>ILO tells Burma to stop forced labor

>

လုပ်အားပေးခိုင်းစေခြင်း အဆုံးသတ်ရန် ILO က စစ်အစိုးရကို တောင်းဆို
Reuters သတင်းဌာန
ဇွန် ၆၊ ၂၀၀၉
မြန်မာပြည်မှ လုပ်အားပေးနေရသူ ပြည်သူတချို့ (ဓာတ်ပုံ – KHRG)


လုပ်အားပေးရန် ခိုင်းစေခြင်းများကို ရပ်ဆိုင်းရန် ILO ကမ္ဘာ့အလုပ်သမားအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ မြန်မာအစိုးရ၏ လုပ်အားပေး ခိုင်းစေမှု အဆုံးသတ်ရေး ဆောင်ရွက်ချက်များမှာ လုံလောက်ခြင်း လုံးဝ မရှိဟုလည်း ILO က ပြောလိုက်သည်။

တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများအပြင် မြန်မာ့ တပ်မတော်အတွက် အထမ်းသမား (ပေါ်တာ) အဖြစ် ကျေးလက် လူထုကို ခိုင်းစေနေခြင်းနှင့် ပတ်သက်ပြီး ILO က မြန်မာ အစိုးရကို ၁၀ နှစ်ကျော်ကြာ ဆန့်ကျင် ကန့်ကွက်လျက်ရှိသည်။

အရွယ် မရောက်သေးသူများကို တပ်မတော် အတွင်း သွပ်သွင်းမှု တားဆီးရေးနှင့် ပတ်သက်ပြီး စစ်အစိုးရက အနည်းငယ် ဆောင်ရွက်နေခြင်းကိုလည်း အသိအမှတ် ပြုလိုက်သည်။ အဆိုပါ စစ်သားစုဆောင်းရေး နှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ရန်လည်း ဆောင်ရွက်မှု တချို့ ရှိကြောင်းကိုလည်း ထုတ်ဖော် ပြောကြားလိုက်သည်။ တိုင်ကြားနိုင်ရေး အစီအစဉ်ကို တနှစ် တိုးချဲ့ထားသည်။

သို့သော်လည်း ဆောင်ရွက်ချက်များမှာ နည်းပါးနေသေးသည်ဟု ဆိုသည်။

လုပ်အားပေးခိုင်းခြင်းကို တည်ဆဲဥပဒေ နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်တွင် ထည့်သွင်း တားဆီးပေးရမည်ဟုလည်း တိုက်တွန်းလိုက်သည်။ လုပ်အားပေး တားဆီးမိန့်ကို လူသိထင်ရှား ထုတ်ပြန်ရန်၊ လုပ်အားပေးခိုင်းသူကို အရေးယူရန်၊ လုပ်အားပေးနှင့် ပတ်သက်ပြီး တိုင်ကြားသူများ၊ တိုင်ကြားရေးအတွက် ကူညီသူများအား ဒုက္ခပေးခြင်းများကို ရပ်တန့်ရန် တို့ကို ဆောင်ရွက်ရမည်ဟုလည်း တိုက်တွန်းလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ မြန်မာသံအမတ် ဦးဝဏ္ဏမောင်လွင်က မြန်မာအစိုးက လုပ်အားပေး ခိုင်းစေခြင်းများ နိုင်ငံအတွင်း ပပျောက်သွားရေးအတွက် ILO အဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်ဆဲ ဖြစ်ပြီး ဆက်လက် ပူးပေါင်းသွားမည်ဟု တုံ့ပြန်လိုက်သည်။

သို့သော်လည်း ILO ညီလာခံတွင် တက်ရောက်နေသော အလုပ်သမား ကိုယ်စားလှယ်များ၊ အနောက် နိုင်ငံအစိုးရများက သူ၏ ဖြေရှင်းချက်များကို သဘောတူခြင်း မရှိပေ။
၂၀၀၇ ခုနှစ်မှ ယနေ့အထိ လုပ်အားပေးနှင့် ပတ်သက်သည့် တိုင်ကြားစာပေါင်း ၁၅၂ ခု သာ ရကြောင်း ILO ၏ မြန်မာ ပြည်ဆိုင်ရာ ဆက်သွယ်ရေး အရာရှိ စတိဗ်မာရှယ်က ပြောသည်။

“အစိုးရက ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတဲ့ ပုံမျိုး ပေါ်ရုံလောက်ပဲ သံတမန်ရေး ကျားကွက် ရွှေ့နေတာပါ။ ညီလာခံထဲမှာ ဘယ်သူမှ အရူးထပြီး မယုံကြပါဘူး” ဟု အလုပ်ရှင် ကိုယ်စားလှယ် တဦးဖြစ်သူ Edward Potter က ပြောသည်။

အလုပ်သမား ကိုယ်စားလှယ်များကလည်း မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ မပြုကြရန် တောင်းဆိုကြသည်။

သို့သော်လည်း မြန်မာ အစိုးရသည် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ရရှိထားသည်။ မြန်မာပြည်သည် တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လမ်းကြောင်း နှင့် ကုန်ကြမ်းပစ္စည်း ရရှိရန် အသုံးဝင်သည်။

အိန္ဒိယနိုင်ငံကလည်း မြန်မာပြည်ကို ဝေဖန်မှုများ မပြုတော့ပေ၊ တရုတ်နိုင်ငံ၏ သြဇာ မြန်မာပြည်တွင် ကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts