>June 12, Infront of Insein Prison

>

ယနေ့ အင်းစိန်ထောင်ရှေ့ အခြေအနေ

မိုးမခအထောက်တော်၊ ရန်ကုန်

ဇွန် ၁၂၊ ၂၀၀၉

ယနေ့ အင်းစိန်ထောင် အနီး တစ်ဝိုက် လုံခြုံရေး အခြေ အနေသည် ယခင်ကထက် ပိုမို တင်းကျပ်ထားသည်ကို တွေ့ရသည်။ အင်းစိန်ပန်းခြံရှေ့နှင့် အင်းစိန် ဂုံးတံတား အတက် နေရာများတွင် သံဆူးကြိုး အတားအဆီးများ ကာရံထားပြီး ယာဉ်ထိန်းရဲများ နှင့် အတူ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ အပြည့် တင်ဆောင်ထားသည့် ရဲကား ခုနစ်စီးခန့် နေရာယူထားသည်။

အင်းစိန် ကုန်းကျော်တံတား အဆင်း (အင်းစိန်ဈေးဘက်) မှ စတင်ကာ ကားခေါင်းခန်းတွင် ရဲအရာရှိ တစ်ဦးစီ ပါဝင်သော လုံထိန်းကား အပြာများ ငါးစီးစီ လမ်း တစ်ဖက်တစ်ချက်မှာ နေရာယူုထားကြသည်။

ယခင် နေ့ရက်များက အန်အယ်လ်ဒီ ပါတီဝင်များ စောင့်ဆိုင်း နေရာယူလေ့ရှိသည့် အင်းစိန်ဈေးရှေ့ရှိ ထိပ်တန်း အပေါင်ဆိုင် ရှေ့တွင် လက်နက်များ ကိုင်ဆောင်ထားသော ရဲများက လေးပေခြားစီ နှစ်တန်း နေရာ ယူထားကြသည်။ မည်သူ့ကိုမှ အ၀င် မခံတော့သည်ကို တွေ့ရသည်။

အင်းစိန် မီးသတ်ရှေ့နှင့် ဈေးရှေ့တစ်ဝိုက်တွင် ယခင်က ကဲ့သို့ လာရောက်ကြည့်ရှုသူများ အတွက် ထိုင်စရာ နားနေစရာ မရှိတော့ပေ။

ပေါက်တောဝဘက်မှ စွမ်းအားရှင်များ အပြည့် တင်ဆောင်ထားသည့် ဒိုင်နာကားများ တစ်စီးပြီး တစ်စီး သံဆူးကြိုး အတားအဆီးများ အတွင်းသို့ ၀င်သွားကြပြီး အင်းစိန်ထောင် ရှေ့တွင် စုဝေးနေရာယူထားကြသည်ကို တွေ့ရသည်။

စောင့်ကြပ်နေသူများတွင် ရဲ အရာရှိများကို ယခင်နေ့များထက် ပိုမို တွေ့ရှိရသည်။

သံဆူးကြိုး အတားအဆီးများသို့ ရောက်လာသော ဖြတ်သွား ဖြတ်လာများကို နောက်ကြောင်း ပြန်လှည့်ပြီး အခြား တစ်လမ်းမှ သွားရန် ပြောဆိုနေသူများတွင် အသက် ၁၁ အရွယ် ယောက်ျားလေး တစ်ဦးကိုလည်း တွေ့ရှိရသည်။

ညနေတွင် ရုံးချိန်းကို ၂၆ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြန်သောကြောင့် အမှု အကြောင်း စောင့် နားထောင်နေသည့် ရန်ကုန်မြို့ခံများ စိတ်ပျက်သွားကြသည်ကို ကြားသိရသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဥပဒေ နည်းလမ်းထဲမှ တတ်နိုင်သရွေ့ တရားနည်းလမ်း ကျအောင် တောင်းဆိုသွားမည့် သဘော ယခု အချိန်ထိ မြင်တွေ့နေရပြီး နအဖ ဘက်မှမူ အချိန်ဆွဲကာ လူထုနှင့် ပြည်ပ အစိုးရ အဖွဲ့အစည်းများ သွေးအေးသွားမည့် အနေအထားကို မျှော်လင့်နေပုံရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts