စာပေဆိုင်ရာနိုဘယ်ဆုရှင်များ (အပိုင်း၃)
သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၃
● ပါးလ်အက်စ်ဘက် (၁၈၉၂-၁၉၇၃)
ကမ္ဘာကျော် စာပေဆိုင်ရာ နိုဘယ်ဆုရရှိသော အမေရိကန်စာရေးဆရာမ နှစ်ဦးအနက် ပထမဆုံး ဆုရသော အမျိုးသမီးမှာ ပါးလ်အက်စ်ဘက် (Pearl S. Buck – 1892-1973) ဖြစ်သည်။ ပါးလ်အက်စ်ဘက်အား အမေရိကန်သာသနာပြု ဇနီးမောင်နှံ Absalom Sydenstricker နှင့် Caroline Stulting တို့မှ ၁၈၉၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဇာတိမှာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ဗာဂျီးနီးယားပြည်နယ် ဟီဘာရိုးမြို့ကလေး (Hillboro) ဖြစ်သော်လည်း ငယ်စဉ်ကစ၍ အသက် ၄ဝ ခန့်အထိ တရုတ်ပြည်၌ နေထိုင်ခဲ့သည်။ သူ၏ တရုတ်နာမည်မှာ Sai Zhenzhu ဖြစ်သည်။ ထိုသို့ တရုတ်ပြည်၌ ကြီးပြင်းလာရသဖြင့် တရုတ်စကားနှင့် စာကို ဦးစွာ သင်ခဲ့ပြီးမှ မိခင် အင်္ဂလိပ်ဘာသာစကားကို နောက်မှ သင်ယူဖြစ်သည်။
ထို့နောက် ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်ပြည်ထောင်စုသို့ ပြန်လာပြီး ဗာဂျီးနီးယားပြည်နယ် ရင်ဒေါ့မက်ကွန် အမျိုးသမီးကောလိပ်၌ ပညာသင်ကြားခဲ့ရာ ၁၉၁၄ ခုနှစ်၌ ၀ိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။ ထို့နောက် နာမကျန်းဖြစ်နေသော မိခင်အား ပြုစုရန် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။
၁၉၁၇ ခုနှစ်၌ တရုတ်ပြည်၌ ရောက်ရှိနေသော သာသနာပြု ဆရာလည်းဖြစ်၊ စိုက်ပျိုးရေးပါရဂူလည်းဖြစ်သော ဂျွန်လောဆင်ဘတ်နှင့် အိမ်ထောင်ပြုပြီး တရုတ်ပြည်မြောက်ပိုင်း၌ သာသနာပြုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲံသည်။ ၁၉၂၅ ခုနှစ်တွင် အမေရိကန်သို့ တဖန် ပြန်လာကာ ကော်နယ်တက္ကသိုလ်တွင် အင်္ဂလိပ်စာကို အဓိကဘာသာရပ်အဖြစ် သင်ယူပြီး ၁၉၂၆ ခုနှစ်၌ မဟာဝိဇ္ဇာဘွဲ့ (M.A) ကို ဆွတ်ခူးခဲ့သည်။ သူ၏ ပထမဆုံးရေးသားသည့် ဝတ္ထုမှာ `တိုင်းတပါးရောက်နေသူ´ ဖြစ်သည်။ ယင်းနောက် ရှေးခေတ်တရုတ်ပြည်နှင့် တရုတ်ပြည်သစ်အကြောင်းရေးထား သည့် `အရှေ့လေ၊ အနောက်လေ´ ဖြစ်သည်။ အဆိုပါစာအုပ်ကို ၁၉၃ဝ ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဆင်းရဲသော တရုတ်လယ်သမားများ၏ အကြောင်းရေးထားသည့် `မြေပဒေသာ´ (The Good Earth) ဝတ္ထုကို ၁၉၃၁ ခုနှစ်က ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုဖြင့် အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော် `ပူလစ်ဇာ´ စာပေဆုကို ၁၉၃၁ ခုနှစ်တွင် ချီးမြှင့်ခံရသည်။ ယင်းဝတ္ထုကို ၁၉၄၄ တွင်လည်း ဒဂုန်ခင်ခင်လေး (၁၉ဝ၄-၁၉၈၁) က `မြေပဒေသာ´ အမည်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့သည်။ ဤ၀တ္ထုကိုပင် ၁၉၆၀ ပြည့်နှစ်က ဂုဏ်ဝင်းက `မဟာပထ၀ီ´ အမည်ဖြင့် နှစ်တွဲခွဲ၍ ဘာသာပြန်ကာ ထုတ်ဝေခဲ့သည်။
၁၉၃၃ ခုနှစ်၌ ယေးလ်တက္ကသိုလ်မှ ပါးလ်ဘက်အား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။ ပါးလ်ဘက်သည် ၁၉၃၄ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၌ အမြဲနေထိုင်ခဲ့သည်။ ၁၉၃၅ တွင် ပထမခင်ပွန်း ဂျွန်ဗက် နှင့် ကွာရှင်းပြီးနောက် စာအုပ်ထုတ်ဝေသူ ရစ်ချတ်ဂျေဝဲလ်နှင့် ဒုတိယအိမ်ထောင်သစ်ထူခဲ့သည်။ ပါးလ်ဘက်သည် စာအုပ်ပေါင်း ၈၅ အုပ်ခန့် ရေးသားထုတ်ဝေခဲ့သည်။
သူ၏ ထင်ရှားသော စာအုပ်များမှာ `သားများ´ Sons (1932) ၊ `မယားကြီးနှင့်အခြားဝတ္ထုတိုများ´ The First Wife and Other Stories (1933)၊ `အမေ´ Mother (1934)၊ `မညီညွတ်သည့်ဂေဟာ´ A House Divided (1935)၊ `တိုက်ပွဲနွှဲခဲ့သော သူတော်ကောင်း (၁၉၃၆)၊ မျိုးချစ်စိတ်ရှိသူ The Patriot ၊ နဂါးမျိုးစေ့ Dragon Seed (1942)၊ `ထိုကတိ´ (၁၉၄၃)၊ `ပီကင်းမှပေးစာ´ Letter from Peking (1957)၊ `နှစ်သစ်ကူးနေ့´ The New Year (1968) တို့ ဖြစ်သည်။ သူသည် ကလေးစာပေများ၊ အမေရိကန်နှင့်တရုတ်ပြည် ချစ်ကြည်နားလည်မှုရရှိရေးအတွက် အက်ဆေးများလည်း ရေးသားခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး အပြီး၌ အာရှတိုက်တွင် အမေရိကန်စစ်သားများဖြင့် ပေါင်းဖော်ရာမှ အဖေမပေါ်သူ ကလေးများအတွက် ပါးလ်ဘက် ဖောင်ဒေးရှင်းအဖွဲ့တည်ထောင်ကာ စာမူခရရှိသော စုဆောင်းငွေများအနက် ဒေါ်လာ ၇ သန်း (ယခုမြန်မာငွေ သန်း ၇ဝဝဝခန့်) ကို အဖွဲ့ရန်ပုံငွေအဖြစ် လွှဲပြောင်းပေးခဲ့သည်။
စာပေဆိုင်ရာ နိုဘယ်ဆုရ ပါးလ်ဘက်သည် ၁၉၇၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ခဲ့လေသည်။