>Nyane Chan Nyane – Venturiung near Insein Prison

>

အင်းစိန်ထောင်ရှေ့သွား တောလား

ငြိမ်းချမ်းငြိမ်း

မေ ၂၀၊ ၂၀၀၉

“လမ်း ပိတ်ထားတယ်။ ဒီလမ်းက သွားလို့ မရဘူး ”

ဆိုသည့် လုံထိန်းရဲ တယောက်၏ စိတ်မရှည်သော လေသံဖြင့် ပြောသည့်စကားကြောင့် ဟိန်းခိုင်ထွန်း တယောက် နောက်ပြန်လှည့် လိုက်ရသည်။ မနေ့က အင်းစိန်ထောင် ရှေ့သို့ သွားရာ ပေါက်တောဝ မှတ်တိုင်တွင် လမ်း ပိတ်ထားသဖြင့် သူ တကွေ့ တပတ်ကြီး သွားခဲ့ရပြီး ချေပြီ။ ဒီနေ့တော့ အောင်ဇေယျဘက်မှ ၀င်မည်ဟု စိတ်ကူးထားသော်လည်း တံတား အဆင်းတွင် သံဆူးကြိုး အရံအတားများဖြင့် ပိတ်ထားသော ရဲတအုပ်ကြောင့် သူ တော်တော် စိတ်ညစ်သွားသည်။ ရဲတို့က သူ့ကို ဒေါ်စု လွတ်မြောက်ရေး အတွက် အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းသည့် အဖွဲ့မှဟု သံသယ ရှိနေသည်။

တောင်းတောင်းပန်ပန်ဖြင့်ပင်

”ကျနော့်အိမ်က အောင်သုခမှာပါ။ အိမ်ပြန်မလို့ပါ။ အမေ နေမကောင်းလို့ မြို့ထဲမှာ ဆေးသွားဝယ်တာပါဗျာ။ ဟိုလေ … ဟို … စောင့်တဲ့ အဖွဲ့က မဟုတ်ပါဘူး …”

ဟု ပြောသည့် အခါတွင်မတော့ တပ်ကြပ် အဆင့်လောက် ရှိသည့် အစောင့်ရဲ တယောက်က ဟူးကနဲ သက်ပြင်း တချက် မှုတ်ထုတ်လျက်

”ခင်ဗျားတို့ကလည်း တော်တော် ခက်တာပဲ။ လူကြီးတွေက လုံခြုံရေး အတွက် ပြင်ဆင်ထားပါတယ် ဆိုတော့မှ … ကဲ ကဲ … လက်ဖက်ရည်ဖိုး နှစ်ထောင်လောက် ထည့်သွား။ ခင်ဗျား သွားရမှာ တကွေ့ တပတ်ကြီး ”

ဟု ထိုသူ ပြောသည်။

ဟိန်းခိုင်ထွန်းတယောက် နည်းနည်း အင်တင်တင်လုပ်၍

“မလုပ်ပါနဲ့  ဆရာရယ်။ ကျနော် ဒီအပိုင်သားပါ၊ အမေ နေမကောင်းလို့။့ ပါတာလဲ တထောင်လောက်ပဲ ရှိတော့တယ်”

အဆိုပါ ရဲက

“ကဲ ကဲ … မြန်မြန်ပေးပြီး လစ်တော့။ အရာရှိ မလာခင် …”

ဟု ပြောသည့် အခါတွင် ဟိန်းခိုင်ထွန်း တယောက်လဲ တထောင်တန်

တရွက် ထုတ်ပေးပြီး မြန်မြန် သုတ်ခြေတင်လာခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း စတင် တရားစွဲဆိုသည့် မေလ ၁၈ ရက် နေ့မှစ၍ အင်းစိန်ထောင်ရှေ့သို့ လာနိုင်သည့် လမ်း အားလုံးကို ပိတ်ဆို့ထားခြင်းကြောင့် ခရီးသွား ပြည်သူများရော ဒေါ်စု ထောက်ခံသူများပါ အတော် အခက်တွေ့ရသည်။ ဟိန်းခိုင်ထွန်းတို့လို ဂျာနယ်လစ်များ အဖို့ ကမ္ဘာက အာရုံ စိုက်နေသော မြန်မာနိုင်ငံ၏ သတင်းကို ပြည်တွင်း ဂျာနယ်လစ် တယောက် ဖြစ်ပြီး မသိလျှင် အတော် ရှက်စရာကောင်းသည် ဆိုသည့် ခံယူချက်ကြောင့် အပြင်၊ စစ်အစိုးရ က ရေးခွင့် မပြုသောကြောင့် ဂျာနယ်တွင် ဖေါ်ပြခွင့် မရသော်လည်း လျှို့ဝှက် လုပ်ထားသော ဘလော့ဂ်တွင် ထည့်သွင်းဖေါ်ပြမည် ဆိုသော စိတ်ကူးဖြင့် အင်းစိန်ထောင်ရှေ့သို့ အခက်အခဲ များစွာကို ကျော်ဖြတ်ပြီး ရောက်ရှိလာခြင်း ဖြစ်သည်။

မနေ့ကတော့ သူ ဒီလမ်းကိုမသိ၍ ဘိုကုန်းဘက်ကနေ တကွေ့တပတ်ကြီး လာခဲ့ရသည်။ ထောင်ရှေ့ရောက်တော့မှ လူငယ်တယောက် ညွှန်ပြ၍ သူ ဒီလမ်းကို သိခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်က “ထောက်ခံသူ” တယောက်ဖြစ်ပြီး

“ခင်ဗျားက အာပတ်လွတ်အောင်တော့ပြော။ ဒီရပ်ကွက်သားလို့ ပြော။ “ထောက်ခံသူ” ဆိုရင်တော့ ပေးမ၀င်ဘူး။ အခြေအနေ ကြည့်ပြီး ငါးရာကနေ နှစ်ထောင်အထိ ယူတယ်”

ဟုပြောသဖြင့် သူ သိထားခြင်းဖြစ်သည်။

မြန်မာပြည်တွင် လာဘ်စားမှုများက နေရာတိုင်းတွင် ရှိနှင့်ပြီးသား ဖြစ်သည်။ ဖြတ်သန်းခွင့် အတွက် ငွေကြေး တောင်းခံသော အနှီရဲများကလည်း ရရှိသော လစာတခုတည်းဖြင့် သူတို့၏ ဇနီး၊ သားသမီးများ အတွက် လုံလောက်မည်မဟုတ်။ ယခုလို ကိစ္စမျိုးတွင် ဖြတ်သန်းခ ကောက်ခံခြင်းသည် သူတို့အတွက် အန္တရာယ်ကြီးသည် ဟု သိထားသော်လည်း ကြုံတုန်း ဆုံခိုက် အခွင့်အရေးလေးမို့ သူတို့လည်း ရသလောက် ရှာလိုက်မည်ဟု စိတ်ကူးမိပုံ ရဟန်တူသည်။

“ပိုက်ဆံပေးလျှင် မြန်မာပြည်တွင် အကုန်ရသည် …” ဆိုသည့်သဘောမှာ ပေါ်လွင်နေလျှင် …

ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ရေကူး ၀င်ရောက်လာသူ ဂျွန်ဝီလျံယက်ထောကြီးလည်း အင်းလျာားကန် အနီးရှိ လုံခြုံရေး အစောင့်များကို ပိုက်ဆံပေးပြီး ၀င်မလာဘူး ဟု မည်သူ ပြောနိုင်မည်နည်း။

စစ်အစိုးရ အနေဖြင့်လည်း ဒေါ်စုအား တရားစွဲဆိုမည့် အစား ကိုယ့်လူကို အရင် မေးမြန်း စုံစမ်းသင့်ပါသည်။

ယက်ထောကြီးကို ဖမ်းမိစဉ်က နိုင်ငံခြားငွေနှင့် အတူ မြန်မာငွေများလည်း ပါသည်ဆိုတော့ အတော်ကို စဉ်းစားစရာ ကောင်းနေပါသည်။

ကမ္ဘာသာမက ခပ်မဆိတ်နေသည့် အာဆီယံကပါ မြန်မာ့အရေး၊ ဒေါ်အောင်ဆန်းစုကြည် အရေးကို အာရုံစိုက်နေပါသည်။ ဟိန်းခိုင်ထွန်းတယောက် သူ့ဆီမှ ထွက်သွားသော တထောင်တန် တရွက်ကို မြင်ယောင်မိရင်း အင်းလျားကန်တွင် ရေကူးလိုက ဘယ်လောက်ပေးရင် ရနိုင်မလဲဟု တွေးကြည့်နေမိသည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts