>
မာမာအေး
မေ ၁၆၊ ၂၀၀၉
ဒုက္ခ သောကတွေ ဖိနှိပ်ချုပ်ချယ် အကျယ် တစ်ရာ့နှစ်ဆယ် ဥပဒေ ရှည်ချင်တိုင်း ရှည်ခဲ့ပြီ၊ ပြည်သူတွေ ဘက်ကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်ပေးပြီး လွတ်လပ်ရေး ရအောင် အကျိုး ဆောင်သွားတဲ့ အမျိုးသားရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တဦးတည်းသော သမီးကလေးမို့ ညီမလေး အောင်ဆန်းစုကြည်ကို သနား ကြင်နာကြတာလဲ ရှိတယ်၊ ဖတဆိုးလေးပေါ့နော်၊ မျက်နှာပေါက်ကလဲ အဖေတူ၊ တိုင်းပြည် ချစ်ပုံကလဲ အဖေတူ၊ ခေါင်းမာတာချင်းလဲ တူကြလေတော့ သူ့အဖေလိုပါပဲကလားလို့ ယုံကြည် စိတ်ချ အားကိုးလိုက်ကြတာ။
သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ခွင့် မရတာတောင် သူ ပါဝင် ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးကို မဲဆန္ဒနဲ့ ရွေးပြခဲ့တာ ပေါ်ပေါ်ထင်ထင်ပါပဲ။
ကံဆိုးလိုက်တဲ့ မိန်းခလေးနော်၊ ဖအေ့လက်ပေါ်လဲ မကြီးခဲ့ရ၊ အမေနဲ့လဲ အမြဲမနေရ၊ အကိုကလဲ ဂွကျတတ၊ ဒုက္ခ … ဒုက္ခ … ၊ လင်ဆုံး၊ သားတွေနဲ့ဝေး မြေးကလေးမှ ချီလို့ မရ၊ ဘာမှကို လုပ်လို့ မရတဲ့ဘဝ၊ အချိန်တွေ နှမျောလိုက်မှာ သိတယ်ကွယ်။
ဒီမိုကရေစီရေးအရ နိုင်ငံ ဝန်တာ ကျလာတော့လဲ သွေးမပျော့ရှာပါဘူး၊ ချောင်းမရှောင် မြစ်မရှောင် သေနတ်နဲ့ဖြောင်မယ် ဆိုလဲ မရှောင်၊ သူ့အဖေ ယူပေးတဲ့ လွတ်လပ်ရေး ကုလားထိုင်ပေါ် ထိုင်စားနေရပါလား ဆိုတဲ့ အသိမှ မရှိကြတော့တဲ့ ငရဲသွားမယ့် လူမိုက်တွေ ရိုက်ကြ တိုက်ကြတာလဲ ခံရ၊ ရေရှည်ရက်ဆွဲ တယောက်ထဲလဲထား၊ ရူးမသွားတာ ကံကောင်း။
အကြောင်းမကောင်းတဲ့ ညီမစုလေးနဲ့ ဘဝတူ မောင်နှမများ အတွက် တို့တွေ အားလုံး ဝိုင်းပြီး ဆုတောင်းကြရအောင်။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
အမြန်ဆုံး လွတ်မြောက်ကြပါစေ
အမြန်ဆုံး အေးချမ်းသာယာ ပြည်မြန်မာ ဖြစ်လာပါစေ
မြန်မာပြည်သား အားလုံး စုရုံး ပျော်မွေ့ ပြန်တွေ့နိုင်ကြပါစေ
မာမာအေး
မေ ၁၅၊ ၂၀၀၉