>ASEAN urged Junta to free DASSK, more Burmese gather near Insein Prison

>

“တရားခံ” ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အာဆီယံနိုင်ငံများက တောင်းဆို

အင်းစိန်ထောင်ရှေ့တွင် ပြည်သူတို့ ယမန်နေ့ကထက် ပို၍စုဝေး

မိုးမခ အထောက်တော် ၀၀၃ (ကိုးကား – ဖရီးဒမ်းနယူးစ်ဂရုပ်)

မေ ၁၉၊ ၂၀၀၉

ယနေ့ထုတ် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား တရား စွဲဆိုကြောင်း သတင်း ထုတ်ပြန်လိုက်သည်။ ဂျာနယ်များတွင် အပြည့်အစုံ စိတ်တိုင်းကျ ဖော်ပြခွင့် မရသေးသော်လည်း အစိုးရ သတင်းစာများက တရားဝင် ထုတ်ဖော် ပြောဆိုပြီး ပြည်သူတို့ထံ အသိ ပေးလိုက်သည့် သဘော ဖြစ်သည်။

ယနေ့ ထုတ်သတင်းစာများတွင်ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုမှု သတင်း

ယနေ့ ထုတ်သတင်းစာများတွင် ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု သတင်း

သတင်းစာများထဲတွင် “တရားခံ ဒေါ်အောင်ဆန်းစုကြည်” ဟု သုံးနှုံးထားသည်။

ပြည်ပ သတင်းနှင့် ရေဒီယိုများ၏ ထုတ်လွှင့်ချက်များက “အိမ်နီးချင်း နိုင်ငံများနှင့် ဖွဲ့စည်း ထားသည့် အာဆီယံ အဖွဲ့ကြီးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန် တောင်းဆိုလိုက်သည် …” ဟူသော သတင်းကြောင့် ပြည်သူတို့က ၀မ်းသာ အားတက်ကြသည်ဟု ပရိသတ် တဦးက ပြောသည်။

အနောက် အုပ်စုနှင့် ကုလသမဂ္ဂကြီးက အမြဲတစေ ထိုသို့ တောင်းဆိုလေ့ ရှိသော်လည်း စစ်အစိုးရ၏ မဟာမိတ် – အာဆီယံက ယခုလို ထုတ်ဖော် ပြောဆိုခြင်း အတွက် အပြု သဘော မြင်ကြပုံ ရသည် ဟု ၎င်းက မှတ်ချက် ပေးသည်။

“အာဆီယံက ပြောနေပြီ ဆိုတော့ ဒီနေ့ တရား စီရင်တဲ့ ဒုတိယနေ့မှာ ကျနော်တို့ အင်းစိန်ထောင် ရှေ့ကို အရောက် သွားဖို့ ကြိုးစားတယ်။ တနာရီလောက် လမ်း လျှောက်လာရတယ်” ဟု မျက်မြင် တဦးက Freedom News Group သို့ ပြောသည်ဟု ဆိုသည်။

“ အစိုးရရဲ့ ရုပ်မြင် သံကြားနဲ့ သတင်းစာက ဒီ တရားစီရင်မှုကို ထုတ်ဖော် ပြောဆိုပြီ ဆိုမှတော့ တတိုင်းပြည်လုံးမှာ ရှိတဲ့ မြန်မာ ပြည်သူတွေ အားလုံးကို တရားဝင် အတည်ပြုတဲ့ သတင်း ပေးလိုက်သလို ဖြစ်သွားတယ်။ သို့မဟုတ်ရင် တချို့က ပြည်ပ ရေဒီယိုတွေက တဆင့် ကြားတာမို့ ဆိုပြီးတော့၊ ဒါမှမဟုတ် တဆင့် စကားနဲ့ ကြားကြရတာမို့ ဆိုပြီးတော့ မယုံကြည်နိုင်ကြဘူး ဖြစ်နေတာ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး မတရား အရေးယူလိမ့်မယ် လို့ ပြည်သူ အများစုက မျှော်လင့်မထားဘူး။ မယုံနိုင်လောက်အောင်ကို စိတ် ထိခိုက်ကြရတာ” ဟု သတင်း သမား တဦးက အကျယ် တ၀င့် ရှင်းပြသည်။

ယနေ့ တရား စီရင်သည့် ရုံးချိန်း ဒုတိယနေ့တွင် အတိုက်အခံ ပါတီ၏ ခေါင်းဆောင် ဦးဝင်းတင်နှင့် ပါတီဝင်များကို အင်းစိန်ထောင် လမ်းဘေး တနေရာတွင် အများ ပြည်သူတို့နှင့် အတူ လာရောက် စောင့်ဆိုင်းနေသည်ကို တွေ့ရသည် ဟု ဆိုသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဦးဝင်းတင် စောင့်ဆိုင်းနေရာ အနီး အထိ လာရောက် နေရာယူထားသည်ကို တွေ့ရသည်ဟု ဖရီးဒမ်းနယူး ဂရုပ် သတင်းက ပြောသည်။

( Ref – http://longwalktofreedom.wordpress.com/ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts