ American Scientist နဲ့ Harvard မဂ္ဂဇင်းမှာ သူဘယ်လိုနည်းလမ်းတွေနဲ့ အဖြေရှာနိုင်ခဲ့တာကို ရှင်းပြထားပါတယ်။


ပထမဆုံး ပက်တာဆန်က စာကို ဒေါင်လိုက်ရေးပြီး ဘယ်ဖက်ကနေညာဖက်ကို ရေးသားပါတယ်။ စာထဲမှာ စာလုံးကြီး (capital letter) နဲ့ နေရာလွတ် (space) လုံးဝမသုံးထားပါဘူး။ စာက လိုင်းပေါင်း ၄၀ ရှိပြီး တလိုင်းစီမှာ စာလုံးပေါင်း ၆၀ ခန့်ရှိပါတယ်။ ပြီးတော့ စာကြောင်း ၇ ကြောင်း ကနေ ၉ ကြောင်း ကို စာပိုဒ်အဖြစ်ခွဲလိုက်ပါတယ်။ စာပိုဒ်တခုစီက စာကြောင်းတွေကို အစီအစဉ်အလိုက် နံပတ် ၁ မှ ၉ အထိ သတ်မှတ်လိုက်ပါတယ်။ အဲဒီနောက် နံပတ်သတ်မှတ်ထားတဲ့ စာကြောင်းတွေကို အထက်အောက် ရောလိုက်ပါတယ်။ ပက်တာဆန်က လွယ်ကူအောင် ကျန်တဲ့စာပိုဒ်တွေရဲ့ စာကြောင်းတွေကိုလည်း အထက်ကနည်းအတိုင်း ပုံစံတူ စီစဉ်ထားပါတယ်။ နောက်ဆုံးမှာ အထက်အောက်ရောထားတဲ့ စာကြောင်းတခုစီရဲ့ အရှေ့ဆုံးနဲ့နောက်ဆုံးမှာ စာလုံးအပိုတွေ ထပ်ဖြည့်ထားလိုက်ပါတယ်။ အဆုံးမှာ အလွန်လျှို့ဝှက်တဲ့စာတစောင် ဖြစ်သွားပါတယ်။


စာရဲ့အဓိပ္ပာယ်ကိုဖော်ထုတ်နိုင်ဖို့ စာတပိုဒ်မှာ စာကြောင်းဘယ်လောက်ရှိတယ်၊ စာကြောင်းတွေကို ဘယ်လိုနည်းနဲ့အထက်အောက်ရောထားတယ်၊ နောက်ပြီး အပိုထည့်ပေါင်းထားတဲ့စာလုံး အရေအတွက်တွေကို သိဖို့လိုတယ်။ အဓိကအချက်က ဂဏန်း ၂ လုံးပါတဲ့ နံပတ်အတွဲအစီစဉ်တွေ ဖြစ်ပါတယ်။ ပထမနံပတ်ဟာ စာကြောင်းရဲ့နံပတ်ဖြစ်ပြီး ဒုတိယနံပတ်ဟာ အပိုထည့်ထားတဲ့ စာလုံးအရေအတွက် ဖြစ်ပါတယ်။ ဥပမာ – ၅၈၊ ၇၁၊ ၃၃ ဆိုရင် ၅ ဟာ စာကြောင်းရဲ့နံပတ်ဖြစ်ပြီး ၈ ဟာ အပိုထည့်ထားတဲ့ စာလုံးဖြစ်ပြီး အဲဒီ နံပတ် ၅ စာကြောင်းကို စာပိုဒ်ရဲ့ပထမဆုံးလိုင်းကို ရွှေ့ထားပါတယ်။ ထို့အတူပဲ ၇၁ ဆိုရင် ၇ ဟာ စာကြောင်းနံပတ်၊ ၁ ဟာ အပိုစာလုံးအရေအတွက် ဖြစ်ပြီး စာပိုဒ်ရဲ့ ဒုတိယလိုင်းကို ရွှေ့ထားပါတယ်။ အဲဒီလို ဖြစ်နိုင်ခြေရှိမဲ့ စာလုံးအတွဲတွေနဲ့အစီအစဉ်တွေဟာ သန်းပေါင်း ၉၀ လောက် ရှိလိမ့်မယ်လို့ ပက်တာဆန်ရဲ့စာထဲမှာ ရေးထားပါတယ်။


စာဝှက်ဟာအလွန်ခက်ခဲမှန်းသိပေမဲ့ ဒေါက်တာစမစ်လင်းက အဖြေရအောင်ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ဖြစ်နိုင်ခြေစွမ်းသင်္ချာနည်းပညာ၊ ခန့်မှန်းချက်၊ စာလုံးစုံတွဲ၊ ကွန်ပြူတာပရိုဂရမ် စတာတွေကို အသုံးပြုခဲ့ပါတယ်။ နောက်ပြီး စမစ်လင်းဟာ သမ္မတဂျက်ဖာဆန်ရဲ့ စာပေါင်း ၈၀၀၀၀၊ သမ္မတရဲ့မိန့်ခွန်းတွေ၊ အဲဒီခေတ်အခါက စာအသုံးအနှူံးတွေကိုလည်း လေ့လာခဲ့ပါတယ်။ နည်းမျိုးစုံနဲ့ တွက်ချက်ရှာဖွေရင်း ဖြစ်နိုင်ခြေပေါင်း တစ်သိန်းလောက်အထိသာ ရှိခဲ့ပါတယ်။ “၁၉ ရာစုမှာဆိုရင် အတော်ကိုခက်ခဲပြီး အချိန်ကြာမြင့်စွာ ဖြေရှင်းရပါလိမ့်မယ်၊ ဒါပေမဲ့ အဖြေဖော်ထုတ်ဖို့ ဖြစ်နိုင်ပါတယ်” ဟု ဒေါက်တာစမစ်လင်းက ပြောပြတယ်။ တစ်ပတ်လောက်အကြာမှာ ပက်တာဆန်ရဲ့လျှို့ဝှက် နံပတ်စုံတွဲတွေ ၁၃၊ ၃၄၊ ၅၇၊ ၆၅၊ ၂၂၊ ၇၈၊ ၄၉ . . . အစရှိသဖြင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။


စာဝှက်ရဲ့အစမှာ အခုလို ပါရှိပါတယ်။ “In Congress, July Fourth, one thousand seven hundred and seventy six. A declaration by the Representatives of the United States of America in Congress assembled. When in the course of human events…”


နောက်ပြီးစာဝှက်ထဲမှာ ၁၇၇၆ အမေရိကန်လွတ်လပ်ရေးစာတမ်းရဲ့ “ အစိတ်အပိုင်းတစ်ခုကို ဂျက်ဖာဆန် ကလည်း ပါဝင်ရေးသားထားပါတယ် . . . “ လို့ ပက်တာဆန်က သူ့ သူငယ်ချင်းကို နောက်ပြောင်ရေးထားတာကိုလည်း ဒေါက်တာစမစ်လင်းက ဖော်ထုတ်နိုင်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts