>Dr. Than Tun by Htain Linn

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၅)
ရဲရဲတောက် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း
ထိန်လင်း
မေ ၄၊ ၂၀၀၉

တိုင်းပြည်တစ်ခုဟာ ဆိုးဝါးတဲ့ ခေတ်ရဲ့အောက်မှာ ရောက်နေရပြီဆိုရင် အဲဒီ ဆိုးဝါးမှုတွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်တတ်သလို ကျပ်တည်းမှုတွေကြားမှာပဲ ထူးချွန်သူတွေ၊ ပညာရှင်တွေ ထွက်ပေါ်တတ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဲဒီလို ထွက်ပေါ်ခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

‘မအ အောင်လို့’ သမိုင်းသင်ဖို့လိုတယ် ဆိုတဲ့ ဆရာ့ရဲ့ စကားက တိုသလောက် ရှင်းလှပါတယ်။ ဆရာ့ ဘဝတလျှောက်လုံး လေ့လာပြုစုခဲ့တဲ့ သမိုင်းကျမ်းတွေ၊ ဆောင်းပါးတွေက နောင်ခေတ်အဆက်ဆက် အသုံးဝင်မယ့် မှတ်တမ်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းတွေ ကျန်ခဲ့ဖို့ စာတွေအများကြီး ဖတ်ရှုလေ့လာခဲ့ရသလို နေရာစုံကို ကိုယ်တိုင်သွားရောက်ပြီး လေ့လာ ပြုစုရတာတွေလည်း ရှိပါတယ်။ ဆရာ ပြုစုခဲ့တဲ့သမိုင်းစာအုပ်တွေထဲမှာ ခေတ်ဟောင်း ရာဇဝင်တွေကနေ ခေတ်သစ်သမိုင်းတွေ အထိ ပါဝင်သလို သုတေသနနဲ့ပတ်သက်တဲ့ စာပေတွေလည်း ရေးသားခဲ့ပါတယ်။ ဒီလိုပဲ သမိုင်းနဲ့ပတ်သက်တဲ့၊ အနုပညာနဲ့ပတ်သက်တဲ့ မြန်မာ စာအုပ်တွေကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သလို အင်္ဂလိပ်ကနေ မြန်မာကို ပြန်ဆိုခဲ့တဲ့ ဘာသာပြန် စာအုပ်တွေလည်း အများအပြား ရေးသားခဲ့ပါတယ်။

သမိုင်းကို လေ့လာတဲ့အခါ နှံ့နှံ့စပ်စပ် ဘယ်လောက်လေ့လာတယ်ဆိုတာ ဆရာ့စာတွေက ဖော်ပြနေပါတယ်။ ၁၉၆ဝ ပြည့်နှစ်တွေက မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာတမ်းဖတ်ပွဲတွေမှာ ဆရာ့ရဲ့ သမိုင်းစာတမ်းတွေ ပါဝင်ခဲ့ပြီး အဲဒီစာတမ်းတွေထဲက ‘အမှိုက်ထဲက သမိုင်း’ဆိုတဲ့ စာတမ်းမှာ အမှိုက်လို ပစ်ထားတဲ့ စာအုပ်အဟောင်းကလေးတွေကနေ ရရှိတဲ့ သမိုင်းအချက်အလက်တွေကို ထုတ်နုတ် တင်ပြထားပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသားခဲ့တဲ့ ဋီကာစာအုပ်တွေအကုန်လုံး ဖတ်ရှုပြီး ရေးသားထားတဲ့ ‘မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထား အထွေထွေ’ စာအုပ်ဆိုရင်လည်း စာအုပ်တွေကို လက်လှမ်းမမီလို့ မဖတ်နိုင်တဲ့သူတွေအတွက်ရော၊ အရင်ခေတ် စာပေအရေးအသားကို ဖတ်ဖို့ အဆင်မပြေသူတွေ အတွက်ပါ တထိုင်တည်း တစ်အုပ်တည်းမှာ ဖတ်ရှုနိုင်တဲ့ အနှစ်ချုပ်စာအုပ် ဖြစ်ပါတယ်။

ဆရာ့ကို ၁၉၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့က ပုသိမ်ခရိုင် ငသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာမှာ မွေးဖွားခဲ့ပြီး ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာသက်ရှိထင်ရှား ရှိဦးမယ်ဆိုရင် အခုနှစ် ဆရာ့ရဲ့ ၈၆ နှစ်ပြည့်မွေးနေ့ ကြုံရမှာဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ မွေးခဲ့တဲ့ ဆရာက ၁၇ နှစ်လုံးလုံး သမိုင်းပါမောက္ခအဖြစ် အမှုထမ်းခဲ့တဲ့ မန္တလေးတက္ကသိုလ် သမိုင်းဌာနကို သံယောဇဉ်ရှိလွန်းလို့ မန္တလေးရောက်တုန်း အဲဒီမှာ ညအိပ်တည်းခိုရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဆရာဟာ ရန်ကုန်တက္ကသိုလ်၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်၊ မီရှိဂန်တက္ကသိုလ်တို့က သမိုင်းဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့သလို ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ ဂျပန်ခေတ်မှာ အာရှလူငယ်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သလို ငါးသိုင်းချောင်းမြို့ရဲ့ ပထမဆုံး ဖဆပလ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) ညီလာခံကနေ ဗကသ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီကာလအတွင်း ထုတ်ဝေခဲ့တဲ့ ကျောင်းသားဟစ်တိုင် စာစောင်မှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို နိုင်ငံရေးအခြေခံရှိတဲ့ ပညာရှင်ဖြစ်တာမို့ ဆရာဟာ ပြတ်သားတဲ့အမြင် ရှိသလို၊ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူလည်းဖြစ်ပါတယ်။ ဆရာရဲ့ အဲဒီလိုစိတ်ဓာတ်နဲ့ပတ်သက်လို့ အမှတ်ရမိတဲ့ အရာ ၂ ခု ရှိပါတယ်။ တစ်ခုက ၂ဝဝ၁ ခုနှစ်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ-ထိုင်း နယ်စပ်ပြဿနာ အတွင်း ဆရာ့ရဲ့ ပြောစကားတွေဖြစ်ပါတယ်။ အဲဒီတုန်းက ၂ နိုင်ငံ နယ်စပ်တွေ ပိတ်လိုက်ပြီးတော့ စစ်အစိုးရရဲ့ ပင်တိုင် သတင်းစာဆောင်းပါးရှင်တွေနဲ့ သမိုင်းပညာရှင် ဆိုသူတို့က ထိုင်းနိုင်ငံ မကောင်းကြောင်း ဆောင်းပါးတွေ ရေးသားခဲ့ကြပါတယ်။ စာသင်ကျောင်းတွေမှာပါ အဲဒီလို အပုပ်ချထားတဲ့ သမိုင်းစာအုပ်တွေကို သင်ကြားဖို့ ပြဋ္ဌာန်းခဲ့တဲ့အထိပါပဲ။ အဲဒီအချိန် ပြည်ပ အသံလွှင့်ဌာနတွေက ဆရာကြီးကို ဆက်သွယ်ပြီး သမိုင်းကို အဲဒီလို အသုံးချသင့် မချသင့်၊ သမိုင်းပညာရှင်ဆိုသူက အဲဒီလို စာမျိုး ရေးသင့် မရေးသင့် မေးမြန်းကြပါတယ်။ ဆရာကြီးက အဲဒီလို မဖြစ်သင့်တဲ့အကြောင်း ဖြေကြားခဲ့တဲ့အပြင် အဲဒီလို လူမျိုးနဲ့ မဂ္ဂဇင်းတစ်အုပ်တည်းမှာတောင် စာမရေးချင်ဘူး၊ မရေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့ ဘယ်သူဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မကြည့်ဘဲ သူတို့ကို ဘယ်လောက် အနှောင့်အယှက် ပေးတယ်ဆိုတာကိုသာ ကြည့်လေ့ရှိပါတယ်။

ဆရာကွယ်လွန်ပြီး ၂ ကျော်တော့ စာရေးဆရာမကြီး လူထုဒေါ်အမာက ‘ဆရာ့ကို လွမ်းလို့မဆုံးနိုင်ပါကလား ဆရာရယ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် အမှတ်တရရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာ ဆရာနဲ့ သူတို့ဇနီးမောင်နှံ ရင်းနှီးမှုတွေအကြောင်းနဲ့ ဆရာနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကို ရေးသားခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဆရာ့ကို ဖုကူအိုကာ အာရှ ယဉ်ကျေးမှုပညာရှင်ဆု ဘာကြောင့်ချီးမြှင့်တယ် ဆိုတဲ့အကြောင်း ခုလို ရေးသားခဲ့ပါတယ်။

“၂ဝဝဝ ပြည့်နှစ် ၁၁ ကြိမ်မြောက် ဖုကူအိုကာ အာရှဓလေ့ဆုကို ဂျပန်ပြည်က ချီးမြှင့်ခဲ့တယ်။ အာရှယဉ်ကျေးမှုတံဆိပ် ဆရာ ချီးမြှင့်ခံခဲ့ရတယ်။ ဂျပန် အနုပညာယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့က ဒီလို ဆုချီးမြှင့်ခဲ့တာကတော့ –

‘ဆရာက မြန်မာရာဇဝင်ကို ဝေဖန်ဆန်းစစ်ခဲ့ပြီး မြန်မာ့သမိုင်း လေ့လာမှုကို ဦးဆောင်ခဲ့တယ်။ ပြီးတော့ လုံးဝ ထူးခြားဆန်းသစ်တဲ့ရှုထောင့်က ဖော်ထုတ်တင်ပြခဲ့သူမို့၊ အာရှတိုက်က ထင်ရှားတဲ့ ထိပ်တန်း သမိုင်းပညာရှင်ထဲက တစ်ယောက်ဖြစ်လို့ပါ’တဲ့။ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝပြီး ယုံကြည်ချက်ခိုင်မာသူ ဖြစ်တဲ့အတွက် ကမ္ဘာက မြန်မာရာဇဝင်ကို လေ့လာမယ်ဆိုရင် ဆရာပြုစုခဲ့တဲ့ကျမ်းတွေက မရှိမဖြစ်ကျမ်းတွေ ဖြစ်ခဲ့ပါတယ်။”

ပြီးတော့ ဆရာ ကွယ်လွန်သွားတဲ့အတွက် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို “ဆရာဆုံးသွားတော့ လွမ်းတယ်။ အခုအချိန်မှာ ဆရာလို ဆရာမျိုး၊ အစားထိုးစရာမရှိလို့ နှမြောတယ်။ ဆရာနဲ့ ဦးလှ၊ ချမ်းသာတဲ့ဘုံမှာ ဆက်လက်ကြိုးပမ်းအားထုတ်နိုင်ကြပါစေ” လို့ ရေးသား အဆုံးသတ်ထားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့နှစ် ဆရာ့ မွေးရက်မှာမှ အမေလူထုဒေါ်အမာက ကွယ်လွန်ခဲ့ရပြန်ပါတယ်။ မြန်မာပြည်အတွက် အဖိုးတန်တဲ့ ပညာရှင်တွေ ဆုံးပါးခဲ့ရလို့ နှမြောရသလို ဒီခေတ် ဒီစနစ်ကြီးအောက်မှာ နောက်ထပ် ဒီလို ပုဂ္ဂိုလ်မျိုးတွေ မပေါ်မှာကိုလည်း စိုးရိမ်မိပါတယ်။ ။

ထိန်လင်း (၁၃ ၊ ၄၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဧပြီလ ၂၄ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts