အုန်းနိုင်

Ohm Naing – 8888 Uprising

ဒီမိုကရေစီ အရေးတော်ပုံ
အုန်းနိုင်
ဇူလိုင် ၅၊ ၂၀၁၃
(ဒီစာစုကို  စာရေးသူ အုန်းနိုင်က   ၈.၈.၂၀၀၄ မှာ စရေးပါတယ်..။ အပိုင်း (၅) ပိုင်းခွဲပြီး  ခေါင်းစဉ်ငယ်လေး (၁၃၀) နဲ့ ခွဲရေးထားပါတယ်။)
                                                     
(ပထမပိုင်း)
ရှစ်လေးလုံး အရေးအခင်း


၁။ ကုလား -ဗမာ ပြသနာ
၁၉၈၈ ခုနှစ်  ဇူလိုင်လနောက်ပိုင်း ရက်တွေထဲကတစ်ညမှာပေါ့..။ မြန်မာ့ရုပ်မြင်သံကြားက ညပိုင်းအစီအစဉ်မှာ ခေတ်ဟောင်း  ရုပ်ရှင်ဇာတ် လမ်းတခုကို ပြန်လည်တင်ဆက်ပါတယ်..။ ဇာတ်ကားက  စစ်ကြိုခေတ်က နံမယ်ကျော်ဇာတ်ကားဖြစ်တဲ့ ဗိုလ်အောင်ဒင်..ပါ။
ပေါင်းတည်ရဲ့   တောင်ဘက်ပိုင်းက (၁၅) လမ်းရဲ့ အနောက်ဖက်ထိပ်မှာရှိတဲ့ တီဗွီရုံတစ်ခုကလည်း အဲဒီနေ့က ရုံဖွင့်ပြီး အပြင်ဖက်ကိုထုတ် ပြပါတယ်..။ အသံကလည်း  အကျယ်ဆုံးဖွင့်ထားပါတယ်..။ ည (၁၀) နာရီကျော်ကျော်လောက်မှာတော့ ဗိုလ်အောင်ဒင်ဇာတ်လမ်းထဲ ကလည်း  ဗိုလ်အောင်ဒင်က ရာမရဲ့ အိမ်ကိုလိုက်သွားပြီး ဆုံးမတဲ့အခန်းကို ရောက်နေပါပြီ..။ ဗိုလ်အောင်ဒင်က မထေ့တထေ့ အပြုံးနဲ့ …
“ရာမ.. ရာမ  မင်း ..အတော်မိုက်တဲ့ကောင်ပဲ..” လို့ပြောရင်းကနေ စားပွဲပေါ်မှာရှိတဲ့ ငါးပွင့်ဖဲချပ်တစ်ခုကိုယူလိုက်တယ်..။ ဖဲချပ်ရဲ့   အလယ် ပွင့်ကို ဓါးနဲ့စိုက်လိုက်ပြီး  ဓါးကို  နံရံဆီကိုလှမ်းပေါက်လိုက်ပါတယ်..။ နံရံ မှာ  ငါးပွင့်ဖဲချပ်က  ဓါးနဲ့ စိုက်ပြီး ကပ်နေပါတယ်..။ ဗိုလ်အောင်ဒင်က  ခြောက်လုံးပြူးကိုထုတ်ပြီး  ဖဲချပ်ရဲ့ ကျန်တဲ့အပွင့်ကလေးတွေကို ပစ်ပြလိုက်ပါတယ်..။
“ဒိုင်း….ဒိုင်း..ဒိုင်း..ဒိုင်း ”
“ဟဲ..ဟဲ..ရာမရာ..။ ဖားတုလို့  ခရုခုန် အိုင်ပျက်ရုံသာရှိမှာပေါ့ကွ..။ ဟဲ..ဟဲ..ဗိုလ်လုပ်ချင်တဲ့သူဆိုတာ..”
“ဒိုင်း…..ဒိုင်း  ”
ဒီတခါသေနတ်သံကတော့   ဗိုလ်အောင်ဒင်ဇာတ်ကားထဲကသေနတ်သံ မဟုတ်တော့ပါဘူး..။ ရုပ်ရှင်ထဲမှာ ဗိုလ်အောင်ဒင်က စကားဆက် ပြောနေတာဖြစ်ပေမဲ့ အပြင်ကသေနတ်သံကတော့ သိပ်မဝေးတဲ့ အဲဒီလမ်းရဲ့ အရှေ့ဖက်ပိုင်းကပါ..။ ဒါကြောင့် တီဗွီပြနေတဲ့ရုံကလည်း တီဗွီ ကို ချက်ခြင်းပိတ်လိုက်ရပါတယ်..။ ခဏနေတော့ လမ်းအရှေ့ ဖက်ကနေ   အနောက်ဖက်ကိုပြေးလာတဲ့လူသံတွေကို ရုတ်ရုတ်သဲသဲ ကြားလိုက်ရပါတယ်..။ ဘာဖြစ်တာလဲ..။ဟိုဖက် လမ်းထိပ်မှာ ရဲက လူတွေကို သေနတ်နဲ့ ပစ်လို့တဲ့..။
တီဗွီကြိုးတွေ ဖြုတ်..။ အိမ်ထဲကို ကဗျာကသီ တီဗွီကြီးကို ရွှေ့ မပြီးသယ်ကြ..။ ဘာပြုလို့ ရဲက သေနတ်နဲ့ပစ်တာလဲ..လို့ မေးကြ..။ ရှုတ်ရှက် ခပ်သွားတယ်..။ ပြီးတော့မှ အသာ အလျှို အလျှို အိမ်တွေထဲဝင်ပြီး အခြေအနေကို  အကဲခတ်ကြပါတယ်..။ လမ်းအနောက်ခြမ်းမှာတော့
လူတွေရှင်းသွားပြီ..။ ဒါပေမဲ့ လမ်းအရှေ့ဘက်ခြမ်းမှာတော့ လူစုမကွဲသေးပါ..။ ရဲတွေ..။ သက်ဆိုင်ရာ..ပါတီကောင်စီက ပုဂ္ဂိုလ်တွေနဲ့  လမ်းအရှေ့ ဖက်ခြမ်းက ကုလားအများစု ကျန်နေပါတယ်..။ ရဲတယောက်မျက်လုံးကို ကက်သီးမှန်လို့..တဲ့။ (ကက်သီးဆိုတာ  လောက်လေး မှာ လောက်စာလုံးအစား..ထည့်ပစ်တဲ့ ဘိုင်စကယ်ဝင်ရိုးက ဘောကက်ပါ)။  မျက်လုံးထွက်သွားသလား…။ အုပ်ထား..။ အ၀တ်နဲ့ ..အုပ် ထား..။ ဆေးရုံ ..မြန်မြန်ပို့..။
သေနတ်က  ဘယ်သူပစ်တာလဲ..။ ဘယ်သူက ပစ်မိန့်ပေးတာလဲ..။ ကက်သီးနဲ့ပစ်တာကကော..ဘယ်သူလဲ..။ လဲ.. လဲ.. လဲ..။ လဲ ..ပေါင်း များစွာနဲ့ အဲဒီည ကုန်ဆုံးသွားပါပြီ..။ အနောက်ပိုင်းကလူတွေလဲ ဗိုလ်အောင်ဒင် ဆက်မကြည့်နိုင်ကြတော့ပါ..။ ဟို စုစု..။ ဒီ…စုစု..။ သူတို့ နဲ့ဝေးတဲ့ မြို့မြောက်ပိုင်းကတော့ တီဗွီဆက်ကြည့်နေနိုင်ပေမယ့်  ညတွင်းချင်းပဲ သတင်းက ပျံ့သွားပါတယ်..။ ကုလား – ဗမာ ရိုက်ကြလို့တဲ့။ ရဲက သေနတ်နဲ့ပစ်တာတဲ့..။ ရဲတယောက်လဲ  ကက်သီးမှန်လို့ မျက်လုံးထွက်သွားသတဲ့ .။
နောက်တနေ့ကျတော့ အတော်ပြည့်ပြည့်စုံစုံ သိလာရပါတယ်..။ ဇူလိုင်လ (၁၈) ရက်နေ့က ပြည်မြို့မှာ ကုလား- ဗမာရိုက်ပွဲတခု ဖြစ်ခဲ့ တယ်..။ အမှန်ကတော့  ဗမာမွတ်ဆလင်တွေ အရိုက်ခံရတာပါ..။ အတော်လဲ ပျက်စီးသွားကြတယ်..။ အဲဒီက မူဆလင်မိသားစုတွေဟာ  ပေါင်းတည်မြို့ ကို  ပြေးလာခဲ့ ကြပါတယ်..။ မူဆလင်အိမ်ထောင်စု များများနေကြတဲ့ (၁၅) လမ်း ရဲ့   အရှေ့ဖက်ပိုင်းမှာ  ပြေးလာသူ အများစုက မှီခိုနေကြတယ်..။အဲဒီနေရာက ဗလီ နဲ့ လဲ  နီးနေတာကိုး..။ပြည်က  မူဆလင်အိမ်ထောင်စုတွေကို အနီးအနားက ဗမာ တွေကလဲ အခြေအနေ တစေ့ တစောင်း  လာလာကြည့် နေကြတာ.ပေါ့..။အဲဒီလိုနဲ့   ..(၁၅)လမ်းအရှေ့ ဖက်ပိုင်းမှာ  လူသွားလူလာ  တွေ များလာတယ်..။ဒီတော့  အိမ်ခံမူဆလင်အရပ်လူကြီးက ရဲတွေကိုထမင်းခေါ်ကျွေးတယ်..။လဘက်ရည် ခေါ်တိုက်တယ်..။ယမကာလေး  ဘာလေးလဲ  တိုက်တယ်..။ဒီလိုနဲ့ ရဲတွေကလည်း  အဲဒီနေရာမှာ အတော်ကလေး စုမိနေကြတယ်..။ဒီိလိုဖြစ်လေ..။အနီးအပါးက ဗမာတွေကအမြင်ကပ်လေ..။အမြင်မကြည်လေ…။ပိုပြီး သွားကြ..လာကြ..။စုစု ဖြစ်လာလေ..ပေါ့။ဒီလို    အချိန်မျိုးမှာရဲကလည်း  သူတို့နိုင်ရမဲ့   လူမျိုးကိုတွေ့ ရင်    လှမ်းကြိမ်းတာမောင်းတာတွေ    ရှိတယ်ပေါ့..။ဒီိလို ကြိမ်းမောင်းသံတွေကို ကြားတော့..ဗမာတွေကလဲ  ရဲဆိုတဲ့ ကောင်တွေ.   ကုလားကျွေးတာတွေ စားပြီး  တို့ကိုလာကြိမ်းနေတယ်..ပေါ့။မူဆလင် တွေကလဲ  လူကြီးအိမ်မှာ  ရဲ တွေမပြတ်ရှိနေအောင်  ဖန်တီးထားပြီး  ရွစိရွစိ လုပ်နေကြပြန်တယ်..။မီးတွေ ထိန်နေအောင်  ထွန်းထားတဲ့ ကြားကနေ  လမ်းပေါ်ကိုလှမ်းပြီးလောက်လေးနဲ့  ပစ်တာမျိုး..။အသံမြည်မဲ့  သံပုန်းတို့ အမှိုက်ပုန်းတို့ကိုလောက်လေးနဲ့  လှမ်းပစ်တာတွေနဲ့ ..မင်းတို့ လာဝံ့ လာကြည့်  ဆိုတဲ့  အချိုးမျိုး  ချိုးကြတယ်..။
လမ်းအနောက်ဖက်ထိပ်က  မြန်မာအိမ်တအိမ်မှာလည်း  ဗမာတွေက တော်တော်စုမိလာတယ်..။လဆန်း(၆)ရက် (၇) ရက် လကလေးကလည်း  သွားလို့  လာလို့  ကောင်းရုံ..။ကြည့်လို့ ရှုလို့   ကောင်းရုံလေး.သာနေတယ်..။ခုနကလေးတင်  ဗိုလ်အောင်ဒင်  ဇာတ်ကားကလည်း  မြန်မာ့  တီဗွီ မှာပြလို့..။မြန်မာအိမ်တွေထဲမှာလည်း  တီဗွီ ကြည့်ဖို့လား  ..ဘာလားတော့  မသိဘူး..။လူတွေတော်တော်
စုမိနေကြတာ အမှန်…။ဒီတော့မူဆလင်တွေကလည်း  ရဲတွေကို  ပတ်တရောင်(Patrol) လှည့်  ပေးပါဦးပေါ့..။ရဲတွေကလည်း  လေးငါးယောက်  တအုပ်စုလောက်   စားကောင်းသောက်ကောင်းအောင်  မြန်မာတွေ စုနေတဲ့ လမ်းအနောက်ဘက်ကို  ဘိုင်စကယ်တွေ နဲ့    ပတ်စီးပြကြတယ်..။တချို့လူတွေကိုလဲ  အသံကျယ်ကျယ်နဲ့  နှုတ်ဆက်တယ်..။တို့ ရဲတွေ ဒီမှာရှိနေတယ်..ဆိုတာမျိုး.။မင်းတို့  ရုတ်ရုတ်  ရုတ်ရုတ်  မလုပ်နဲ့   ဆိုတဲ့ ပုံစံမျိုးပေါ့..။ဒါပေမဲ့ ကြောက်အောင် ခြောက်တာကနေ  ဆွပေးသလို  ဖြစ်ပြီး  လူတွေပိုစုမိလာပါတယ်..။အိမ်ထဲတွေကနေ  လမ်းပေါ်တွေကို  လူတွေ ရောက်လာကြတယ်..။လ..ကလဲ  ၀င်သွားပြီ..။တီဗွီဇာတ်လမ်းထဲမှာလည်း  ဗိုလ်အောင်ဒင်က  ရာမ  အိမ်ကို လိုက်သွားပြီ..။လမ်းအနောက်ခြမ်း မှာ  စုမိနေတဲ့ လူအုပ်ကလည်း  အရှေ့ ဘက်ခြမ်းကိုတရွေ့ ရွေ့   တိုးလာပြီ..။လမ်း အရှေ့ ဖက်က  မူဆလင်တွေကလည်း  အိမ်တွေထဲကထွက်လာပြီး  လူစုနေပြီ။
သူတို့ ရှေ့ မှာတော့  ရဲတွေရှိနေတယ်..။ရဲတွေကလည်း  စခန်းကိုပြန်အကြောင်းကြားတယ်..။မူဆလင် အရပ်လူကြီး  ကလည်း   သူ့ ရပ်ကွက် ကောင်စီ ဥက္ကဌ ဆီကိုအကြောင်းကြားတယ်..။ကုလားနဲ့  ဗမာတွေ စောင်နေပြီ..။ရိုက်ကြကေို  ဖုန်းဆက် အကြောင်းကြားတယ်..။ဒီလိုနဲ့  အဲဒီနေရာမှာလူအုပ်စုနှစ်စုနဲ့  ရဲ၊ကောင်စီ၊ပါတီစတဲ့  အာဏာပိုင်တွေလဲ စုမိနေကြပြီ..။ရပ်ကွက်ကောင်စီ ဥက္ကဌ က   လူအုပ်စုနှစ်ခုကြားမှာ ဟိုဖက်သွားလိုက်ဒီဖက် သွားလိုက်..။ဒီဘက်အုပ်စုက ပြောတာ..ဟိုဘက် အုပ်စုကိုပြန်ပြောလိုက်..။ဟိုဖက်အုပ်စု စကား.ဒီဖက်လာပြောလိုက်..နဲ့ လူအုပ်ချင်းက  တဖြေးဖြေး  နီးလာတယ်..။ဒီအချိန်မှာပဲဘယ်က  စလိုက်တယ်  မသိဘူး..။လောက်လေး  ပစ်သံတွေ..ဗျတ်..ဗျတ်..ဗျတ်..။လောက်စာလုံး မှန်သံတွေကဘုတ်..ဘုတ်….ဂွပ်….။
အဲဒီအချိန်မှာပဲ   “ အောင်မလေးဗျ..”  လို့  အော်သံကြားလိုက်ပြီး    ရဲတယောက် မျက်လုံးကိုကက်သီး မှန် သွားတော့ တာပါပဲ..။ဆက်တိုက်  သေနတ်သံ နှစ်ချက်ပေါ်လာပြီး..။တဖက်နဲ့  တဖက်  ကိုယ်ထိလက်ရောက်  မရိုက်လိုက်ရပဲ  လူစုကွဲ သွားပါတော့တယ်..။သန်းကောင်ကျော်
လင်း အားကြီးအချိန်မှာတော့   ရဲတွေက  မျက်မှန်းတန်းမိ  ထားတဲ့   သူတွေကို  အိမ်တွေထဲ ၀င်ဆွဲလို့  ခြေထောက်ရွှံ့ ပေနေသူလေးငါး ယောက်လောက်    ရဲစခန်းကို  ရောက်သွားကြတယ်..။အစစ်အဆေး  အမေးအမြန်း  ခံလိုက်ရတယ်..။

(၂။ သေနတ် ပစ်မိန့်ဘယ်သူပေးသလဲ..ကို  ဆက်ပါမယ်..)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts