>Yettaw stayed in Mae Sot

>

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယက်တော နေထိုင်ခဲ့
BBC မြန်မာဌာန
မေ ၁၉၊ ၂၀၀၉

မဲဆောက်သို့ သွားရောက်ခဲ့သူ မစ္စတာ ယက်တော

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ၀င်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တောသည် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဟိုတယ်တခုတွင် ပြီးခဲ့သည့်နှစ်က လနှင့်ချီပြီး နေသွားခဲ့ကြောင်း သိရသည်။

ယက်တောသည် Maesot Highland Hotel တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ရောက်ရှိပြီး တလကြာ နေထိုင်ခဲ့သည်။ မဲဆောက်တွင် ရှိစဉ် သူနှင့် ဟိုတယ်ပိုင်ရှင် နိုင်ချိုင်ကျလီ တို့ ရင်းနှီးသွားကြသည်။

ဟိုတယ်ပိုင်ရှင်က “ယက်တောဟာ အကျင့်စာရိတ္တ ကောင်းတဲ့ လူတယောက်ပါ။ သိရသလောက် ဆိုရင် သူဟာ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီချင်တယ်၊ မြန်မာနိုင်ငံက လူတွေဟာ သနားဖို့ ကောင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ လူကောင်းတယောက် ဖြစ်တယ်လို့ ယက်တောက အမြဲပြောတယ်” ဟု ဆိုသည်။

ယက်တောသည် နေ့ခင်းပိုင်းတွင် မြန်မာပြည်သားများနှင့် ရွှေ့ပြောင်းအလုပ်သမား ကလေးတို့၏ ကျောင်းများကို သွားရောက် ကြည့်ရှုပြီး ဟိုတယ်သို့ ပြန်ရောက်သည့်အခါ မှတ်တမ်းများ ထိုင်ရေးလေ့ရှိသည် ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယက်တော မြန်မာပြည်မှ အပြန်တွင် မြန်မာပြည်သားများအား ကူညီသည့် အနေဖြင့် မြန်မာပြည်သားတို့၏ အကြောင်းကို နိုင်ငံတကာက သိအောင် စာအုပ် ရေးသားရန် စီစဉ်နေသည်ဟု သူက ဟိုတယ်ပိုင်ရှင်ကို ပြောသည်။

ယက်တော်သည် ယခုနှစ် ဧပြီလတွင် မဲဆောက်သို့ ပြန်လာမည်ဟု ဆိုကာ သူ၏ ဆိုင်ကယ်ကို ဟိုတယ်တွင် အပ်နှံထားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်း ရုပ်မြင်သံကြားသတင်းများတွင် ယက်တောသည် ရန်ကုန်တွင် ဖမ်းဆီးခံရကြောင်း သိရသည်ဟု ဟိုတယ်ပိုင်ရှင်က ရှင်းပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts