ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● ဗိုလ်ချုပ်အောင်ဆန်းနှင့်စာဖတ်ခြင်း (စာကြည့်တိုက်)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ) ● ဗိုလ်ချုပ်အောင်ဆန်းနှင့်စာဖတ်ခြင်း (စာကြည့်တိုက်)

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

အာဇာနည်နေ့ ၂၀၁၆ မှာတော့ သတင်းစာ၊ ဂျာနယ်ဆောင်းပါးများ၊ စာအုပ်ကောင်းများ ဖတ်ကြည့်မိတယ်။ စစ်တပ်အကြီး ကဲနဲ့ အစိုးရအဖွဲ့မှဒေါ်အောင်ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး) တို့ အတူတက်ရောက်ကြတယ်ဆိုတော့ မြန်မာ ပြည်ကြီးအတွက် အလွန်အားရှိစရာပါ။ မြန်မာနိုင်ငံပြန်လည်ထူထောင်ချိန် ကဏ္ဍအသီးသီးက မြန်မာခေါင်းဆောင်များ Myanmar Good Attitude ပညာခေတ်နဲ့အညီ စိတ်ရင်းကောင်းသူများ ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒီအတွက် ကျေနပ် စရာကောင်းသလို.. အနာဂါတ်ခေါင်းဆောင်များက ပေးဆပ်တဲ့စိတ်ထားများများရှိဖို့ လိုပါတယ်။

● စာကြည့်တိုက်များ
စာအုပ်ကောင်းများ ဖတ်ရှုခြင်းဟာ လူ့စာရိတ္တမြင့်မားရေးအတွက် အလွန်အထောက်ကူဖြစ်လို့ အမေရိကန်၊ ဂျပန်၊ ဂျာမဏီ၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ စာကြည့်တိုက် (စာအုပ်ဖတ်ခြင်း၊ စာအုပ်ငှားခြင်း) အလွန်အရေးပေးပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနက အစိုးရစာကြည့်တိုက်များအတွက် ဘတ်ဂျတ်အပြင် ဝန်ထမ်းစရိတ်များစွာ အကုန်ကျခံပါတယ်။ ဒါကတော့ ပြန်ကြား ရေးဝန်ကြီးဌာန လုပ်ဆောင်နေတာပါ။ ပညာရေးဝန်ကြီးဌာနရဲ့ စာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိရပါတယ်။ ပညာရေး မူဝါဒက ရမှတ်ထက်ရလဒ်ဦးစားပေးဆိုတာ ကျောင်းသားမိဘ ဆရာတိုင်းသိပါတယ်။ လက်ရှိပညာရေးက ရမှတ်ပညာရေး အဖြစ်ကနေ ပြောင်းလဲနေပါတယ်။ ရလဒ်ကောင်းအောင် ကျောင်းစာကြည့်တိုက် အသက်ဝင်လှုပ်ရှားရပါတယ်။ ဆရာ၊ ဆရာမများကိုယ်တိုင် ကျောင်းစာကြည့်တိုက်က စာအုပ်ကောင်းတွေ ငှားဖတ်ရပါမယ်။ နောက်တဆင့်ကတော့ ကျောင်းသား များလည်း စာအုပ်ငှားဖတ်တဲ့ အကျင့်ကောင်းတွေ ရလာမှာပါ။

စင်ကာပူနိုင်ငံမှာ လုပ်သားပြည်သူစာကြည့်တိုက် Public Library ဆိုတာရှိပါတယ်။ စာအုပ်များစွာရှိပြီး နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ စာအုပ် ၁၀အုပ် အခမဲ့ငှားခွင့်ရှိပါတယ်။ ငှားတာ ၂ ပတ်ကျော်ရင် ဒဏ်ကြေးဆောင်ရပါတယ်။ ကိုယ်ငှား တဲ့စာအုပ် ရက်လွန်လာရင် တယ်လီဖုန်းမှာ မက်ဆေ့လာပါတယ်။ အီးမေးလာပါတယ်။ အမေရိကန်နိုင်ငံ မြို့ပေါင်း တ သောင်းလောက်ရှိတာ မြို့တိုင်း အစိုးရစာကြည့်တိုက်ရှိပါတယ်။ စာရေးသူ အမေရိကားတစ်နှစ် အလုပ်လုပ်ခဲ့စဉ်က ဆန်ဖ ရန်စစ္စကိုမြို့က စာကြည့်တိုက်တခုမှာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္နိယ၊ ကိုးရီးယား စာအုပ်များကို စင်နဲ့တင်ထား တာတွေ့ပါတယ်။ ဒါကြောင့် မြန်မာစာအုပ်များတင်ထားပေးဖို့ ၂၀၀၈ ခုနှစ်မှာ ကြိုးစားခဲ့ပါသေးတယ်။ ဆန်ဖရန်စစ္စကမှာ နေထိုင်တဲ့ စိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာဆလိုင်းထွန်းသန်း (အသက်၈၀)နဲ့ စာကြည့်တိုက်တာဝန်ခံများ တွေ့ဆုံညှိ နှိုင်းခဲ့ဖူးပါတယ်။ အခုလောက်ဆိုရင်တော့ မြန်မာစာအုပ်များ အမေရိကန်အစိုးရ စာကြည့်တိုက်တွေမှာ တွေ့နေရလောက်ပါပီ။ စင်ကာပူမှာတော့ လူမျိုးများစွာကို ထိန်းရခတ်မှာစိုးလို့ အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ်အိန္နိယ ဘာသာ (၄) ခုကလွဲပြီး တခြားဘာသာစကားတွေ ကန့်သတ်ထားပါတယ်။ အမေရိကန် သြစတြေးလျားတွေမှာတော့ ကိုယ့်ရပ်ကွက်မှာ မြန်မာ ၁  ရာခိုင်နှုန်းရှိရင် အဲဒီကျောင်းမှာ မြန်မာစာကို ဒုတိယစကားအဖြစ် သင်ယူခွင့်ပေးတယ်၊ စာကြည့်တိုက်တွေလဲ ဖွင့်ခွင့်ပေးတဲ့ အပြင် အသံလွှင့်ခွင့်တွေလဲ ရပါတယ်။ စင်ကာပူ ဟောင်ကောင်လို နိုင်ငံသေးလေးတွေမှာ မရပါပေမဲ့ ပုဂ္ဂလိက စာကြည့် တိုက်၊ ကျောင်းလုပ်ခွင့်တော့ ပေးပါတယ်။

မြန်မာများစွာနေထိုင်တဲ့ စင်ကာပူနိုင်ငံမှာ မြန်မာအစိုးရ ပုဂ္ဂလိကကျောင်းတခု မြန်မာသံရုံးက ဦးဆောင်ဖွင့်လှစ်နိုင်ဖို့ အ များကြီးမျှော်လင့်ပါတယ်။ အခုတော့ စင်ကာပူနိုင်ငံမှာ မြန်မာစုရပ် ပင်နီစူလာပလာစာမှာ လမ်းပြကြည်မြန်မာစာကြည့်တိုက် ၁၀ နှစ်ကြာအောင် လည်ပတ်ငှားရမ်းပေးနေပါတယ်။

● ဖေ့ဘုတ် (အင်တာနက်) ကြောင့် စာအုပ်ငှားဆိုင်ခေတ်ကုန်ဆုံးခြင်း
သမ္မတဦးသိန်းစိန် (အငြိမ်းစား) လက်ထက်မှာ မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာ အလွန်ခေတ်စား၊ ဈေးချိုလာပါတယ်။ ဖေ့ ဘုတ်နည်းပညာ လူတိုင်းအလွယ်တကူတတ်မြောက်တော့ ဖေ့ဘုတ်က စာတွေဖတ်ကြလို့ စာအုပ်ဖတ်ခြင်းဓလေ့ အလွန်ကျ ဆင်းသွားပါတယ်။ အရင်ကတော့ အားရင် စာအုပ်ငှားဆိုင်က ကာတွန်း၊ ဝတ္တုတွေ သွားငှားဖတ်တာ အခုခေတ်မှာ ဖေ့ဘုတ် က သတင်းတွေ၊ စာတွေပဲ ဖတ်နေကြပါတယ်။ ဖတ်ချင်တဲ့ ပညာခေတ်လူထုကြီးရှိပေမဲ့ စာကြည့်တိုက်တွေ စာအုပ်ငှား ဆိုင်တွေ လည်ပတ်မှုမရှိတော့ပါ။ စာအုပ်ဈေးကြီးလာခြင်း၊ စာအုပ်ပို့ဆောင်စရိတ်ကြီးခြင်း၊ အစိုးရပြန်ကြားရေးဌာန စာပေဗိမ္မာန်လို စာကောင်းပေကောင်းများ ထုတ်ဝေတဲ့ ပုံနှိပ်တိုက်လုပ်ငန်းအပြင် စာအုပ်ကောင်းတွေကို နယ်မြို့များဆီ စရိတ်သက်သာစွာပို့ပေးမဲ့ Book Post စနစ်လိုအပ်နေပါပြီ။

အမေရိကန်ကန်၊ စင်ကာပူတွေမှာ ပြည်တွင်းထုတ် စာအုပ်ကောင်းများသာမက၊ နိုင်ငံခြားကစာအုပ်ကောင်းတွေကိုပါ စာကြည့်တိုက်များက ဝယ်ယူငှားရမ်းပေးပါတယ်။ စာအုပ်မဝယ်နိုင်သူများအတွှက် စာဖတ်ဖို့ စာကြည့်တိုက်တွေကို ငွေအား၊ လူအားနဲ့ အစိုးရကအားပေးပါတယ်။

မြန်မာပြည်မှာတော့ ပထမဆုံး ကျောင်းဆရာ အရည်အချင်းတိုးတက်ဖို့ လစာငွေအပြင် အခြားစရိတ်တွေပါ ပံ့ပိုးဖို့ စတင်နေပါတယ်။ ဒါထက် ပိုအရေးကြီးတာတော့ အထူးသဖြင့် အသက်၄၀အောက် ကျောင်းဆရာ၊ ဆရာမများကို ကျောင်းစာကြည့်တိုက်များနဲ့ အကျွမ်းဝင်၊ စာကောင်းပေကောင်းများ ဖတ်လာအောင်၊ တပည့်တွေကို စာသင်ရင် စာရိတ္တပညာပါ ပို့ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ဆရာတွေအတွက် ပညာရေးဌာနက စာအုပ်ကောင်းတွေ စာကြည့်တိုက်မှာ ပံ့ပိုးပေးထားရပါမယ်။ အခုတော့ လိုပါသေးတယ်။ ကျောင်းသားမိဘများကပဲ ဆရာများ စာကောင်းပေကောင်းများ ရသ၊ ကဗျာစာပေများ ခံစားဖို့ အချိန်လိုပါတယ်။ စာများများဖတ်နိုင်တဲ့ ကျောင်းဆရာများပဲ ကမ္ဘာ့အဆင့်ထိ ထူးချွန်ခဲ့ကြပါတယ်။

ဦးသန့် (ကျောင်းအုပ်ဆရာ ပန်းတနော်မြို့မှ ကမ္ဘာ့ကုလသမဂ္ဂအကြီးကဲ ဖြစ်လာခဲ့သူ)
ဗိုလ်ချုပ်အောင်ဆန်း (မြန်မာလွတ်လပ်ရေးခေါင်းဆောင်)
ဦးနု (ဝန်ကြီးချုပ်ဟောင်း၊ စာပေဗိမာန်အသင်း စတင်ပေးခဲ့သူ)
ယခုခေတ် ဒေါ်အောင်ဆန်းစုကြည် … စတဲ့ ခေါင်းဆောင်များ စာကောင်းပေကောင်းများကို အလွန်ရတဲ့အထိ စာဖတ်အားကောင်းသူများ ဖြစ်ပါတယ်။

● စာကောင်းပေကောင်းများ ထုတ်ဝေခြင်း
အခုခေတ်မှာ စာအုပ်ရေ တစ်ထောင် ထုတ်နိုင်ဖို့ ငွေ၁၀သိန်းလောက် အကုန်ခံရင်ရပါတယ်။ ပြသနာက တကယ်ဖတ်သူများဆီ ရောက်သွားဖို့ပါ။ စာရေးသူ ငယ်စဉ်က မုံရွာမြို့မှာ နေထိုင်စဉ် ဖခင်ဖြစ်သူက ရီးဒါးဒိုင်ဂျက်စ် (အင်္ဂလိပ်စာစောင်) မှာဖတ်ပါတယ်။ စာပေဗိမာန်အသင်းဝင် ဆိုတော့ လစဉ် စာကောင်းပေကောင်းတွေ စာတိုက်ကနေ အိမ်အထိ ဗွီပီပီ ဆိုတဲ့ Book Post နဲ့ရောက်လာပါတယ်။ ကာယဗလဦးရှိန်၊ အလင်္ကာကျော်စွာဦးဟန်ပ၊ စတဲ့ စာအုပ်ကောင်းများစွာ အုပ်ရေ၅သောင်းအထိ စာပေဗိမာန်က ပုံနှိပ်ဖြန့်ဝေပါတယ်။ စာဖတ်တဲ့ပရိတ်သတ်က ရှိနေပြီးတဲ့အတွက်ပါ။

အခုခေတ်မှာ မဂ္ဂဇင်းဂျာနယ်တွေ လပေးစနစ်နဲ့ ဝယ်ဖတ်နေပေမဲ့ စာအုပ်ကောင်းတွေ ထုတ်ဝေဖြန့်ဝေဖို့ အချိန်၊ ငွေ အခက်ခဲကြီး ရှိနေပါတယ်။ ငွေ၅ထောင် ရလာရင် စာအုပ်ကောင်း တအုပ်၂ထောင် ဝယ်မဖတ်ပဲ ဒန်ပေါက် ၂ထောင်ငါးရာ ဝယ်စားလိုက်တဲ့ ဆင်းရဲမွဲတွေနဲ့ ခေတ်ကာလ ဖြစ်နေလို့ပါ။

အမေရိကန်မှာ စာအုပ်ကောင်းတအုပ် ထုတ်လိုက်ရင် ဝယ်မဲ့ အစိုးရစာကြည့်တိုက် ၁သောင်းက အသင့်ရှိနေတယ်။ ထုတ်ဝေသူက စာအုပ်ကောင်းပဲ ထုတ်ဖို့လိုပါတယ်။ မူလတန်း၊ အထက်တန်း၊ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်း သိန်းချီရှိနေပြီး အဲဒီ ကျောင်းစာကြည့်တိုက်များကလည်း ဝယ်ယူကြပါတယ်။ ဒါကတော့ အစိုးရပံ့ပိုးတဲ့ ဘတ်ဂျတ်ငွေနဲ့ စာအုပ်ကောင်းများ မဝယ်ဖတ်နိုင်သူများအတွက် ငှားဖို့စနစ်ပါ။ သူတို့နိုင်ငံမှာတော့ တနေ့လုပ်အားခက ဒေါ်လာ ၆၀ ဆိုတော့ ထမင်းတနပ် ၅ဒေါ်လာဝယ်စားပြီး ကျန်တဲ့ငွေနဲ့ စာအုပ်ကောင်းတအုပ် ၁၀ဒေါ်လာ ဝယ်ဖတ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရက်လုပ်အားခ ကျပ်၅ထောင် ဆိုတော့ ထမ်းတနပ် ကျပ်၂ထောင် ဝယ်စားပြီး ကျန်တဲ့ငွေနဲ့ ၂ထောင်တန် စာအုပ်မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ ၅ရာတန် ဂျာနယ်ဝယ်ဖတ်ပါတယ်။

မြန်မာနိုင်ငံသားများဟာ ကမ္ဘာမှာ စာအဖတ်ဆုံးလူမျိုးလို့ ပြောနိုင်ပါတယ်။ စာဖတ်တဲ့ မြန်မာများ စာအုပ်ကောင်းဖတ်တဲ့ မြန်မာခေါင်းဆောင်သစ်များ ကြိုးစားမှုနဲ့ မြန်မာပြည်ကြီး အလျှင်အမြန်မ တိုးတက်လာမယ်မျှော်လင့်ပါတယ်။

● နိဂုံး
အခုချိန်မှာတော့ အစိုးရမှာ စာကြည့်တိုက် ဘတ်ဂျတ်မတတ်နိုင်သေးလို့ ပြည်သူလူထုကပဲ တနိုင်တပိုင် ပုဂ္ဂလိကကျောင်းများ၊ စာကြည့်တိုက်များကိုပဲ အားကိုးရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မြို့နယ်ပေါင်း ၃၆၀ကျော်က ပြန်ကြားရေးစာကြည့်တိုက်များ ပြန်လည်ပြုပြင်ဖို့ အချိန်ရောက်နေပါပြီ။ ပထမဆုံး စာကြည့်တိုက်မှုးများကို စုပေါင်းသင်တန်းပေးရပါမယ်။ သူတို့ကိုယ်တိုင် စာဖတ်ဆန္ဒရှိသူများ ဖြစ်ရပါတယ်။ ဆန္ဒမရှိသူများကို လုပ်သက်အလိုက် နစ်နာကြေးပေးပြီး ပင်စင်ပေးဖို့၊ တကယ်ဆန္ဒရှိတဲ့ စာကြည့်တိုက်မှုးများကို ရွေးချယ်ခန့်ထားခြင်းနဲ့ စတင်ရပါမယ်။ စတင်နေတယ်လို့လဲ ယုံကြည်ပါတယ်။

ဒီဆောင်းပါးဖတ်သူဟာ တပါတ်မှာ စာအုပ်ကောင်းတအုပ် ဖတ်နေသူလို့မှန်းဆပါတယ်။ (စာအုပ်ကောင်းတွေဖတ်ဖြစ်ဖို့ တိုက်တွန်းမိတာပါ ခင်ဗျာ။ ဘုရားစာဖြစ်ဖြစ်ပေါ့နော်)။ …

အဆောက်အဦနဲ့ စာအုပ်ကောင်းများကိုတော့ လုပ်သားပြည်သူများထံက အလှုခံနိုင်ပါတယ်။ စိတ်ချယုံကြည်ရတဲ့ စာကြည့်တိုက်မှုး ဆိုရင် စာအုပ်ကောင်းများကို လှုဒါန်းပေးဖို့ စေတနာစိတ်များတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ လှုဒါန်းခြင်းမှာ အမေရိကန်နဲ့အတူ ကမ္ဘာ့အဆင့်(၁) ရရှိခဲ့တဲ့ မြန်မာနိုင်ငံသားများပါ။

စာရေးသူနဲ့ မိတ်ဆွေ ၈ယောက် စုပေါင်းပြီး ၂၀၀၆ ခုနှစ်မှာ စင်ကာပူ လမ်းပြကြည်စာကြည့်တိုက် စတင်ခဲ့ပါတယ်။ စာအုပ်အရေအတွက် ၅၀၀ ရအောင် အဖွဲ့သားတွေ လှုဒါန်းကြပါတယ်။ ဦးဘိုဘိုဝင်း (ယခု နှင်းဆီဖြူစာပေ) က သူပိုင်ဆိုင်တဲ့ စာအုပ်ကောင်း ၃၀၀လောက်ကို ရက်ရောစွာ လှုဒါန်းပါတယ်။ စွန့်လွှတ်ခြင်းဆိုတာ ကိုယ်နှစ်သက်လို့ဝယ်ထားတဲ့ စာအုပ်တွေကို အများဖတ်ရှုနိုင်အောင် လှုဒါန်းခြင်းပါ။ စာကြည့်တိုက်ဖွင့်ပြီး တလအတွင်းမှာ စာအုပ်ပေါင်း ၅၀၀ကနေ ၅၀၀၀ ဖြစ်လာပါတယ်။ စာအုပ်ကောင်းများစွာ လာရောက်လှုဒါန်းကြပါတယ်။ မြန်မာစွယ်စုံကျမ်း (၁၅တွဲ)အပါအဝင် အခုခေတ် တအုပ်ကို ကျပ်၂သောင်းလောက် တန်တဲ့ စာအုပ်များစွာ လာရောက်လှုဒါန်းကြပါတယ်။ ငှားတဲ့လူတွေလဲ ပြန်မအပ်ပဲ စာအုပ်အပိုင်စီးသူ မရှိသလောက် နည်းပါးလှပါတယ်။

ဒါကြောင့် အစိုးရကိုယ်တိုင် ဦးစီးပြီး စာအုပ်ကောင်းတွေ မထုတ်နိုင်၊ မဝယ်နိုင်သေးတဲ့ကာလမှာ ရပ်ရွာကျောင်းသားမိဘများကပဲ ကျောင်းစာကြည့်တိုက်၊ အစိုးရပြန်ကြားရေးစာကြည့်တိုက်များကို ပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။ ဇော်အောင်(မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင် (မုံရွာ) ● ဗိုလ်ချုပ်အောင်ဆန်းနှင့်စာဖတ်ခြင်း (စာကြည့်တိုက်)
  1. ဆရာဇော်အောင်(မုံရွာ) ခင်ဗျာ။ လမ်းပြကြယ် မြန်မာစာကြည့်တိုက်(စင်္ကာပူ) ကို စတင်တည်ထောင်သူတစ်ယောက်လို့ သိရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အဲဒီစာကြည့်တိုက်က စာကောင်းပေကောင်းကို လိုက်လံရှာဖွေဖတ်ရှုသူများအတွက် အားထားရတဲ့ ရသ သုတဘဏ္ဍာတိုက်ကြီးလည်း ဖြစ်ပါတယ်။ ကျနော်ဆိုရင် အခုထိကို ငှားရမ်းဖတ်ရှုနေဆဲပါ။

    ဆရာ့ဆောင်းပါး နိဂုံးမှာပါဝင်တဲ့ ကျောင်းစာကြည့်တိုက်တွေနဲ့ အစိုးရပြန်ကြားရေးစာကြည့်တိုက်တွေကို တိုးတက်အောင် ပြုစုပျိုးထောင်ကြဖို့ဆိုတာကို သဘောတူပါတယ်။ တဆက်တည်းမှာပဲ မြို့တွေနယ်တွေမှာရှိတဲ့ ပြန်ဆက် စာကြည့်တိုက်တွေဟာ ၀န်းကျင်မှာရှိကြတဲ့ စာသင်ကျောင်းတွေရဲ့ စာကြည့်တိုက်တွေကို တနည်းနည်းနဲ့ အထောက်အကူဖြစ်စေရင် ပိုမိုသင့်လျော်မယ်လို့ ထင်မြင်မိပါတယ်။

    စာကြည့်တိုက်တွေ ဖွံ့ဖြိုးအောင် လုပ်စေခြင်းဟာ ပြည်သူတွေကို အလင်းရောင်ပေးတာနဲ့ အတူတူပါပဲ။
    ဆောင်းပါးဖတ်ရတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။

Comments are closed.