Uncategorized

7th July and Student Unions – Ko Ko Gyi

၅၁ နှစ်မြောက် ၇ ဇူလိုင်နေ့ အထိမ်းအမှတ် အခမ်းအနား

ကိုကိုကြီး၊ (သူ့ဖေစ်ဘွတ်ကနေယူတယ်)၊ ဇူလိုင် ၈၊ ၂၀၁၃

၅၁ ကြိမ်မြောက် ၇ ဇူလိုင် အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသော အမှာစကား

(ဇူလိုင် ၇ ရက်၊ ၂၀၁၃)

ကျောင်းသားဆိုတဲ့ စိတ်ဓာတ်က။ ကျွန်တော်တို့အထက်က  ၆၂၊ ၇၄။ အခုဆိုရင် ရန်ကုန် တက္ကသိုလ် ပြန်လည် ရှင်သန်ရေးနဲ့ ကျောင်းသားသမဂ္ဂ ပြန်လည်ပုံပေါ်ပေါက်ရေးအတွက် ကြိုးစားနေတဲ့အထဲမှာ ကာယကံမြောက် လူမလာနိုင်ရင်တောင်မှ စိတ်ဓာတ်အားဖြင့်၊ သတင်းစကားအားဖြင့် ကူညီပံ့ပိုးပေးခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာကစပြီးတော့ နောက်ဆုံး အခုလက်ရှိ မျိုးဆက်တွေအထိ ကျောင်းသားဆိုတဲ့ သွေးဟာ အမြဲတမ်းနွေးနေပါတယ်။ ထာဝစဉ် နုပျိုနေပါတယ်။

အဲဒါတော့ ကျွန်တော်တို့ ဒီကျောင်းသားလူငယ်တွေနဲ့ ဆုံတိုင်းဆုံတိုင်းမှာ အလေးအနက်ထားပြီး ပြောချင်တာက အသက်တွေသာ ကြီးသွားမယ်၊ အဲဒိ ကျောင်းသားလှုပ်ရှားမှုများမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဆိုတာနဲ့ ပတ်သက်ရင် အမြဲတမ်း နုပျိုနေတယ်ဆိုတာကို ပဏာမပြောချင်ပါတယ်။

နောက်တစ်ခုက ကျောင်းသားလှုပ်ရှားမှုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ စကတည်းက ပထမဆုံး ကျောင်းသားသပိတ်ဟာ ဒီနေ့ဒီအချိန်အထိ အမျိုးသားနေ့အဖြစ်နဲ့ သတိတရ ဂုဏ်ပြုနေရတာဟာ ကျွန်တော်တို့ ကျောင်းသား လှုပ်ရှားမှုရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းမှာ ဖော်ပြနေပါတယ်။

အဲဒိတော့ ဒီနေ့ ဆဲလ်ဗင်း ဇူလိုင်နဲ့ ပတ်သက်လို့ ပြောရရင်လည်း ၁၉၆၂ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ အမြင်တွေ၊ ကောက်ချက်တွေ အမျိုးမျိုးကွဲနေတဲ့ အချိန်မှာ အဲဒိအချိန်မှာကိုပဲ အာဏာသိမ်းမှုကို ပထမဦးဆုံး စိန်ခေါ်တဲ့ လှုပ်ရှားမှုဟာ ကျောင်းသားလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျောင်းသား သမဂ္ဂကို သူပုန်တွေ စုတဲ့ နေရာဆိုပြီးတော့ အာဏာသိမ်း အစိုးရက အငြိုးတကြီးနဲ့ ဗုံးခွဲဖျက်ဆီးပစ်ခဲ့တာပါ။ ဖျက်ဆီးပစ်ခဲ့ပြီးတော့ အဲဒိတစ္ဆေက အမြဲတမ်းခြောက်နေတယ်။

 နောက်ဆုံး ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တဲ့အချိန်မှာ အဲဒိအချိန်က တာဝန်ရှိတဲ့သူတွေ ကိုယ်နှိုက်က သူ့ကြောင့်ကိုယ့်ကြောင့်လို့ လက်ညှိုးထိုးနေရတာ ကိုယ်နှိုက်က သမဂ္ဂဖောက်ခွဲခဲ့တဲ့ အရိပ်မည်းကြီးဟာ တာဝန်ရှိတဲ့သူတွေဟာ နောက်ဆုံးအချိန်အထိ တစ္ဆေခြောက်လှန့်ခြင်း ခံနေခဲ့ရပါတယ်။

ဒီနေ့ဒီအချိန်မှာလည်းပဲ ၅၁ နှစ် ပြည့်လာတဲ့အထိ ကျွန်တော်တို့ ကျောင်းသားလူငယ် မျိုးဆက်က လက်ဆင့်ကမ်းပြီး ဒီအခမ်းအနားတွေကို ကျင်းပတယ်ဆိုတာဟာ သမဂ္ဂစိတ်ဓာတ်ဟာ ဗုံးခွဲဖျက်ဆီးပစ်လိုက်လို့လည်း ပြိုကွဲမသွားဘူး။ နောက်မျိုးဆက် အဆင့်အဆင့်အထိ လက်ဆင့်ကမ်းနေတယ်ဆိုတာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ ဒီအခမ်းအနားတွေကို ကျင်းပရပါတယ်။

ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်း အောက်စ်ဖို့တက္ကသိုလ် ကျောင်းသားသမဂ္ဂကို လေ့လာခွင့် ရခဲ့ပါတယ်။ သူတို့နိုင်ငံတွေမှာ၊ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဒီမိုကရေစီ အခြေကျနေပြီးနိုင်ငံတွေမှာ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုကို ကြည့်ပြီးတော့ ဒီမှာရှိတဲ့ ညီငယ်တွေ၊ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ကျောင်းသား လှုပ်ရှားမှုကို ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် သွားရောက်စဉ်မှာ ပြီးခဲ့တဲ့ နှစ်က ရွေးချယ်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂဥက္ကဌက အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ဥက္ကဌ၊ ဒုဥက္ကဌကို လုပ်ငန်းတွေ လေ့ကျင့်ပေးနေတာ၊ သူလုပ်လက်စအလုပ်တွေကို နောက်ဥက္ကဌဆီကို လွှဲပြောင်းပေးနေတာတွေကို ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ တွေ့ခဲ့ရတယ်။ ကျောင်းသား သမဂ္ဂက ထုတ်တဲ့ သတင်းစာ၊ ထွက်ပြီးသမျှ သတင်းစာတွေအားလုံးကို နံရံအပြည့် မျက်နှာဖုံးတွေ ကပ်ထားတာ။ ကျောင်းသား သမဂ္ဂက လုပ်တဲ့ ရေဒီယို အသံလွှင့်အခန်း ကျွန်တော် ရောက်ခဲ့တယ်။ ဟိုမှာ လှုပ်ရှားနေတဲ့ ကျောင်းသား သမဂ္ဂတွေရဲ့ အခြေအနေနဲ့ ဒီမှာရှိနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေရဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီးတော့ လေ့လာခွင့် ရခဲ့ပါတယ်။

ကျွန်တော်တို့ဆီက ကျောင်းသားသမဂ္ဂကလည်း တစ်လျောက်လုံး တိုက်ပွဲနဲ့ပဲ ဖြတ်သန်းလာခဲ့ရပါတယ်။ အခု ဒီကာလမှာ တိုက်ပွဲကာလပြီးပြီလားဆိုတော့လည်း မပြီးသေးဘူး။ တည်ဆောက်ရေးကာလရောက်ပြီလားဆိုတော့လည်း လုံးလုံးလျားလျားကြီး မရောက်သေးဘူး။ အခုဒီ အပြောင်းအလဲကာလ၊ စပ်ကူးမတ်ကူးကာလဟာ ကျွန်တော်တို့ အရင့်အရင်က အတွေ့အကြုံမရှိတဲ့၊ ပြင်ဆင်မထားတဲ့ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်နေရပါတယ်။ လက်ရှိကျောင်းသား မျိုးဆက်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဖြတ်သန်းမှု သမိုင်းကိုရော၊ နိုင်ငံတကာမှာရှိတဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကိုရော ဆက်စပ်ပြီး လေ့လာဖို့ လိုအပ်တဲ့ ကာလတစ်ခုကို ကျွန်တော်တို့ ရောက်နေပြီ။

ကျောင်းတွေ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ အပြိုင်းအရိုင်း ပေါ်လာအောင်၊ ကျောင်းသားရှိတဲ့နေရာတိုင်းမှာ ကျောင်းသားသမဂ္ဂ ရှိရမယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်ဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်ကာလတုန်းက ခင်ဗျားတို့အရွယ် ကျောင်းသားအရွယ်တွေနဲ့ ကျောင်းသားသမဂ္ဂကို ဦးဆောင်ခဲ့တဲ့သူတွေ။ အခု နိုင်ငံရဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့ ပါတီလားဆိုတော့လည်း ပါတီမဟုတ်။ သမဂ္ဂလားဆိုတော့လည်း သမဂ္ဂမဟုတ်ဘူး။ အဲ့ဒိလို ကာလမျိုးကို ကျွန်တော်တို့ ကိုယ်တိုင် ဖြတ်နေရတယ်။

အခုဒီမလာခင်ပဲ Myanmar Peace Centre မှာ ကျွန်တော်တို့ ငွေရတု အခမ်းအနားနဲ့ ပတ်သက်တဲ့ အခမ်းအနား နေရာရရှိရေး၊ ပြည်ပကလာမယ့် ဗီဇာအခက်အခဲရှိတဲ့သူတွေကို ဘယ်လိုညှိနှိုင်းဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေကို တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေရသလို၊ တစ်ချို့အပိုင်းတွေမှာ ဒါတွေက မတရားမှုတွေ၊ မြေယာသိမ်းတဲ့ ပြဿနာတွေ၊ အလုပ်သမားပြဿနာတွေ အစရှိသဖြင့် ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပဲ အစဉ်အလာရှိတဲ့အတိုင်း ပြောခဲ့တဲ့ မတရားတာတော့ မခံဘူး၊ မတရားတာတွေ ထောက်ပြဝေဖန်မယ်ဆိုတဲ့ အလုပ်ကိုလည်း ဆက်လုပ်နေရတယ်။

ဒီလိုမျိုး စပ်ကူးမတ်ကူးကာလ လုပ်နေရတဲ့အချိန်မှာ ကျောင်းသားသမဂ္ဂတွေအနေနဲ့လည်း ကျောင်းသားထုတွေကြားထဲမှာ ကျောင်းသားသမဂ္ဂတွေ အခိုင်အမာ ပေါ်ထွန်းလာဖို့၊ အဲဒိကျောင်းသားသမဂ္ဂတွေ ကျောင်းပြီးလို့ ကိုယ့်နယ်ပယ်ဒေသအသီးသီးကို ရောက်သွားတဲ့အခါမှာ ကျောင်းသားသမဂ္ဂကာလမှာ ကိုယ့်ဘာသာကိုယ် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးတော့၊ ဒီအထဲကပဲ ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားတွေ ပေါ်လာဖို့၊ ဒီအထဲကနေပဲ ၀န်ထမ်းလောကကို သွားတဲ့လူတွေ ပါလာမယ်။ မီဒီယာလောကကို သွားတဲ့လူတွေ ပါလာမယ်။ အစရှိသည်ဖြင့် နယ်ပယ်အသီးသီးကို ပြောင်းသွားမယ့်သူတွေဟာ ဒီ Groundမှာ အဖွဲ့အစည်းနဲ့ လုပ်တတ်တဲ့ စိတ်ဓာတ်၊ ကိုယ့်ကိုကိုယ် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လေ့ကျင့်မှု ပြင်ဆင်မှုအပိုင်းတွေကို ဒီ Ground မှာ အခိုင်အမာ လေ့ကျင့်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။

 ဒီအပြောင်းအလဲဟာ ကျွန်တော်တို့ အရင်က အနှစ်အစိတ်၊ ပြောရရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံးဟာ တိုက်ပွဲပုံစံနဲ့ ဖြတ်လာတယ်။ အခုကျတော့ ထူးခြားတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ဖြတ်နေရတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ တစ်ဖက်ကလည်း ဒီမိုကရေစီ အပြောင်းအလဲမှာ စိန်ခေါ်မှုတွေဖြစ်နေတဲ့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ၊ တိုင်းရင်းသား ဒေသ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ စသည်ဖြင့် အဲဒါတွေ အားလုံးကြောင့် ကျွှန်တော်တို့ ကျောင်းသားလူငယ်ဘ၀မှာကတည်းက လေ့ကျင့်သင်ကြားရမယ့် အပိုင်းတွေ ပြင်ဆင်ရမယ့် အပိုင်းတွေကို ထိထိရောက်ရောက် ပြင်ဆင်စေချင်တယ်။

ထပ်ခါတလဲလဲပြောရရင် အရင်မရှိဖူးသေးတဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ လုပ်ရင်း သင်နေရတယ်။ ဖြတ်သန်းနေရတယ်။ ဒီကာလမှာ အတတ်နိုင်ဆုံး ဖြတ်သန်းပါ။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးလို့ ပြောရင်လည်း ကျွန်တော်တို့ အစဉ်အလာ မြင်တာက အကွဲအပြဲမရှိတာကို ညီညွတ်ရေးလို့ နားလည်တယ်။

ကျွန်တော်ကတော့ မြင်တာက ဒီကာလဟာ အင်မတန် သိမ်မွေ့တယ်။ အဖွဲ့အစည်းတွေကွဲတာဟာ ကွဲတာ မဟုတ်ဘူး။ ဦးတည်ချက်ကွဲမှ ကွဲတာ။ ကျွန်တော်တို့က ကိုယ်ဘာလုပ်ချင်တာလဲ။ ဘယ်သွားချင်တာလဲဆိုတာကို စိတ်နေစိတ်ထားပိုင်းမှာ တူညီတဲ့ ဦးတည်ချက် ရည်မှန်းချက်ကို ချနိုင်ရင် အဖွဲ့အစည်းတွေ မတူရင်တောင်မှ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အလေ့အကျင့်ကို ကျွန်တော်တို့ ဖန်တီးလို့ရပါတယ်။

ကျောင်းအလိုက် သမဂ္ဂတွေ ပေါ်လာမယ်။ အဲဒိကနေပြီးတော့ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး ကိစ္စတွေ လုပ်လာမယ်။ နိုင်ငံအတွက် တကယ့်ကိုအရေးကြီးတဲ့ အမျိုးသား အကျိုးစီးပွား ကိစ္စတွေမှာ ကျွန်တော်တို့ တစုတစည်းတည်း ရပ်တည်ဆောင်ရွက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်စေချင်တယ်။

အောက်စ်ဖို့ဒ်မှာတုန်းက ကျွန်တော်သွားတဲ့အချိန်မှာ သူတို့ ကျောင်းသား အသစ်တွေ ၀င်လာတဲ့အတွက် counseling လုပ်တယ်။ ကျောင်းတက်တဲ့ အချိန်မှာ ကြုံတွေ့နိုင်တဲ့ ကျောင်းစာအုပ်အခက်အခဲ၊ ဆရာတွေနဲ့ ပတ်သက်တဲ့ ပညာရေး ပတ်ဝန်းကျင်အခြေအနေတွေကို ဆွေးနွေးတဲ့၊ counseling လုပ်တဲ့ အပိုင်းတွေ လုပ်တယ်။ အများနဲ့ ပတ်သက်တဲ့ ကျောင်းပရ၀ုဏ်ကို ကျော်ပြီးလုပ်တဲ့ ကိစ္စတွေကျတော့ refugee နဲ့ ပတ်သက်တာတွေကို၊ အင်္ဂလန်နဲ့ ပေါ်လစီတွေနဲ့ ပတ်သက်တာတွေကို campaign လုပ်တယ်။ သူတို့ဟာ ကျောင်းတွင်းကိစ္စတွေလုပ်တယ်။ အားလုံးနဲ့ဆိုတဲ့ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ လုပ်တယ်။ သူတို့လုပ်တဲ့ဟာတွေမှာ လေ့လာစရာတွေ အများကြီးရှိတယ်။

ကျွန်တော်တို့ ဒီကျောင်းသားတွေထဲကလည်း တစ်ခါတစ်လေကျတော့ activities တွေထဲမှာပဲ မြုပ်မနေပဲ ကိုယ့်ကိုကိုယ် လေ့ကျင့်ပျိုးထောင်တဲ့ ကိစ္စမျိုးတွေလုပ်ပါ။ ဘာသာစကားဆိုင်ရာ ကိစ္စ၊ ကျွမ်းကျင်မှုဆိုင်ရာ ကိစ္စတွေလည်း လုပ်ပါ။ အခုနောက်ပိုင်းမှာ နိုင်ငံတကာ လေ့လာရေးတွေနဲ့ ပတ်သက်လို့ exposure ယူတဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း လုပ်နိုင်အောင် ပြင်ဆင်ထားပါ။

သွားတဲ့အခါမှာ ဒီမှာရှိနေတဲ့ တကသတို့၊ ဗကသတို့ ဘာတွေပဲ ဖြစ်နေပါစေ ကျောင်းသားလေ့လာရေး၊ ကျောင်းသားနဲ့ ပတ်သက်တဲ့ လေ့လာရေး သွားမယ်ဆိုရင် ဟိုအဖွဲ့က ဘယ်နှယောက်ပါမယ်၊ ဒီအဖွဲ့က ဘယ်နှယောက်ပါမယ် စုပြီးတော့ သွားနိုင်တဲ့ ပုံစံမျိုးတွေကအစ လုပ်နိုင်အောင်၊ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားပါ။ ပြည်တွင်းမှာလည်း တကယ်အရေးကြီးတဲ့ ကိစ္စတွေမှာ အားလုံးလက်တွဲလုပ်နိုင်အောင် ကြိုးစားပါ။ အဲဒိနည်းနဲ့ နိုင်ငံရဲ့ နိုင်ငံရေး ၀န်းကျင်တောင့်တင်းအောင် လုပ်ဖို့ဆိုလဲ ဒီထဲကပဲ ထွက်လာရမှာ။

 ပြန်စဉ်းစားကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း အသက် ၂၁ နှစ်မှာ နိုင်ငံရေးဘက် ကူးသွားပြီ။ ၁၉၃၆ မှာ ဗိုလ်ချုပ်အောင်ဆန်း အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်။ အဲဒိကပြီးတာနဲ့ တို့ဗမာအစည်းအရုံးကို ပြောင်းတဲ့အချိန်မှာ အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ တစ်နိုင်ငံလုံးရဲ့ ပါတီကြီးရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ်ကို ပြောင်းသွားပြီ။ အဲဒိတော့ Platform ပြောင်းဖို့ကိုလည်း အခုကတည်းက ပြင်ပါ။ နိုင်ငံရေးကို ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်နဲ့ချည်းပဲလုပ်ဖို့ မစဉ်းစားပါနဲ့။ ဒီကနေပြီးတော့ နှစ်ပိုင်းအတောအတွင်းမှာ ကျောင်းပြီးသွားကြတော့မယ်။ ကျောင်းပြီးသွားပြီးရင် အဆင့်မြင့်တာဝန်တွေ ယူနိုင်ဖို့ပါ အခုကတည်းက ပြင်ကြပါ။ ကျွန်တော်တို့ ကိုယ်တိုင် ကျောင်းသား ကျောင်းသားဆိုပြီးတော့ ဒီကာလအထိ ရောက်နေတာကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းကို နှိုင်းယှဉ်ပြီးလေ့လာရင် ကျွန်တော်တို့ မဟုတ်သေးဘူး။

 ကျွန်တော်တို့ Platform ပြောင်းရတော့မယ်။ လုပ်ရတော့မယ်။ အဲဒိအတွက်ကို အခုလူငယ်တွေဟာ ကျွန်တော်တို့လောက်ကို အချိန်အကြာကြီး ဖြုန်းစရာမလိုဘူး။ အခုကတည်းက နိုင်ငံရေးကို ဇောက်ချလုပ်မယ်ဆိုတဲ့ ကျောင်းသားတွေကလည်း သမဂ္ဂ Platform မှာကတည်းက ပြင်ပါ။ စပြီးတော့ အခုကတည်းက နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်မယ်ဆိုတဲ့ သူတွေလည်း ဒီအထဲကနေပြီးတော့ ပေါ်လာစေချင်တယ်။ သို့မဟုတ် ပညာရေးကိုပဲ အဆင့်မြင့်တဲ့ ပညာရေးတွေ ဆက်သွားမယ်။ ပညာရေးကဏ္ဍမှာပဲ ဆရာတွေ အဖြစ်နဲ့ ဆက်သွားမယ်။ ၀န်ထမ်းကာလကို ဆက်သွားမယ်ဆိုတာတွေ အားလုံးကိုလည်း အသင်းအဖွဲ့နဲ့ လုပ်တတ်တဲ့ စိတ်ဓာတ်ကို ပျိုးထောင်ပါ။

အဲဒိနည်းနဲ့ နိုင်ငံတည်ဆောက်တဲ့ Platform မှာ အခြေခံအကျဆုံးဟာ ကျောင်းသား Platform ပါ။ အဲဒိကနေမှ နောက်ဆုံး တပ်ထဲဝင်သွားတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ အားလုံးက ကျောင်းသားဘ၀ကို ဖြတ်ရတယ်။ လုံခြုံရေးတပ်ဖွဲ့ထဲသွားတာလည်း ကျောင်းသားဘ၀က ဖြတ်ရတယ်။ နိုင်ငံရေးထဲ သွားတာလည်း ကျောင်းသားဘ၀က ဖြတ်ရတယ်။ အဲဒိတော့ ဒီ Platformဟာ ရှေ့ဆက်ကိုယ့်ဘ၀ရဲ့ ရွေးချယ်မှုတွေအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး Platform ပဲ။

အဲဒိတော့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဟိုဟာလုပ်နေသလိုလို၊ ဒီဟာလုပ်နေသလိုလိုနဲ့ ကိုယ့်ကိုကိုယ် မလိမ်ပါနဲ့။ ကိုယ့်ကိုကိုယ် ပြတ်ပြတ်သားသား ရွေးချယ်ပြီးတော့ အခုကတည်းက ပြင်ဆင်ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts