>let’s make mistakes ( part 1 )

>

မှားလိုက်ကြစို့ သူငယ်ချင်း
ဇာနည်ဝင်း
မေ ၁ဝ၊ ၂ဝဝ၉


မဟေသီမဂ္ဂဇင်း (၂ဝဝ၈ ဇန်နဝါရီ) မှာ သတင်းတပုဒ် ပါလာတယ်။ “ပရဟိတ ဝန်ဆောင်ကျောင်းသို့ စေတနာဆင်များရဲ့အလှူ” ဆိုတဲ့ ခေါင်းစဉ်နဲ့။ ပြောချင်တာ စေတနာဆင် ဆိုတဲ့ စကားလုံးပေါ့။ တကယ်တော့ စေတနာရှင် ဖြစ်ရမှာ မဟုတ်လား။ တယောက်က ဖတ်ပြ တယောက်က စာစီစာရိုက် လုပ်ပုံ ရတယ်။ ဒေသ တချို့မှာ “ရှင်” ကို “ဆင်” လို့ အသံထွက်ကြတယ်။ ဖတ်ပြတဲ့သူက အဲဒီဒေသခံ ဖြစ်နိုင်တယ်။

စာပြင်ဆရာ တယောက်မက ခန့်ထားပုံရတဲ့ အင်အားကြီး၊ ဝါရင့်မဂ္ဂဇင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုး ရှိသလားဆိုပြီး အံ့သြမသွားပါနဲ့။

အစဉ်အလာကြီးသော စာနယ်ဇင်း
“ဒေါ်ဘုမ၏ နောက်စေ့ကွဲသွားခြင်းဟု ပြင်ဆင် ဖတ်ရှုပါရန်” တဲ့၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါစ သတင်းစာတစောင်မှာ အဲဒီကြော်ငြာ ပါလာတယ်။ သတ်ပုံ မှားကြတာ ရှေးကတည်းကပါလား ဆိုပြီး အားတက်စရာပေပ။ ကြော်ငြာမှာ ဘာမှားလို့ အမှားပြင်ဆင်ချက် ထည့်ရတာလဲ ဆိုတော့ နငယ် နေရာမှာ စလုံး ထည့်လိုက်မိလို့ ဆိုပဲ။ ဧပြီ ၂၉၊ ၂ဝဝ၉ နံနက်ခင်း သတင်းဂျာနယ် ထဲက မနုဿကျော်ဝင်းရဲ့ “ခါးသက်လှတဲ့ မှားချက်များ” ဆိုတဲ့ ဆောင်းပါးမှာ ရေးထားတာပါ။

ဒါတင်ပဲလား ဆိုတော့ ဟုတ်သေးဘူး၊ အမျိုးသမီး အထည်ချုပ်သင်တန်းကျောင်းက ကြော်ငြာ လာထည့်တော့ ကျောင်းအိပ် ကျောင်းစား လက်ခံတယ်၊ ဘော်ဒါ လက်ခံတယ် ပေါ့ဗျာ။ သတင်းစာ ထွက်လာတော့ ကြော်ငြာမှာ “အော်ဒါလက်ခံသည်” ဖြစ်သွားပါသတဲ့။ ကျောင်းပိုင်ရှင် အမျိုးသမီး သတင်းစာတိုက်ကို ဒေါသတကြီး ရောက်ချလာပြီး ရှင်တို့နှမတွေကိုပဲ အော်ဒါလိုက်ခိုင်း ဆိုပြီး အကြံပေးခဲ့တယ် လို့ ဆိုတယ်။

အစဉ်အလာကို ထိန်းသိမ်းခြင်း
မိုးမခမှာ သတ်ပုံတွေ မှားတယ်လို့ ပြောမလို့လား။ အင်း – ဟုတ်ပါရဲ့၊ ဒီအချက်ကိုက မိုးမခရဲ့ အမှတ်အသားတခု ဆိုပါစို့။ မိုးမခမှာ သတ်ပုံမှန်နေရင် သတိထားပေတော့ဗျာ၊ ခုခေတ်မှာ အတုအပက သိပ်ပေါ မဟုတ်လား။ (ဒီဆောင်းပါးမှာ အမှားအယွင်း အကျအပေါက် တွေ့တယ်လို့ ပြောဦးမလို့လား၊ ဒါဆိုရင် ကျနော် ရေးတာ သေချာပြီပေါ့။)

မနေနိုင် မထိုင်နိုင်လို့၊ စာနယ်ဇင်းကို သိပ်ချစ်လို့၊ မြန်မာပြည်ကို ကယ်တင်ချင်လို့ – – – – စသဖြင့် စသဖြင့် ပြည်ပရောက် မြန်မာပြည်သားတို့ရဲ့ ဝက်တုပ်ကွေး အဲ – – ဝက်ဆိုက်တွေ ဟောတခု၊ ဟောတခု လုပ်ထားကြတာ မနည်းပါဘူး။ သတ်ပုံ အထားအသို အဖြတ်အတောက် သောက်သောက်လဲ မှားကြတာပဲ။ စာပြင်ဆရာမရှိ၊ တချို့လည်း စာပြင်ဆရာခန့်ဖို့ ဘတ်ဂျက်မရှိ၊ တချို့လည်း ဂရုစိုက်ချင်စိတ် မရှိ၊ တချို့ကတော့ မြန်မာစာကို အင်္ဂလိပ်စာလောက် ဦးစားမပေးတော့ ပျော်ပျော်ပါးပါးကြီး မှားကြပေါ့။


သတ်ပုံမှားတဲ့ည
(ကျောင်းတုန်းက မြန်မာစာ ဘာသာရပ်ကို အမှတ် ၄ဝ နဲ့ ကပ် အောင်ခဲ့တဲ့ မောင်ဇာနည်ဝင်းက) ကြုံတုန်း ဆရာ လုပ်ရရင် ဉ နဲ့ ည ဆိုပြီး ည ၂ မျိုးရှိလို့ ကွန်ပျူတာ စာစီတဲ့သူတွေက မှားကြတယ်။ ဇော်ဂျီဝမ်း ခေတ်စားတဲ့ ဒီနေ့ကာလမှာ ဉ ဆိုတဲ့ကောင်က ကီးဘုတ်ပေါ်မှာ ရှာရခက်တယ်။ Shift Ctrl Alt ဆိုတဲ့ ခလုပ် ၃ ခုကို ဘယ်ဘက်လက်ချောင်းတွေနဲ့ ဖိထား၊ ပြီးတော့ ညာဘက်လက်နဲ့ U ကို ရိုက်လိုက်ရင် ဉ ဆိုတဲ့ စာလုံး ပေါ်လာတာပဲ။

ဥပမာ အဖွဲ့ချုပ်ရဲ့ ပြောရဲဆိုရဲရှိသူ ဦးဉာဏ်ဝင်း ဆိုတဲ့ စာလုံး ရိုက်ဖို့ကြုံလာရင် အဲဒီ ခလုပ်တွေနဲ့သာ တွဲရိုက်လိုက်ပါဗျာ။ ကျနော်လည်း ပြီးခဲ့တဲ့ ဆယ်ရက်လောက်ကမှ အဲဒီစာလုံးကို ရိုက်တတ်တာ။ ဥာဏ် ဆိုပြီး အလွယ်မလုပ်ပါနဲ့ဗျာ။

တစ် မှာလား တ မှာလား အငြင်းပွားစရာ
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း မှာ တစ်ခု၊ တစ်ကောင်၊ တစ်ခါတစ်ရံ စသဖြင့် တစ်တွေ အတော်များပါတယ်။ လိင်ကိစ္စဦးစားပေး၊ သတ်တာဖြတ်တာလည်း သွေးအေးတဲ့ နေရာမှာ သမိုင်းဝင်တဲ့ ဦးနေဝင်းကို မှတ်မိတယ် မဟုတ်လား။ ဒီငနဲကြီးက လက်ရှိ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ကို သူ့စိတ်ကြိုက် လုပ်ခဲ့တယ် လို့ ဆိုတယ်။

သူနဲ့ သူ့မျိုးဆက်တွေ စက်ကွင်းက ကင်းလွတ်နေတဲ့ပြည်ပရောက် မြန်မာပြည်သား အတော်များများက အဲဒီ သတ်ပုံကျမ်းကို အစာမကြေဘူး။ ပညာရှင်တွေကို နားရွက်တံတွေးဆွတ်ပြီး ထုတ်ခဲ့တဲ့ သတ်ပုံကျမ်း လို့ သတ်မှတ်ကြတယ်။

သတ်ပုံကျမ်းမှာ ပြဌာန်းထားတာလည်း လွန်လွန်းပါတယ်၊ အရမ်း အရမ်းကို “တစ်” တာပဲ။ ဒါနဲ့ပဲ ပြည်ပရောက် ကလောင်ရှင် အတော်များများက တစ်တွေကို ပစ်လိုက်ကြတယ်။

ပစ်လိုက်လည်း တစ်ခါတစ်ရံ အဲ – တခါတရံတော့ ပြဿနာ ရှိတယ်။ ဥပမာ “နှစ်ဆယ့်တ ရာစု” ၊ “ငါးဆယ့်တ လမ်း” ဆိုရင် ကြည့်ရဆိုးပြီ။ “တ” နဲ့ မလှမပ ဖြစ်ရင် “တစ်” သုံးပေါ့ဗျာ။ ဒါမှမဟုတ် ဂဏန်းကို သုံးပေါ့ဗျာ။ ၂၁ တို့ ၅၁ တို့။

မိုးမခဆရာများက ဘယ်မူကို ကိုင်သလဲ၊ “တစ်”သလား “တ”သလား မေးရင်တော့ ခြံစည်းရိုးပေါ် ထိုင်တယ်ပဲ ပြောပြော နှစ်ခုလုံး သုံးပါတယ်။ အချိန်ဆင်းရဲ၊ လူဆင်းရဲကြရှာတဲ့အတွက် မြန်မာစာပေရဲ့ ရေသောက်မြစ်ကို ပွေ့ဖက်ထားခြင်းငှာ မစွမ်းသာ။ အဆုံးသတ်ရမယ် ဆိုရင် ယုံကြည်ချက်ကြောင့် ဖြစ်ဖြစ်၊ အကျင့်ပါနေလို့ဖြစ်ဖြစ် တယောက်နဲ့တယောက် အသုံး မတူကြဘူး။ တချို့ စာရေးသူတွေက “တ” သမားဗျာ၊ အင်း – – ရတယ် ဆရာ – – – လာထား။ တချို့ကတော့ “တစ်”သမား၊ ဒါလည်း နိုးပရော်ဘလမ် – – – လာထား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts