>May Nyane – Burmese Charity Event in Mary Land

>

မေရီလန်း မင်္ဂလာရာမက မြန်မာတို့အလှူ

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကောင်းမှု ဒေါ်လာ ၆၄၀

မေငြိမ်း

ဇွန် ၂၀၊ ၂၀၀၉

အဲဒီနေ့က ဇွန်လ ၁၄ရက်နေ့၊ တနင်္ဂနွေနေ့။ အမေရိကန်ပြည်ထောင်စုရဲ့ မေရီလန်ပြည်နယ်က မင်္ဂလာရာမ ကျောင်းတိုက်မှာ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့အတွက် မြေသန့်ပွဲ အထိမ်းအမှတ် အလှူ။ စတုဒီသာကျွေးမှာ.. တဲ့။ ကိုယ့်အမိတိုင်းပြည်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှာပေမဲ့ ဘာသာရေးအငွေ့အသက်.. လူမျိုးအငွေ့အသက်.. ယဉ်ကျေးမှု အငွေ့အသက်လေးတွေ တွေ့ရတဲ့ ပွဲလမ်းအခမ်းအနားမို့ ကျမလည်း ပါဝင်လှူဒါန်းဖို့ စိတ်သန်နေမိပါတယ်။ ပြီးတော့ သားသမီးတွေ ကိုယ့်နိုင်ငံအစဉ်အလာ ဘာသာရေး ယဉ်ကျေးမှုတွေကို မမေ့မလျော့ဖို့အရေးပေါ့..။

ရဟန်းတော်တွေက မြေသန့်မင်္ဂလာအထိမ်းအမှတ်နဲ့ ပရိတ်တရားဒေသနာတော်တွေ ရွတ်ဖတ် သရစ္ဇျာယ်..။ နောက်တော့ ဆွမ်းဘုဉ်း.. တရားရေအေး တိုက်ကျွေး..။ နောက်တော့ သံဃာတော်တွေ စီတန်းကြွချီလာတာကို သိမ်ဆင်း လောင်းကြရပါတယ်။ ကျမစိတ်ထဲ တကယ်ပဲ ကြည်ကြည်နှူးနှူး ချမ်းချမ်းမြေ့မြေ့ ခံစားနေရပါတယ်။ ဘုန်းကြီးကျောင်းတ၀င်းလုံး မြန်မာ စကားသံတွေ အုံးအုံးထ။ အားလုံး အလှူအတန်းထဲမှာ ပျော်ပျော်ရွှင်ရွှင်။ ရဟန်းတော်တွေကို သိမ်ဆင်းလောင်းပြီးတဲ့နောက် မင်္ဂလာရာမကျောင်းရဲ့ နာယက အလှူရှင်တွေထဲက အလှူ အထ မြောက်တဲ့ အထိမ်းအမှတ်နဲ့ ကျောင်းဓမ္မာရုံပေါ်ကနေ ရတနာ ရွှေမိုး ငွေမိုး ရွာတယ် ရယ်လို့ တကယ့်ကို မြန်မာဆန်ဆန် ပိုက်ဆံတွေ.. Fancy ဆွဲကြိုး လက်ကောက် လှလှလေးတွေ.. ချော့ကလက် သကြားလုံးတွေ ကျဲဝေပါတယ်။ အဲဒီတော့ လည်း လူကြီး တွေရော လူငယ်တွေရော ကလေးတွေပါ တပျော်တပါး လုကောက်ကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အလွမ်းပြေ အမှတ်တရဖြစ်စေတာတော့ အမှန်ပါပဲ။

ဘုန်းကြီးကျောင်း တ၀င်းလုံး အပြည့် စတုဒီသာမဏ္ဍပ်တွေ ဘေးဘယ်ညာ ထိပ်နောက် အပြည့်။ မုန့်ဟင်းခါး၊ ဒံပေါက်၊ ချစ်တီးထမင်းဟင်း၊ ရှမ်းခေါက်ဆွဲ၊ ၀က်သားတုတ်ထိုး ကြာဇံသုပ်၊ အကြော်စုံ၊ လက်ဘက်ရည်၊ အအေးစုံ၊ ဖာလူဒါ၊ ကြက်သားပလာတာ၊ ထိုးမုန့် ဟာလ၀ါ ဆနွင်းမကင်း ကျောက်ကျောအပါအ၀င် မုန့်အချိုမျိုးစုံ၊ ကိတ်မုန့်တွေတောင် ပါသေး။ ထိုင်းရိုးရာ သင်္ဘောသီးထောင်းပါ မကျန်။ စမူဆာသုပ်၊ ပဲကုလားသုပ်၊ အမျိုးအမည် တွေတောင် အစုံ မမှတ်မိချင်တော့။

အဲဒီထဲ ထူးခြားတာလေးကတော့ လူငယ်တွေ လက်လှမ်းမီသလောက် စုပြီး လှူကြတဲ့ တီရှပ်အကျီင်္အလှူပါ။ Free Daw Aung San Suu Kyi and Burma ဆိုတဲ့ စာတန်းနဲ့ ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်အဖြူရောင်တွေကို လှူတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ၁၉ရက်နေ့မှာ ကျရောက်တော့မယ့် ၆၄နှစ်ပြည့် မွေးနေ့ကို ရည်စူးပြီး အ၀တ်အထည်လှူတာလို့ ပြောပါတယ်။ နောက် အဲဒီ လူငယ်အဖွဲ့ကပဲ ကမကထ လုပ်ပြီး ကျောင်းဆောင်သစ်အတွက် “ဒေါ်အောင်ဆန်းစုကြည် ကောင်းမှု” ဆိုပြီး ဒေါ်လာ ၆၄၀ လှူပါတယ်။

တချို့ကတော့ ဒါကို ဘာသာရေးပွဲထဲ နိုင်ငံရေးရောတယ်လို့ ဝေဖန်ပါတယ်။ တကယ်တော့ ကျမတို့တိုင်းပြည်မှာက နိုင်ငံရေးနဲ့ ဘာသာရေး.. ပြည်သူလူထုအကျပ်အတည်းထဲ ရဟန်း သံဃာတွေ ၀င်ပါခဲ့ရတာဟာ ခေတ်အဆက်ဆက် သမိုင်းကြောင်း တလျှောက်ကနေ ဒီကနေ့ထက်ထိ အမြဲ တွဲနေခဲ့တာပါ..။ ပြီးတော့ နိုင်ငံရေးတရား ဟောတာတွေ ဘာတွေ မဟုတ်ဘဲ.. အလှူမဏ္ဍပ်မှာ အ၀တ်အထည်အလှူပြုတာကို နိုင်ငံရေးလို့ နာမည်တပ်ပြီး ဝေဖန်ချင်တာ.. ဘာကြောင့်လဲ.. ကျမတော့ သိပ် နားမလည်ပါ။

တကယ်လို့ ဒေါ်စုပုံပါတာ နိုင်ငံရေးပေါ့လို့ ပြောလာရင်လည်း ကျမက အဲဒီတော့ ဘာဖြစ်ပါသလဲလို့ ပြန်ပြီး မေးခွန်း ထုတ်ရမှာပါ။ ကျမတို့ တိုင်းပြည် မလွတ်လပ်သေးသရွေ့တော့ အချိန်တိုင်း နေရာတိုင်း အလုပ်တိုင်းမှာ ကျမတို့ နိုင်ငံအရေး ကိစ္စကို အမြဲ တွဲလုပ်နေရမှာပဲ မဟုတ်ပါလား။

ဒါဟာ ဘယ်လောက်မှ မထိရောက်ဘူးလို့ ဆိုတဲ့သူက ဆိုကြပါစေ … ကိုယ့်နိုင်ငံကို အဝေးကနေ မမေ့မလျော့ ရှိကြောင်း၊ အမျိုးဘာသာသာသနာ့ဂုဏ်.. ယဉ်ကျေးမှုဂုဏ်တွေကို ထိန်းသိမ်းကြောင်း၊ ပြီးတော့ ကိုယ့်နိုင်ငံသားတွေရဲ့ ဒုက္ခနဲ့ ကိုယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ကျေးဇူးကို မမေ့မလျော့ရှိကြောင်း ပြသရာတော့ ရောက်တာမို့ တနိုင်တပိုင် လုပ်သင့်တဲ့ အလုပ်တခုပဲ မဟုတ်ပါလားရှင်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts