ဆောင်းလူ

Saung Luu – My name is Maung Ba Nyunt (Essay)

ကျနော့်နာမည် မောင်ဘညွန့် (၆)
ဆောင်းလူ
ဇူလိုင် ၆၊ ၂၀၁၃


…. ….
…. ….

နေဆိုတာလည်း
တစ်နေ့ဝင် တစ်နေ့ထွက်သလို
ဘ၀ဆိုတာလည်း
ရေမြင့်ရာ ကြာတင့်ဆိုသလို
မျက်စိသူငယ် နားသူငယ်နဲ့
အခြေမြင့်တဲ့
ရေမီးအစုံ ၀င်ဒါမီယာရပ်ကွက်ဘုံပေါ်ကိုရောက်ပြန်တော့
တစ်ဖြိုက် နှစ်ဖြိုက်နဲ့ မိုးဝင်လိုက်ရင်ဖြင့်
အိမ်ထဲရေလျှံ ပင်လယ်ပုံသဏ္ဍာန်မှာ
ငါးလောက် ငါးလန်းတွေ ပျော်မြူးပေမယ့်
ကျုပ်တို့ခမျာမှာတော့
ကျူးကျော်တဲတွေကို အခမဲ့ငေးရင်း
ရမ်တစ်ပက် ဆော်ဒါတစ်စက်အတွက်
စောင့်လိုက်ရတာလည်း အမော…။

ဒီလိုနဲ့ ထွက်သူတွေထွက် ၀င်သူတွေဝင်နဲ့ မောင်ဘညွှန့်တို့ သတင်းစာတိုက်ကြီးဟာလည်း အပြောင်းတွေ အလဲတွေကြားမှာ တရွေ့ရွေ့နဲ့ ရှေ့ခရီးဆက်နှင်နေဆဲပါ။ နယ်စပ်မြို့လေးနဲ့ ဆိုင်ကယ်နဲ့သွားရင် ၁၅ မိနစ်သာသာလောက်သွားရတဲ့ ငြိမ်းချမ်းလှတဲ့ တောဇနပုဒ်လေးကို စွန့်ခွာပြီး ရေတွေ ..မီးတွေ အစုံအလင်ရှိတဲ့ မြို့ပေါ်ရပ်ကွက်လေးတခုဆီကို ရွေ့ကြရပါတယ်။ သူတစ်ပါးနိုင်ငံဆိုပေမယ့် အဲ့ဒီရပ်ကွက်ကလေး မှာတော့ အတိုက်အခံအဖွဲ့စုံနေတဲ့ ရပ်ကွက်လိုပါပဲ။ ရွှေ့ပြောင်းအလုပ်သမားအနည်းအကျဉ်းကိုလည်း တွေ့ရတတ်ပါတယ်။ 
အယ်ချုပ်ရဲ့စီမံမှုနဲ့ မောင်ဘညွှန့်တို့တသိုက် ၀င်ဒါမီယာရပ်ကွက်ပေါ် ရောက်ခဲ့ပေမယ့် .. တချို့တ၀က်လည်း ဇနပုဒ်လေးမှာ ကျန်ခဲ့ကြပါတယ်။ မောင်ဘညွှန့်တို့တသိုက် ၀င်ဒါမီယာရပ်ကွက်ပေါ်မှာ လစဉ်ထုတ်သတင်းစာအတွက် လုံးပန်းနေတဲ့အချိန် ဇနပုဒ်ရွာလေးမှာကျန်ခဲ့တဲ့ ရဲဘော်တသိုက်ကတော့ အမာခံရိက္ခာအတွက် သီးနှံတွေ ဆက်လက်စိုက်ပျိုးလို့ပေါ့ …။ နောက်က သူတို့ပံ့ပိုးပေးတဲ့ ဗူး၊ ဖရုံ၊ ကန်းစွန်း၊ ချဉ်ပေါင်နဲ့ .. မြို့ပေါ်က မောင်ဘညွှန့်တို့ရိက္ခာကို ဖြည့်ဆည်းခဲ့ရသလို .. မောင်ဘညွှန့်တို့ကလည်း .. ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကိုထောက်ခံရင်း .. မင်းဆိုးကို မိုးကြိုးပစ်ခဲ့ကြတာပေါ့ ..။ 
မောင်ဘညွှန့်တို့နေတဲ့ ၀င်ဒါမီယာရပ်ကွက်ကလေးက တကယ်ပဲ ရေမီး အစုံ ပါပါတယ်။ ဒီဝင်ဒါမီယာရပ်ကွက်ရဲ့နောက်မှာ လယ်ကွင်း လယ်ကွက်တွေပဲ ရှိပါတယ်။ မိုးတဖြိုက် နှစ်ဖြိုက်လောက်ရွာလိုက်ပြီဆို .. ၀င်ဒါမီယာရပ်ကွက်ရဲ့ လမ်းပေါ်မှာတော့ ရေအဖွေးသားပေါ့။ မြောင်းရေ ချောင်းရေနဲ့အတူ ငါးလောက် ငါးလန်းတွေက အူးမြူးလို့ ..။ မောင်ဘညွှန့်တို့ကလည်း မြို့ပေါ်ရောက်လေပြီဆိုတော့ ဇနပုဒ်က လောကနတ်၊ ကြက်ဖ စလို အမျိုးစုံတဲ့ လောက်ခေါင် ခေါ် ထိုင်းချက်အရက်ဖြူတွေကို မေ့သလိုလိုဖြစ်လို့ .. ရမ်တို့ ဆော်ဒါတို့ တတတ်ကုန်ပြီ …။ အပြောင်းအလဲတွေအောက် အလျင်မှီအောင် လိုက်ပြောင်းနေလိုက်ရတာ …။
… …

ဒါနဲ့ပဲ
ဘ၀တစ်ကွေ့မှာ
တောပြောင်းသွားကြတဲ့
ဟိုးတောထဲက ကောင်တွေ
ရောက်ရောက်လာရင်ဖြင့်
ညနေ ညဘက် ပေါက်ပေါက်ဖောက်
ခေါက်ဆွဲခြောက်နဲ့ ပြီးတဲ့ညတွေလည်း မနည်းခဲ့ပေါ့ …။

တမူထူးတဲ့ …
ဒီကောင်တွေရောက်ရင်ဖြင့်
မနေတတ် မထိုင်တတ်နဲ့
အိမ်အရှေ့ ရေစပ်စပ်က ကိုင်းတောစုတ်ကို
တစ်ပင်ခုတ် နှစ်ပင်ခုတ်နဲ့
ကျန်ခဲ့တဲ့သူတွေခမျာ
ကျူငုတ်ရှင်းရတာလည်း မစားသာပေါ့ …။

ဒီလိုနဲ့မောင်ဘညွှန့်တို့လည်း မြို့ပေါ်ရပ်ကွက်လေးမှာ အခြေကျနေထိုင်ရင်း .. မောင်ဘညွှန့်တို့အဖွဲ့တွေ တောပြောင်းဖို့ အကြောင်းဖန်လာ ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး အစီအစဉ်နဲ့ .. နယ်စပ်မြို့ပေါ်မှာ ဒုက္ခသည် အသိအမှတ်ပြုလက်မှတ်ကိုင်ဆောင်ထားသူတွေကို စခန်းသွင်းပါတော့မယ်။ အသိအမှတ်ပြုလက်မှတ်လေးတွေ ကိုင်ထားပြီး လူ သုံးလေးဆယ်လောက်ရှိတဲ့ မောင်ဘညွှန့်တို့ သတင်းစာတိုက်ကြီးက တော်တော်များများ စခန်းဝင်ဖို့ ပြင်ကြ ဆင်ကြပေါ့။ မောင်ဘညွှန့်တို့ဆီမှာက နိုင်ငံရေးမိသားစုအသိုင်းအ၀န်းက လာတဲ့သူတွေများပါတယ်။ ဒီတော့ နိုင်ငံရေးဒုက္ခသည်များ ပါတယ်။ တချို့လည်း မဟုတ်ကြပါဘူး။ နီးစပ်ရာ လာကြတာပါ။ 
အဖေနိုင်ငံရေးအလုပ်တွေ လုပ်လေတော့ မောင်ဘညွှန့်လည်း ပြည်တွင်းမှာတုန်းက အထိုက်အလျောက်ခံခဲ့ရပါတယ်။ ဥပမာ ပညာရေးတို့ .. အားကစားတို့မှာ ခံခဲ့ရပါတယ်။ မောင်ဘညွှန့် ဘောလုံးကန်ဝါသနာပါသလို .. ကျောင်းအားကစားပွဲတွေမှာ အဖေနိုင်ငံရေးသမားမို့ အမြဲချန်ထားခံရပါတယ်။ ဒါ့ကြောင့် မောင်ဘညွှန့်လည်း လိုချင်တာ သင်ချင်တာတွေ ရှိတဲ့အတွက် သူတစ်ပါး တိုင်းပြည်ရောက်ခဲ့ရတာပါ။ ဟိုမှာ သင်လို့မရတာ သင်ပြီးရင် ပြန်မယ်ဆိုတဲ့ ရည်ရွယ်ချက်တခုပါပဲ ..ဘာ နိုင်ငံရေးမှ မလုပ်ခဲ့ပါဘူး။ အဖေနိုင်ငံရေးလုပ်လို့ နိုင်ငံရေးဒုက္ခသည်လုပ်ရမှာကို လိပ်ပြာမသန့်သလိုဖြစ်တာနဲ့ .. မလုပ်ခဲ့ပါဘူး။ ဒါတောင် မိန်းမယူတော့ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ရပါသေးတယ်…။ နောက်ဆုံး မိန်းမသဘောထားကြီးလို့ ဗမာနိုင်ငံသားဘ၀နဲ့ ဆက်လက်ရပ်တည်နေနိုင်တာပါ။ 
နောက်ဆုံး မောင်ဘညွှန့်တို့ သတင်းစာတိုက်မှာ မသွားပါဘူးဆိုပြီး ဆုံးဖြတ်ချက်နဲ့ နေခဲ့တာ မောင်ဘညွှန့်ရယ်၊ မောင်နေသွင်ရယ် ကျန်ခဲ့ပါတယ်။ အဲ့အချိန်က သူက အယ်ဒီတာ … ကိုယ်က လေးအောက်ဒီဇိုင်နာ … အလုပ်အတူ တွဲလုပ်နေတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်း တခြားစာစောင်တွေမှာလည်း တွဲလုပ်ခဲ့ဖူးပါတယ်။
ဒုက္ခသည်စခန်းထဲရောက်သွားကြပြီဆိုတော့ .. သိတဲ့အတိုင်းပါပဲ ..။ အကန့်တွေ အသတ်တွေနဲ့ ..။ ၀င်ချင်တိုင်း ၀င် ..။ ထွက်ချင်တိုင်း ထွက်ဖို့ဆိုတာ မလွယ်ပါဘူး ..။ ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူးဆီကို သွားလာခွင့်တောင်း၊ သွားလာခွင့်ရပြီဆိုမှ .. လမ်းခရီးအတွက် စိတ်ချရတာပါ ..။ နို့ဖိုးဆိုတဲ့စခန်းကလည်း မလွယ်ပါဘူး ..။ တောင်အထပ်ထပ်ပေါ်မှာ လမ်းဖောက်ထားတာကို ဖြတ်သွားရတာဆိုတော့ အင်မတန်မှ အန္တရာယ်များတဲ့ လမ်းပါ။ ဒါတောင် တခေါက်ရောက်သွားခဲ့ဖူးလို့သိနေရတာ …။ မောင်ဘညွှန့် ကဗျာစရေးဖြစ်တာလည်း .. အဲ့ဒီစခန်းထဲရောက်မှပါပဲ။ စရေးတဲ့ ကဗျာ .. ခေတ်ပြိုင်အင်တာနက်စာမျက်နှာပို့လိုက်တာ .. ရွေးလိုက်လေတော့ .. စာမူခလည်းရလေတော့ ကဗျာရေးချင်စိတ်ကို စေ့ဆော်လိုက်သလိုပါပဲ။ တပုဒ် ၅၀၀ ဆိုတာကလည်း မနည်းပါဘူး။ အိတ်ကပ်ထဲ ရာဂဏာန်းတောင် အပြည့်မကိုင်ဘူးတဲ့ မောင်ဘညွှန့်အတွက်တော့ … မမြင်ဘူးတော့ .. ချောင်းကို မြစ်ထင်ခဲ့ရတဲ့ ကာလပါပဲ။
စခန်းထဲရောက်သွားတဲ့ ရဲဘော်တွေက မြို့ပေါ်တက်လာရင် … အရက်ဖြူလေးတွေနဲ့ ၀ိုင်းတွေ ဖွဲ့ကြ၊ နောက် ပေါက်ပေါက်တွေ ဖောက်ပေါ့။ ရှေးဟောင်းနှောင်းဖြစ်တွေရော .. မရှေးဟောင်း မနှောင်းဖြစ်တာတွေရော .. ပြောချင်တာပြောပေါ့။ အချိန်လွန်အောင်သောက်မိရင်တော့ အပေါက်အလမ်း မတည့်ရင် ထရန်ဖြစ်ကြ .. ထိုးကြ ကြိတ်ကြနဲ့ ..။ နောက်နေ့မနက်ရောက်တော့ ဟေးလား ၀ါးလားနဲ့ .. သူဆောရီး ..ကိုယ်ဆောရီးနဲ့ ပြီးသွားကြတာချည်းပါပဲ။ 
သို့ပေမယ့် ကိုယ်တော်တွေရောက်လာရင် အငြိမ်မနေကြပါဘူး …။ အယ်ချုပ်ရဲ့လက်သီးအကြောင်းလည်း သိလေကျလေတော့ စား ကောင်းအောင် လုပ်ပြကြတယ် ထင်ပါတယ်။ (ခွင့်လွှတ်ကြကုန်) မောင်ဘညွှန့်တို့ ၀င်ဒါမီယာရပ်ဝန်းက သတင်းစာတိုက်ရှေ့ မှာ အနှစ်နှစ် အလီလီ ရှင်သန်ထကြွနေတဲ့ ဆူးခက်အပင်တွေ ရှိပါတယ်။ မောင်မင်းကြီးသားတို့က လာလို့ရှိရင် အငြိမ်မနေပါဘူး ..။ ဘောကွင်းဖောက်မယ် .. ခြင်းကွင်ဖောက်မယ် ..။ သီးပင် စားပင်စိုက်မယ်ဆိုပြီး တစ်ပင်စ နှစ်ပင်စ ရှင်းကြ လင်းကြပေါ့။ ပြဿနာက ရှင်းလို့မှ မပြီးခင် ကိုယ်တော်တွေက လက်မှတ်ရက်ပြည့်လေတော့ စခန်းထဲ ပြန်ကြကုန်ပေါ့။ ကျန်ခဲ့လေသူ မောင်ဘညွှန့်တို့ တသိုက်မှာသာ ခုတ်ဟယ် ..ဖြတ်ဟယ်နဲ့ .. ဟိုငုတ်ဖြို ဒီငုတ်ဖြုတ်နဲ့ လက်စ ဆက်သတ်ရပါတယ်။ သို့ပေသော်ငြားလည်း ခုအခါတော့ နောက်မျိုးဆက်တွေအတွက် ဘောလုံးကွင်းလေးဖောက်တဲ့အချိန် .. ခြင်းဝိုင်းလေး ဖွဲ့တဲ့အချိန် ဆူးငြောင့်ခလုတ်တော့ ရှင်းသွားလေပေါ့ ..။ 
xxxxx

… … ….
အခြေအနေပြောင်းလို့
ရေးဖော်ရေးဖက်တွေ ပြောင်းပေမယ့်
သောက်ဖော် သောက်ဖက်တွေက တိုးတိုးလာတော့ (နေ့စဉ်နဲ့အမျှ)
အသစ်ရောက်တဲ့ စပင်ရင်တာ***အယ်ဒီတာကို
လူပျိုခန်းမ၀င်ရလို့ ကန့်သတ်ဖူးသေးတယ် …။

နောက်ပိုင်းတော့ မောင်ဘညွှန့်လည်း ကဗျာတွေရေး ..စာတွေရေးနဲ့ .. ရေးဖော်ရေးဖက်တွေလည်း ဟိုပြောင်း သည်ပြောင်း .. အိုးသစ်တွေ ထူကြ .. အိမ်သစ်တွေ ထူကြနဲ့ … အယ်ဒီတာတွေလည်း အစားထိုးကြပေါ့ ..။ သောက်ဖော် သောက်ဖက်တွေကလည်း တိုးတိုးလာတော့ မောင်ဘညွှန့်တို့လည်း … ရေ အတွက် ဟိုကကြံ ..သည်က ဖန်ပေါ့ ..။ ဘေးနားက ထိုင်းဆိုင်မှာလည်း လကုန်ပေးနဲ့ ..ယစ်ရွှေရည်လေးကို တနေ့ တလုံးခွဲ ပုံမှန်ယူနေရတဲ့ ကာလပေါ့။ 
မောင်ဘညွှန့်နဲ့ လက်တွဲလုပ်နေတဲ့ အယ်ဒီတာမောင်နေသွင်ကလည်း.. တအိုးတအိမ်ထူလို့ ..ချင်းမိုင်ရွှေမြို့တော်ဆီ ပြောင်းရွှေ့သွားပြီး သကာလ ..အယ်ဒီတာနေရာ အစားထိုးလေတော့ .. အပျိုကြီး မမ မခွာညို (ယခု ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှာ တာဝန်ထမ်းဆောင်) က အယ်ဒီတာတာဝန်ထမ်းရတာပေါ့ ..။ အဲ့အချိန်က မောင်ဘညွှန့်ရဲ့လေးအောက်ဘက်ပိုင်းမှာလဲ သောက်ဖော် သောက်ဖက် မင်းမောင် မောင်ကျော် (မင်းမင်း – သူ့အဖေက လက်ရှိ လွှတ်တော်အမတ် .. မန်းဂျော်နီဆိုတာပါ) မခွာညိုမလည်း အပျိုကြီးဘွဲ့ခံယူထားပြီး ..သောက်သောက်စားစား လူ့မင်းသားတွေကြားမှာ ..အမကြီးရယ် ..လက်ဖက်လေးစားချင်လို့ပါဆို .. မညည်းမညူ လုပ်ပေးနေကြ …။ ဟင်းလေးတွေ ဘာလေးတွေ မင်းမဟော်ကျောင်းက ယူလာပေးတဲ့ ကျေးဇူးလည်း မမေ့ပါဘူး . ..။ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ ..။ မင်းမဟော်နဲ့ မိုးကြိုးဆိုတာကလည်း အကိုကြီး .. ညီမလေး ..မောင်နှမတွေလို့ သတ်မှတ်ခဲ့ကြတာကိုး ..။ မောင်ဘညွှန့်တို့တသိုက်တွေက သိတဲ့အတိုင်းပဲ .. ကျားတွေချည်းနေတော့ …သိတဲ့အတိုင်းပဲ ..။ ၀တ်ပြီးသားတွေ ..ဟိုပစ် သည်ပစ် .. ဟိုတပုံ သည်တပုံဆိုတော့ .. အပျို ကြီးမမကို လူပျိုခန်းထဲ ပေးမ၀င်ရဲဘူး ..။ 
xxxxx
* * *

ကဲဗျာ ပြောရတာလည်း ကြာပါတယ်…
ဒီလိုနဲ့
လတွေချီ ..
နှစ်တွေချီတော့ …
သူ့အတောင် ကိုယ့်အတောင်
ကောင်းလား မကောင်းလား စမ်းရင်း စမ်းရင်း
ကူးချည် သန်းချည်နဲ့
ဝိနည်းလွတ်တာတွေရော…
ဝိနည်းမလွတ်တာတွေရောမှာ…
ကြီးတဲ့ငါးက လွတ်သွားတာလား
လွတ်တဲ့ငါးကများ ကြီးနေတာလားနဲ့ ….

ဘ၀တစ်ဆစ်ချိုးတွေက
ထုဆစ်လို့ မရိုးရလှအောင်ကိုပဲ
ခုနောက်ဆုံးကြားရတဲ့ အော့ဒ်နယူး****က

ဘ၀ပေးကုသိုလ်နဲ့
သူ့အတိုင်းသူ ရှိနေတဲ့
ဟိုတစ်ချောင်းကိုမှ ဖြတ်ချင်တဲ့သူက ရှိသေးသတဲ့ဗျာ …။


ဒီလိုနဲ့ ရက်ကို လစား လကိုနှစ်စားနဲ့ မိုးကြိုးကျောင်းတော်ကြီးကနေ ထွက်သွားသူတွေလည်း ရှိသလို ..၀င်လာသူတွေလည်း ထုနဲ့ဒေးပါပဲ။ မိုးကြိုးဆိုတာလည်း မောင်ဘညွှန့်တို့အတွက် ငှက်တသောင်းနားစရာ သစ်ပင်တခုလိုပါပဲ ..။ အချိန်တန်တော့ .. သူ့လမ်း သူရွေး .. ကိုယ့် လမ်း ကိုယ်ရွေးကြရတာချည်းပါ။ 
ခုတော့ အားလုံးလည်း ရုန်းကန်မှုကိုယ်စီနဲ့… ကမ္ဘာ့အနှံ့အပြားမှာ မိုးကြိုးဝိုင်းတော်သားတွေ ပြန့်လိုပါ…။ ကံမကုန်ကြရင်ဖြင့် ..တချိန် ပြန် ဆုံကြဦးမယ်လို့ မျှော်လင့်မိပါတယ်။
ချစ်ခင်စွာဖြင့်
ဆောင်းလူ

မှတ်ချက်။ ။ ကျနော်ရေးတဲ့အထဲမှာ မိုးကြိုးဝိုင်းတော်သားတွေ အကုန်မပါသေးပါဘူး။ ကျနော် စိတ်ထဲစွဲထင်ခဲ့တာလေးတွေကို ၂၀၁၀ လောက်က ကဗျာအဖြစ် ပုံဖော်ပြီး ခုမှ စာအဖြစ် ပြန်ပုံဖော်ခြင်းပါ။ ..ကျနော် ဒီစာစုလေးကို ရေးလို့ သူတို့အကြောင်းတွေ ရေးရပါမလား လို့ဆိုပြီး ကြိုက်သူများလည်း ရှိနိုင်သလို .. မကြိုက်သူများလည်း ရှိနိုင်ပါတယ်။ ခွင့်လွှတ်ကြပါကုန် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts