>peoples’ Ludu Daw Ah Mar

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၄)
ပြည်သူချစ်သော လူထုဒေါ်အမာ
ထိန်လင်း
ဧပြီ ၂၆၊ ၂ဝဝ၉


မြန်မာစာပေနယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သခင်ကိုယ်တော်မှိုင်း၊ ဆရာမှိုင်း၊ ဘကြီးမှိုင်း၊ ဆရာလွန်း စသဖြင့် ကြည်ညိုစိတ်နဲ့ အမျိုးမျိုး ခေါ်ကြသလိုပဲ အမေ လူထုဒေါ်အမာ ဆိုရင်လည်း အမေ၊ အမေမာ၊ ဒေါ်ဒေါ်၊ ဒေါ်ဒေါ်မာ၊ ဖွားကြီးမာ စသဖြင့် ကိုယ့်ရဲ့ ဆွေမျိုး ရင်းချာတွေလို စာဖတ်ပရိသတ်တွေ၊ စာပေနဲ့ အနုပညာနယ်ပယ်က လူတွေက သုံးနှုန်း ခေါ်ဝေါ်ကြတာဟာ သူ့ရဲ့စိတ်စေတနာနဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ စာပေ အနုပညာရှင်တွေက မန္တလေးကို ရောက်တယ် ဆိုတာနဲ့ လူထုတိုက်ကို ဝင်ပြီး အမေမာကို တွေ့ဆုံ ဂါရဝပြုကြတာဟာလည်း ဒီလို ချစ်ခင် လေးစားမှုတွေကြောင့် ဖြစ်ပါတယ်။

တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ၊ စာရေးဆရာမ၊ သတင်းစာ အယ်ဒီတာ၊ ပုံနှိပ်ထုတ်ဝေသူ စသဖြင့် ဂုဏ်ပုဒ်ပေါင်းများစွာ ရရှိခဲ့တဲ့ အမေမာဟာ ကျောင်းသူဘဝကနေ မကွယ်လွန်ခင်အချိန်ထိ စာပေတာဝန်၊ တိုင်းပြည်တာဝန်ကို ကျေပွန်ခဲ့သူဖြစ်ပါတယ်။ ခေတ်စမ်း စာဆိုတစ်ဦးဖြစ်တဲ့ သိပ္ပံမောင်ဝရဲ့ လူထုကြားက အဖြစ်အပျက်ကလေးတွေကို သရုပ်ပေါ်အောင် ရေးသားထားတဲ့ စာပေတွေကို နှစ်သက်မိတာက အမေမာကို စာရေးချင်စိတ် အပြင်းအထန် ပေါ်ပေါက်စေခဲ့တယ်လို့ စာရေးဆရာမကြီး စောမုံညင်းက ‘ဗမာအမျိုးသမီး’ဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့ဖူးပါတယ်။ အမေမာ ရေးသားခဲ့တဲ့ စာပေအများအပြားမှာလည်း အညာကျေးလက် အပါအဝင် ဒေသအတော်များများက လူတွေရဲ့ လူမှုဘဝတွေ၊ မြန်မာမှုနယ်ပယ်က ပုံရိပ်တွေ၊ အတိတ်က မှတ်တမ်းတွေကို မြင်တွေ့ရပါတယ်။ ‘၁၂ ပွဲဈေးသည် နှင့် ကျွန်မတို့အညာ’ စာအုပ်ထဲက ဆောင်းပါးတွေဟာ အဲဒီလို စာမျိုးတွေ ဖြစ်ပါတယ်။

မန္တလေးမြို့ နှစ် ၁၅ဝ ပြည့်ပွဲတော် လုပ်မယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အခါ မန္တလေးနဲ့ ပတ်သက်လို့ အမေမာ ရေးခဲ့တဲ့ ကမBာ့အကြီးဆုံး စာအုပ်၊ ရတနာပုံ မန္တလေး မန္တလေး ကျွန်မတို့ မန္တလေး၊ မန္တလေးသူ မန္တလေးသားများ၊ ကျွန်မတို့ငယ်ငယ်က စာအုပ်တွေကို သတိရမိပါတယ်။ အမေ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် တခုခုတော့ ရေးဦးမှာပဲ လို့လည်း တွေးမိပါတယ်။ မန္တလေးမှာ နေတဲ့သူတွေပဲဖြစ်ဖြစ် မန္တလေးကို စိတ်ဝင်စားသူတွေပဲဖြစ်ဖြစ် အဲဒီစာအုပ်တွေကို မလွတ်တမ်း ဖတ်ရှုစေချင်ပါတယ်။ အဲဒီစာအုပ်တွေက တဆင့် ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲနေတဲ့ မန္တလေးမြို့ရဲ့ အနေအထားတွေ၊ မန္တလေးမြို့က အထင်ကရ ဖြစ်ရပ်တွေ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေအကြောင်း သိရမှာ ဖြစ်ပါတယ်။
အမေမာရဲ့စာတွေကို ဖတ်တဲ့အခါ စာအုပ်ထဲက စာကို ဖတ်နေရတာနဲ့မတူဘဲ ကိုယ့်ဆွေမျိုးရင်းချာတစ်ဦး၊ ကိုယ့်မိတ်ဆွေတစ်ဦးက ရင်းရင်းနှီးနှီး ပြောပြနေသလို ခံစားရပါတယ်။ ပြောပြနေတဲ့ အကြောင်းအရာတွေဟာလည်း စိတ်အာရုံထဲမှာ ပေါ်လာတဲ့အထိ ရှင်းလင်းပါတယ်။ အမေမာ အနေနဲ့ စကားပြောနဲ့ ရေးသားတဲ့ပုံစံကို ၁၉၅၄ ခုနှစ် သတင်းစာဆရာ အာချီဂျွန်စတုန်းရဲ့ ‘၍ည အ့န ညောန သ်္စနခေန’စာမူကို ‘ငြိမ်းချမ်းရေးသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြန်ဆိုရေးသားခဲ့စဉ်က စတင်ခဲ့တယ်လို့ သိရပါတယ်။

အမေမာဟာ ဒီလိုစာမျိုးတွေကို စိတ်ဝင်စားဖွယ် ရေးသားနိုင်သူဖြစ်သလို အတ္ထုပ္ပတ္တိလည်း အရေးကောင်းသူ ဖြစ်ပါတယ်။ အမေမာရဲ့ ထင်ရှားတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သမ္မတ ဟိုချီမင်း၊ ပြည်သူချစ်သော အနုပညာရှင်များ၊ ရွှေမန်းတင်မောင်၊ ရွှေရိုး ဘကလေး ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး စာအုပ်တို့ဖြစ်ပါတယ်။ အဲဒီထဲက ပြည်သူချစ်သော အနုပညာရှင်များ၊ ရွှေမန်းတင်မောင်၊ ရွှေရိုး ဘကလေး၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး စာအုပ်တို့ဟာ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေဖြစ်သလို ထုတ်သလောက်လည်း ရောင်းမလောက် ဖြစ်ခဲ့ရပါတယ်။ အဓိက ကတော့ အမေမာရဲ့ အချိန်ယူ အပင်ပန်းခံခဲ့တဲ့ စုဆောင်းလေ့လာမှု၊ စေ့စပ်မှုတွေကြောင့် ဖြစ်ပါလိမ့်မယ်။ ဥပမာအားဖြင့် အနုပညာသည်တွေရဲ့ အကြောင်းကို တင်ပြတဲ့အခါ သူတို့ရဲ့ ဘဝကိုသာ ဖော်ပြတာမဟုတ်ဘဲ သူတို့ဖန်တီးခဲ့တဲ့ သီချင်းတွေ၊ ပြက်လုံးတွေ စတဲ့ သူတို့ရဲ့ အနုပညာတွေကို ဖော်ပြနိုင်တဲ့အတွက် အမေမာရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေဟာ နောက်လူတွေ လက်စွဲအဖြစ် ထားရမယ့် စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။ အမေမာ ရေးချင်ပေမယ့် မရေးဖြစ်ခဲ့တဲ့ အတ္ထုပ္ပတ္တိစာအုပ်ကတော့ တေးသံရှင် မာမာအေး ရဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။

အမေ လူထုဒေါ်အမာ အနေနဲ့ အနုပညာသည်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ရေးသားတဲ့အခါ ကာယကံရှင် သက်ရှိထင်ရှားရှိခဲ့ရင် ကိုယ်တိုင် တွေ့ဆုံမေးမြန်းတာတွေ ပြုလုပ်သလို ကွယ်လွန်ပြီးဖြစ်ခဲ့မယ်ဆိုရင် သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်း၊ သူတို့ကို သိမီလိုက်သူ၊ အတူတူ လုပ်ဖူးသူများကနေ ပွဲကြည့်ဖူးသူတွေအထိ လိုက်လံ မေးမြန်းပြီး ရတဲ့ အချက်အလက်မှန်သမျှကို စုဆောင်းပါတယ်။ ဒါကြောင့် သာမန် အတ္ထုပ္ပတ္တိ စာအုပ်ထက် ထူးခြားတဲ့ စာအုပ်တွေ ဖြစ်နေတာပါ။

ဇာတ်ညွှန်းနဲ့ ကဗျာရေး တေးရေး စာရေးဆရာ ဆရာဟန်က အမေမာကို တေးထပ်တစ်ပုဒ် ရေးဖွဲ့ပြီး ဂုဏ်ပြုဖူးပါတယ်။ ရှေးက ထင်ရှားခဲ့တဲ့ အနုပညာသည်တွေရဲ့ အတ္ထုပ္ပတ္တိကို ပြန်လည်ဖော်ထုတ် မှတ်တမ်းတင် ပေးတဲ့အတွက် အမေမာရဲ့ ရှေ့မှာတင် တထိုင်တည်း ရေးပြီးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီတေးထပ်ကို စာရေးဆရာမကြီး စောမုံညင်းရဲ့ ‘ဗမာ့အမျိုးသမီး’ စာအုပ်မှာ ဖော်ပြထားပါတယ်။

ဒေါ်အမာ စာပြုလို့
စာရှုတို့ ကံကော်
ပမာမှု အံမချော်အောင်
ကြံသနော် အမြင့်ဆုံး။
ေºကွကျပြီး သောက်ရှူးကြယ်တွေ
တောက်မြူးဘွယ် ထုံးပြု သီကုံး
အောင်ဗလ ဖိုးစိန် ည‡ိုးမမှိန် စိန်ကတုံး
မျိုးဂုဏ်သိမ် တိမ်မဖုံးစေဖို့
တချိန်လုံး လင်းကာ
သုခုမာ ဥဒည်စွန်းရယ်က လနေဝန်း ထွက်ပြူကြရာ
လူထု၏ ဒေါ်အမာ မျှော်ကာနေဆဲမှ
ကြေကွဲစရာ့ အခါခါ အလီလီ
လွမ်းတ ဖြေမဆည်
ဦးရွှေရိုး အာဇာနည်ကို
ကမ္ဘာတည် ဂုဏ်ပြုပြန်ရတယ်လေး။ ။

တကယ်တော့ အမေမာဟာ တစ်ဦးတစ်ယောက်တည်းက ဂုဏ်ပြုတာထက် အများက ဂုဏ်ပြုသင့်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ပြည်သူချစ်သော အနုပညာသည်များ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့တဲ့ အမေမာ ကိုယ်တိုင်က ပြည်သူချစ်တဲ့ စာပေအနုပညာရှင် တစ်ဦးဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ။

ထိန်လင်း (၇၊ ၄၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဧပြီလ ၁ဝ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts