>U S citizens deported

>

Yangon Airport Departure Lounge

နအဖ အစိုးရက အမေရိကန် ဧည့်သည်များနှင့် ပတ်သက်၍ စိစစ်နေ

မိုးမခ အထောက်တော် ၀၀၃

မေ ၁၀၊ ၂၀၀၉

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် လျက်ရှိသည့် အမေရိကန် နိုင်ငံသား အချို့အပေါ် နအဖ အစိုးရက စိစစ် ပြန်ပို့မှုများ ရှိနေသည် ဟုရန်ကုန်မှ ပြန်ရောက်လာသော မြန်မာနိုင်ငံသား တဦး၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်သို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိ နေထိုင်လျက်ရှိသည့် အမေရိကန် နိုင်ငံသား နှစ်ဦးကို မြန်မာ ထောက်လှမ်းရေးများက ပြန်လွှတ် (deport) ခဲ့ကြောင်း အဆိုပါ အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် လေယာဉ်တစီးထည်း စီးပြီး ဘန်ကောက်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ပြောဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံသားတဦး ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ဝင်ရောက်သွားခဲ့သည့် အဖြစ်အပျက် ဖြစ်ပြီးနောက် ယခုကဲ့သို့ အမေရိကန် နိုင်ငံသား များအပေါ် စိစစ် ပြန်ပို့မှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

နအဖ အစိုးရက လောလောဆယ် ထိန်းသိမ်းထားသည့် အဆိုပါ အမေရိကန်နိုင်ငံသားနှင့် ပတ်သက်ပြီး အစိုးရပိုင် သတင်းစာတွင် လုံခြုံရေး တင်းကြပ်စွာချထားသည့် ဒေါ်အောင်ဆန်းစုကြည် အိမ်ကို အဆိုပါ အမေရိကန်နိုင်ငံသားက တိတ်တဆိတ်ဝင်ရောက်ခဲ့သည် ဟုဖေါ်ပြခဲ့သော်လည်း အဖြစ်အပျက် အသေးစိတ်ကိုမူ ယခုအချိန်ထိ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေ။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး အနေဖြင့် အဆိုပါ ထိန်းသိမ်းခံထားရသည့် အမေရိကန် နိုင်ငံသားအား တွေ့ဆုံခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်တောင်းခံခဲ့ သော်လည်း ယနေ့ အချိန်ထိ နအဖ အစိုးရက ခွင့်မပြုသေးပေ။

အမေရိကန် သမ္မတသစ် အိုဘားမား လက်ထက်တွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုနှင့် နိုင်ငံခြားရေး ပေါ်လစီများကို ပြန်လည်သုံးသပ် လေ့လာမှု များရှိခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဟီလာရီကလင်တန် ကလည်း အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ပေါ်လစီနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

ယခု အဖြစ်အပျက်က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ အပေါ်သဘောထားအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်မရှိနိုင်ကို မြန်မာနိုင်ငံအရေး စောင့်ကြည့်သူများက စိတ်ဝင်စားလျက်ရှိကြသည်။

(photo – Internet, http://www.allmyanmar.com )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts